Friday, May 20, 2016

ဝ ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်နှင့် အနာဂတ်


ရှမ်းပြည်နယ်နှင့် NLD ဦးဆောင်တဲ့ အစိုးရအတွက် ခေါင်းခဲစရာတွေ
 ရေးသူ - ပေါကန်နမ်   

“၀” ပြည်သွေးစည်းညီညွတ်ရေး ပါတီ/ “၀” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSP/ UWSA) ထိန်းချုပ်ရာ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်အရ အထူးဒေသ ပန်ဆမ်းမြို့မှာ (၂၀၁၆) ခုနှစ် မတ်လ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ သုံးရက်တိုင်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများခေါင်းဆောင်တွေရဲ့ အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေကတော့ ကချင် လွတ်မြောက်ရေး အဖွဲ့/  ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ၊ ပလောာင် လွတ်မြောက်ရေးတပ်ဦး / တလောင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင် အခြေစိုက် ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့် တပ်မတော် (ULA/AA) နှင့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (မိုင်းလား) (NDAA) တို့ ဖြစ်ကြပါတယ်။


UWSA က ဦးဆောင်ပြုလုပ်တဲ့ အဲဒီ အစည်းအဝေးတွင် (၂၀၁၅) အောက်တိုဘာလက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်မှာ လက်မှတ် မထိုးခဲ့ကြတဲ့ အဖွဲ့တွေအနေနှင့် အနာဂတ် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) တို့ ကိစ္စကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။ ရှမ်းပြည်တပ်မတော်ကို ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-South) လို့လဲ သိကြပါတယ်။

ဒီနှစ်ဖွဲ့အကြားတိုက်ပွဲတွေဟာ (၂၀၁၅) နိုဝင်ဘာလ (၂၇) ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး တရုတ် နယ်စပ် အနီးက  နမ်းဆမ်နှင့် မန်တောင် မြို့နယ်တွေမှာ ဖြစ်ပျက်ခဲ့တာပါ။ တအောင်းဘက်က ပြောပြတာက သူတို့ ထိန်းချုပ်ရာ နယ်မြေတွေ ဖြစ်တဲ့  ကျောက်မီ၊ နမ်းဆမ်၊ မန်တောင်နှင့် နမ်းခမ်းမြို့တွေကို ရှမ်းပြည် တပ်မတော် (တောင်းပိုင်း) တပ်သားတွေက ခွင့်ပြုချက်မရှိဘဲ ဖြတ်သွားတာကြောင့် စတင် ဖြစ်ပွားရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒါကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က လက်မခံပါဘူး။

အဓိက ဆွေးနွေးတဲ့ အကြောင်းအရာဟာ အသစ်တက်လာမယ့် အစိုးရသစ်နှင့် ဘယ်လို လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြမယ် လို့ ဆိုပေမယ့် တကယ့်တကယ်မှာတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ UWSA ၏ အခန်းကဏ္ဍာကို မြှင့်တင်ဖို့ လုပ်လာတာကတော့ နည်းနည်း သံသယဖြစ်စရာ ကောင်းပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေက UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ တိုင်းရင်းသား နိုင်ငံရေးမှာ ခပ်ကင်းကင်း နေခဲ့ပါတယ်။ သူတို့ဟာ အစိုးရနှင့် အပစ်အခပ်ရပ်စဲရေး သဘောတူညီချက် ရရှိထားတာကို ကျေနပ်အားရ တယ်ဆိုပြီး အမြဲတမ်းလိုလို ပြောဆိုပါတယ်။ နောက်ပိုင်းမှာတော့ တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေး သဘောတူညီချက် NCA ကို လက်မှတ်မထိုးရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အာမခံချက် မပေးနိုင်ဘူးလို့ အစိုးရဘက်က ပြောဆိုလာခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး UWSA ရဲ့ ခေါင်းဆောင်တဦးက -

“ကျွန်တော်တို့ NCA ကို လက်မှတ် မထိုးဘူးလို့ ထုတ်ပြန်ကြေချက် ထုတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့ (၂၅) နှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့အကြား ဘာတိုက်ပွဲမှ မရှိခဲ့ဘူး။ ကျွန်တော်တို့ဒေသ ငြိမ်းချမ်းနေတယ်။ (NCA) လက်မှတ်ထိုးလဲ ဘာမှ မထူးပါဘူး” ဟု ဆိုပါတယ်။

ဒါပေမယ့် လွန်ခဲ့နှစ်နှစ် ကျော်ကာလက တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုကြီး တခု ဖြစ်တဲ့ ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ (UNFC) အတွင်းမှာ အကွဲအပြဲတွေ ပေါ်လာတာ၊ (၂၀၁၆) ဇန်န၀ါရီလမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာတာ၊ အစိုးရသစ် တက်လာတာတွေကြောင့် UWSA ဟာ သူ့အနေအထားကို ပြန်လည် ချိန်ညှိဖို့ ကြိုးစားလာပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ သေချာသလောက်ရှိတဲ့ တိုင်းရင်းသားအဖွဲ့အးတွေ အကြားမှာ သူ့ရဲ့ အခန်းကဏ္ဍာကို မြှင့်တင်ဖို့ ကြိုးစားလာပါတယ်။

နောက်ခံ အကြောင်းအရင်း

“၀” ခေါင်းဆောင် ပေါက်ယူချန်း ဦးဆောင်တဲ့ UWSA ဟာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ် တည်ရှိရာ ပန်ဆမ်း ဌာနချုပ်ကနေ တရုတ်နယ်စပ် တလျှောက်၊ ထိုင်း၊ မြန်မာ နယ်စပ် မုန်းဆပ်မှ မုန်းယွန်အထိ “၀” တောင်တန်း နယ်တွေကို ထိန်းချုပ် ထားပါတယ်။ တောင်ပိုင်း ကွပ်ကဲရေးဌာန (၁၇၁) စစ်ဒေသကို “၀” ခေါင်းဆောင် တဦး ဖြစ်တဲ့ ဝေရှောက်ခမ်းက ထိန်းချုပ်ပါတယ်။

UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ပြီး၊ ပြည်သူ့စစ် အပါအ၀င်၊ လက်နက် အပြည့်အစုံတတ်ဆင်ထားတဲ့ စစ်သားအင်အား (၂၅၀၀၀) ကနေ (၃၀၀၀၀) အထိ ရှိပါတယ်။ (၂၀၀၇) ခုနောက်ပိုင်းက အကြီးမားဆုံး ပြန်လည်ဖွဲ့စည်းမှုတွေ ပြုလုပ်ခဲ့ပြီးတော့ တပ်မ (၉) ခု ထိ ထား ရှိလာပါတယ်။ မြောက်ပိုင်း စစ်ဒေသ၊ တောင်ပိုင်း စစ်ဒေသဆိုပြီး နှစ်ပိုင်း ခွဲလိုက်ပါတယ်။ အဲဒီ နှစ်ခုရဲ့ အလယ်မှာတော့ မြန်မာ့ တပ်မတော်က နေရာယူထားပါတယ်။ မြောက်ပိုင်းစစ်ဒေသမှာ အမြောက်တပ်ရင်းတခုနှင့် ဗဟိုဌာနချုပ် လုံခြုံရေးတပ်ဖွဲ့တွေလဲ ရှိပါတယ်။

UWSA ဟာ သူရဲ့ မူးယစ်ဆေးဝါး ရောင်းချတာက ရရှိတဲ့ ငွေတွေကို လောင်းကစားရုံး လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ ဖျော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ့ပါတယ်။ နောက်ပြီး အထွေထွေကူးသန်းရောင်းရေး လုပ်ငန်း၊ အထည်လုပ်ငန်းတွေ၊ လျှပ်စစ်ဝါယာကြိုးတွေ၊ လျှပ်စစ်ပစ္စည်းတွ ထုတ်လုပ်တဲ့ လုပ်ငန်း၊ စိုက်ပျိုးရေး၊ သားငါးမွေးမြူရေး၊ ကျောက်မျက်ရတနာတူးဖော်ရေးနှင့် အဝေးပြေးလမ်း ဆောက်လုပ်ရေးတွေမှာလည်း ရင်းနှီးမြှုပ်နှံ့ လာပါတယ်။ မြန်မာ့နိုင်ငံအရေးနှင့် ပတ်သက်ပြီး စာအုပ်တွေ ရေးသားနေတဲ့ စာရေးဆရာ ဘာတင့်လင်တာက - ဟောင်ကောင် အခြေစိုက် အပတ်စဉ် စာစောင်ဖြစ်တဲ့ Far Eastern Economic Review သတင်းစာမှာ (၂၀၀၀) ခုနှစ် ဇန်န၀ါရီလထုတ် (UWSA) တပ်ဖွဲ့ဝင် (၂၀၀) လောက်ဟာ အိန္ဒိယနိုင်ငံ မဏိပါ၊ မိုရာနဲ့ ကပ်လျက်ရှိတဲ့ တမူးမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်မယူရသေးတဲ့ ကူးသန်းရောင်းဝယ်ရေး ရုံးတခု ဖွင့်လှစ်ဖို့ ဖြစ်တယ် လို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် UWSA ဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းတွေ အပြင် အကျိုးအမြတ်များတဲ့ တရားမ၀င် လက်နက်ရောင်းဝယ်ရေးကို ကျယ်ကျယ်ပြန့် ဆောင်ရွက်လာတယ်လို့ ဆိုပါတယ်။ အရေးပါဆုံး အချက်က UWSA ဟာ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက်သာမကဘဲ အိန္ဒိယ အရှေ့မြောက်ပိုင်းက သူပုန်အဖွဲ့တို့အတွက်ပါ လက်နက်ဖြန့်ဖြူး ရောင်းချတဲ့ ရင်းမြစ်တခုလို့ ယူဆကြပါတယ်။

(၂၀၀၅) ခုနှစ်က UWSA ဟာ တိုက်ခိုက်ရေး ရိုင်ဖယ်နှင့် အပေါ့စား စက်သေနတ်တွေ ထုတ်လုပ်တဲ့ ကိုယ်ပိုင် စက်ရုံတခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီစက်ရုံကနေ တရုတ်လုပ်တွေနဲ့ ပုံစံတူ M-22 တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေ၊ M-23 အပေါ့စား စက်သေနတ်တွေ အပြင်၊ နှစ်မျိုးလုံးမှာ သုံးလို့ရတဲ့ (၇.၆၂) မမ ကျည်တွေ ထုတ်လုပ်လာနိုင်ပါတယ်။ တရုတ်က လက်နက် ကျွမ်းကျင်သူတွေရဲ့ နည်းပညာ အကူအညီနဲ့ (၂၀၀၆) စက်တင်ဘာလမှာ စတင်လည်ပတ်လာခဲ့ပြီး အဲဒီ စက်ရုံဟာ ကွင်မမြို့မှာရှိတဲ့ UWSA ဥက္ကဋ္ဌ ပေါက်ယူချမ်းနေထိုင်တဲ့ ခြံဝင်းအတွင်းမှာ တည်ဆောက်ထားတာပါ။ အဲဒီနေရာဟာ တရုတ်နယ်စပ် ပန်ဆမ်း ဗဟိုဌာနချုပ် ကနေ မြောက်ဘက် (၁၂၅) ကီလိုမီတာ အကွာမှာ ရှိပါတယ်။

ဒါပေမယ့် ဘာတင့်လင်တာရဲ့ အပြောအရ၊ အဲဒီစက်ရုံနဲ့ ပတ်သက်လို့ တရုတ်အာဏာပိုင်တွေ အကြီးအကျယ် စိတ်ကသိကအောင့် ဖြစ်ခဲ့ရပြီး (၂၀၁၀) မှာ ကွင်မ လက်နက်စက်ရုံကို ဖျက်သိမ်းဖို့ UWSA ကို ညွှန်ကြားခဲ့ပါတယ်။ ခုအချိန်မှာ အစအန ဘာတခုမျှ မရှိတော့ ပါဘူး။ ဒါပေမယ့် တရုတ်လုပ် သေနတ်တွေဟာ မြန်မာပြည်နှင့် အရှေ့မြောက် အိန္ဒိယ နယ်တွေဆီကို ဆက်လက် ပျံ့နှံ့နေပါတယ်။ အဲလိုမှ မဟုတ်ရင် အဲဒီသေနတ်တွေကို ဘင်္ဂလားဒေ့ရှ်သို့ ပို့၊ အဲဒီကတဆင့် အိန္ဒိယနယ်စပ်၊ အာသံ၊ နာဂ၊ မဏိပါ သို့ မကြာခင်ကပဲ ခိုးသွင်းပြီးလောက်ပြီလို့ ဆိုပါတယ်။

အမေရိကန် အစိုးရက (UWSA) ကို နိုင်ငံခြားမူးယစ်ဆေးဝါး ကွင်းဆက် ဖော်ထုတ်ရေး အက်ဥပဒေအရ  မူးယစ်ဆေးဝါးအကြီးအကျယ် ရောင်းဝယ်ဖောက်ကားသူ ဖြစ်တယ်လို့ (၂၀၀၃) ခုနှစ်က သတ်မှတ်လိုက်ပါတယ်။ ငွေကြေးခ၀ါချမှုတွေနဲ့လည်း ပတ်သက်နေတယ်လို့ တရားဝင် စွပ်စွဲထားပါတယ်။

(၂၀၀၅) ခုနှစ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) က ထုတ်ပြန်တဲ့ စာရင်းမှာ “၀” ခေါင်းဆောင် (၈) ဦးကို ပါဝင်လာပါတယ်။ အဲဒီစာရင်းမှာ UWSA ဗဟိုကော်မတီ အထူးအကြံပေးနှင့် မကြာသေးခင်ကပဲ (၁၇၁) စစ်ဒေသမှူး ဖြစ်လာတဲ့ ဝေရှောက်ခမ်း၊ (UWSA) ကုန်သန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေး ၀န်ကြီး ဝေရှောက်လင်း၊ တောင်ပိုင်းစစ်ဒေသရဲ့ ဒုတပ်မှူးနှင့် (၁၇၁) စစ်ဒေသရဲ့ ကုန်သွယ်ရေး တာဝန်ခံ ဝေရှောက်ယင်း၊ စစ်ဦးစီးချုပ် ပေါက်ယူချမ်း၊ တောင်ပိုင်း စစ်ဒေသ နိုင်ငံရေးမှူး ပေါက်ယုယီ၊ မုန်းဖန်ဒေသ တပ်မမှူး ပေါကယူဟော (ကွန်လွန်)၊ မုန်းမော်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တပ်မမှူး ပေါက်ယုလန်း၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးအရာရှိ ပေါဟုချန်း တို့ဖြစ်ပါတယ်။

UWSA ဟာ မြန်မာပြည် ဘိန်းဖြူထုတ်လုပ်ရေးရဲ့ (၃၄) ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး တိုင်းပြည်ရဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၈၀) ရာခိုင်နှုန်းကို ကြီးကြပ်ကွပ်ကဲနေတယ်လို့ ခန့်မှန်းရပါတယ်။ UWSA နှင့် တချိန်က ဗကပ အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသက ထွက်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ အရှေ့မြောက် အိန္ဒိယပြည်နယ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။ လာအိုဈေးကွက်ကတော့ တဖြည်းဖြည်းတိုးလာနေပါတယ်။

(UWSA) လုပ်ကိုင်လာတဲ့ ကျောက်မျက်ရတနာနှင့် သံဖြူ ဒြပ်စင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာလဲ စောင့်ကြည့်ခံလာရပါတယ်။ The Global Witness က ထုတ်ဝေခဲ့တဲ့ “မြန်မာပြည်ရဲ့ အကြီးဆုံးသော နိုင်ငံတော် လျှို့ဝှက်” အစီအရင်ခံစာမှာ UWSA ရဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်နေမှုကို မီးမောင်း ထိုးပြထားပါတယ်။

(၁၉၉၀) ၀န်းကျင် ကတည်းက ကျောက်မျက်ရတနာ စီးပွားရေးလောကမှာ (UWSA/ UWSP) နှင့် ဆက်စပ်တဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ အရေးပါလာပါတယ်။ (၂၀၀၀) ခု နှစ်လယ်လောက်က အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှု စလုပ်လိုက်တာဟာ ကျောက်မျက်စီးပွားရေးမှာ ပါဝင်သူတွေရဲ့ အပြောင်းအလဲကို ဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမယ့် Global Witness ရဲ့ စုံစမ်းဖော်ထုတ်မှုတွေအရ ဝေရှောက်ခမ်းရဲ့ ကျောက်မျက်ရတနာ ကုမ္ပဏီနှင့် ဆက်စပ်တဲ့ ကုမ္ပဏီ (၅) ခုဟာ ရှေ့တန်းရောက်လာ ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ (၂၀၁၃) နှင့် (၂၀၁၄) ကျောက်မျက်ရတနာ ကုန်စည်ပြပွဲက ရောင်းရငွေဟာ အခွန်မဆောင်ရခင် အမေရိကန်ဒေါ်လာ သန်း (၁၀၀) ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

တချိန်တည်းမှာ UWSA ရဲ့ ဘဏ္ဍာတိုက်ထဲကို သံဖြူ ဒြပ်စင်တူးဖော်ရေးက ရတဲ့ငွေတွေဟာလဲ အောတိုက် စီးဝင်လာနေပါတယ်။ မကြာခင်က ထုတ်တဲ့ အစီအရင်ခံစာတခုအရဆိုရင် မြန်မာနိုင်ငံရဲ့ သံဖြူ ဒြပ်စင်တူးဖော် ထုတ်လုပ်ရေးဟာ (၅) နှစ်အတွင်း (၄၉၀၀) ရာခိုင်နှုန်းထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။

လေ့လာသုံးသပ်ချက်တွေအရ အဲလောက်များတဲ့ ပမာဏဟာ ယခင်ထုတ်လုပ်နေကြ ဒေသဖြစ်တဲ့ မြန်မာပြည်တောင်ပိုင်းဘက်က မဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်း “၀” အထူးဒေသ မန်မော် သတ္တုတွင်းကနေ အသစ်တူးဖော်ထွက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

UWSA ဟာ “၀” ပြည် ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတနိုင်ငံတခုလို သူ့ ကိုယ်ပိုင် နိုင်ငံခြားရေး ပေါ်လစီ၊ တရုတ်နိုင်ငံနှင့် တိုက်ရိုက် စီးပွားဆက်ဆံရေး သဘောတူညီချက်တွေနဲ့ စနစ်တကျ အုပ်ချုပ် လည်ပတ်ထားပါတယ်။ သံဖြူ ဒြပ်စင် လုပ်ငန်းတွေက ရရှိတဲ့ ၀င်ငွေတွေဟာ ဗဟို အစိုးရဆီကို မစီးဝင်ဘဲ “၀” အစိုးရ ဆီကို တိုက်ရိုက်စီးဝင်နေတယ်လို့ ယူဆရပါတယ်။

မူးယစ်ဆေးဝါး တခုတည်းကမဟုတ်ဘဲ၊ တရုတ်အားပေးထောက်ပံ့မှုတွေကြောင့် ဘဏ္ဍာငွေစီးဝင်ရာ ရင်းမြစ်တွေ တိုးလာနေတဲ့ UWSA ဟာ သူနှင့် မြန်မာ အကြားမှာ ရှိတဲ့ “၀” အထူးဒေသ (၂) ကို ကြားခံနေမြေအဖြစ် သတ်မှတ်ထားပါတယ်။ တချိန်က အထီးကျန် ဆန်ဆန်နေခဲ့တဲ့ UWSA ဟာ အခုအခါ တိုင်းပြည်အရေးမှာ သူ့ရဲ့အခန်းကဏ္ဍ ပိုပြီး အားကောင်းလာဖို့ ကြိုးပမ်းလာပါတယ်။ ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) ပါ၊ အပစ်အခတ်ရပ်စွဲရေး လက်မှတ်မထိုးကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (UNFC) ပါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်ဖို့ UWSA ကို ဆက်ဆံဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အနောက် - အရှေ့ အပြောင်းအလဲ

(၁၉၇၀) ကနေ (၂၀၁၁) အထိ ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတော် များများဟာ ထိုင်းနယ်စပ် အရှေ့ဘက်ခြမ်းမှာ အခြေစိုက်ခဲ့ကြပါတယ်။ တရုတ်နယ်စပ် တလျှောက်နှင့် ရှမ်းပြည်နယ် အလယ်ပိုင်းမှာ ရှိကြတဲ့ လက်နက်ကိုင်တပ် အများစုက မြန်မာ အစိုးရနှင့် အပစ်အခပ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြပါတယ်။ MNDAA၊ UWSA၊  အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ နှင့် KIO တို့ဟာ (၁၉၈၀) နောက်ပိုင်းနှင့် (၁၉၉၀) အစောပိုင်း ကာလတွေမှာ အစိုးရနှင့် လက်တွဲ အလုပ်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။ တချိန်က ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရင်းရင်းနှီးနှီး မဟာမိတ်လက်တွဲခဲ့ကြ၊ (KNU) ဗဟိုဌာနချုပ်၊ မာနယ်ပလောမှာလေ့ ရုံးခန်းဖွင့်လှစ်ခဲ့တဲ့ (KIO) ဟာ (၁၉၉၄) ခုနှစ်မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါဟာ (KNU) ခေါင်းဆောင်ပိုင်းတွေအတွက် နာကျည်းဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။

KIO နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက်မှာ KIO နှင့် UWSA အကြား ဆက်ဆံရေး တိုးမြှင့်လာ ပါတယ်။ အရင်တုန်းကတော့ UWSA ဟာ တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေနှင့် ဆက်နွယ်ဖို့ အမြဲတမ်း ငြင်းဆန်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားသွေးစည်းညီညွှတ်ရေးဆိုတာတဲ့ အပေါ်ယံစကားတွေကိုတော့ လက်ကိုင်ထားပါတယ်။

(၂၀၀၉) မတ်လမှာ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (MPDF)  ဆိုတဲ့ မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ စစ်ရေး မဟာမိတ်အဖွဲ့မှာ UWSA၊ MNDAA၊ NDAA နှင့် KIO တို့ ပါဝင်ပါတယ်။

(၂၀၀၉) ခုနှစ် သြဂုတ်လ နှောင်းပိုင်းက MNDAA ကို အစိုးရ ထိုးစစ်ဆင်လာတဲ့အခါ အဖွဲ့ဝင်တွေက ၀ိုင်းတိုက်ကြမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ MNDAA ခေါင်းဆောင် ဖုန်းကြားရှင်က ကျန်အဖွဲ့တို့ကို ကူညီဖို့ တိုက်တွန်းပေမယ့် ဘယ်အဖွဲ့အစည်းမှ မကူညီခဲ့ပါဘူး။ မြန်မာ စစ်တပ်က ချင်းရွှေဟော်ထိ ထိုးစစ်ဆင်လာတဲ့အချိန်မှာမှာ UWSA တပ်ဖွဲ့ (၄၀၀) (၅၀၀) လောက်ဟာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အတူ ကူညီတိုက်ခိုက် ပေးခဲ့ပါတယ်။

ဒီနေရာမှာ သတိပြုစရာတခုရှိပါတယ်။ ဒီလို ကူညီတိုက်ခိုက်ပေးရတဲ့ အကြောင်းအရင်းတခုက MNDAA အခြေစိုက်တဲ့ မြစ်တဘက်ကမ်း၊ နမ်တောက်မှာ ရှိတဲ့ UWSA ရဲ့ အခြေခံစစ်စခန်း လုံခြုံရေးအတွက် ဖြစ်ဖို့များပါတယ်။ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂၀၀၉) သြဂုတ်လ (၂၉) ရက်နေ့မှာတော့ UWSA တပ်ဖွဲ့တွေဟာ သူတို့ကိုယ်ပိုင် တပ်စခန်းတွေကို ကာကွယ်ဖို့ မြစ်ကို ဖြတ်ပြီး နောက်ဆုတ် သွားခဲ့ပါတယ်။ MNDAA အခြေစစ်စခန်းလဲ မကြာခင် အစိုးရစစ်တပ် လက်အောက် ကျသွားပါတယ်။ UWSA တပ်ဖွဲ့တွေနှင့် အစိုးရတပ်တွေအကြား အသေးစားတိုက်ခိုက်ပွဲတွေလောက်သာ ဖြစ်ခဲ့တာပါ။ မဟာမိတ် ကိုးကန့်တပ်တွေကို လောက်လောက်ငင UWSA က အကူအညီ မပေးခဲ့ပါဘူး။

UWSA အနေနှင့် ခုလို အကူအညီမပေးတာဟာ တရုတ်ဖိအားကြောင့်လား၊ ဒါမှမဟုတ် စစ်အစိုးရနှင့် အလွမ်းသင့်တဲ့ ကိုးကန့်ခေါင်း ဆောင်တွေကြောင့်လား ဆိုတာကို သုံးသပ်ကြတာတွေလဲ ရှိခဲ့ပါတယ်။ UWSA အနေနှင့် MNDAA ကို အကူအညီမပေးခဲ့ပေမယ့် (NCA) လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်မထိုးကြသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေက UWSA ကို နည်းလမ်းတခုအနေနဲ့ စဉ်းစားနေကြဆဲပါ။

ဒါဟာ လွန်ခဲ့တဲ့ (၃) နှစ်တာကာအတွင်း UNFC တပ်ပေါင်းစုရဲ့ ပေါ်လစီရေးရာကို ဦးဆောင်ဦးရွက် လုပ်ခဲ့တဲ့၊ KIO ရဲ့ သြဇာအရှိန်အ၀ါနှင့် အဓိက သက်ဆိုင်ပါတယ်။ (၂၀၁၄) သြဂုတ်လ (၃၁) ရက်နေ့က မဟာမိတ်တပ်ပေါင်းစု UNFC ရဲ့ ပထမအကြိမ် ညီလာခံမှာ KNU ကိုယ်စားလှယ်အဖွဲ့က ဆန့်ကျင် ကန့်ကွက်တာကြောင့် UNFC ဟာ အလှုပ်အခပ်တွေ ဖြစ်ခဲ့ပါတယ်။ KNU အဖွဲ့က UNFC မှာ လက်ရှိ လည်ပတ်နေတဲ့၊ (KIO) ကပဲ ဦးဆောင်မှု ရယူထားတဲ့ ထက်အောက်အုပ်ချုပ်လည်ပတ်တဲ့ စနစ်အစား အလည်ကျ ခေါင်းဆောင်မှု ရယူဖို့ အကြံပြုထားတဲ့ (၁၀) မျက်နှာပါ အဆိုပြုချက်တခုကို တင်ခဲ့ပါတယ်။ ဒါကို နည်းနည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပေမယ့် KIO ဦးရဲ့ အန်ဘန်လ ဦးဆောင်တဲ့ ညီလာခံက ပယ်ချလိုက်ပါတယ်။ အကျိုးဆက်ကတော့ KNU ဟာ တပ်ပေါင်းစုထဲကနေ သူရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒါဟာ KNU ခေါင်းဆောင်တွေအကြားမှာလဲ အက်ကြောင်းတွေ ဖြစ်စေခဲ့ပါတယ်။ ပြောစရာမလိုဘဲ သိနေကြတာတခုက UNFC က ထွက်သွားတဲ့ KNU ရဲ့ အပေးအယူလုပ်နိုင်တဲ့ အင်အားကို UWSA နဲ့ အစားထိုးဖို့ KIO က ကြိုးပမ်းလာခဲ့တာပါ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်

(၂၀၁၅) မတ်လ (၃၁) ရက်နေ့က တနိုင်ငံလုံး အပ်အခတ်ရပ်စဲရေး (NCA) မူကြမ်းကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (NCCT) နှင့် ဦးသိန်းစိန်အစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှင်းစရာ ကိစ္စတွေက အများကြီး ကျန်နေပါသေးတယ်။

နှစ်ဖက်စလုံးက ဒီလိုလက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်တခုအဖြစ် လက်ခံကြပေမယ့်၊ NCA မူကြမ်းအပေါ် သဘောတူ လက်မှတ်ရေးထိုးတာဟာ ပထမဆုံးခြေလှမ်းတခုလို့သာ မြင်ကြပါတယ်။ အစိုးရကတော့ မူကြမ်းကို လက်ခံကြောင်း ပြလိုက်ပါပြီ။

တိုင်းရင်းသားအုပ်စုတွေကတော့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဆွေးနွေးညှိနှိုင်းကြဖို့ အစည်းအဝေး တရပ်ခေါ်ယူဖို့ လိုလာပါတယ်။ အဲဒီ အစည်းအဝေးကို KNU ထိန်းချုပ်ရာဒေသမှာ မကျင်းပဘဲ UWSA ရဲ့ ပန်ဆမ်းဌာနချုပ်မှာ ကျင်းပဖို့ KIO က UWSA ကို နားချနိုင်ခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အစည်းအဝေး တရပ်ကို (၂၀၁၅) မေလ (၁) ရက်နေ့ကနေ (၆) ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ အဖွဲ့ (၁၂) ဖွဲ့မှ ခေါင်းဆောင်တွေနှင့် လေ့လာသူ စုစုပေါင်း (၆၅) ယောက် တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်ခဲ့တဲ့ အဖွဲ့တွေကတော့ ရက္ခိုင့်တပ်မတော်၊ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော်၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီတိုးတက်ရေးပါတီ၊ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု၊ မွန်ပြည်သစ်ပါတီ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး ပါတီတို့  ဖြစ်ပါတယ်။

ဒီနေရာမှာ အံ့သြဖို့ ကောင်းတာတခုက (NCCT) အဖွဲ့ဝင် (၁၆) ဖွဲ့ထဲက (၉) ဖွဲ့သာ ဖိတ်ကြားခြင်း ခံခဲ့ရတာပါပဲ။ အစိုးရကို ဒေါသထွက် ဖြစ်စေခဲ့တဲ့ ပလောင်၊ ကိုးကန့်နှင့် ရက္ခိုင့်တပ်မတော်တို့တောင် ဖိတ်ကြားခံရချိန်မှာ ချင်းအမျိုးသားတပ်ဦး (CNF) လို အဖွဲ့တွေကို ချန်ထားခဲ့တာဟာ အမြဲတမ်းပြောပြောနေတဲ့ ညီညွှတ်ရေး စိတ်ဓာတ်အပေါ် စနိုးစနောင့် ဖြစ်ရတာတော့ အမှန်ပါပဲ။

အစည်းအဝေးမှာ (UWSA) ဥက္ကဋ္ဌ ပေါက်ယူချန်းရဲ့ ကိုယ်စား ထုတ်ပြန်ကြေညာချက်ကို ဖတ်ပြခဲ့တဲ့ (UWSA) ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က -

“ကျွန်တော်တို့ဟာ ဒီအစည်းအဝေးကို (မြန်မာစစ်တပ်နှင့်) တိုက်ပွဲတွေ ဖြစ်နေတဲ့ ညီနောင်လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖိတ်တာပါ။  ကျွန်တော်တို့ဟာ လျှာနဲ့ သွားလိုပါပဲ။ ခွဲလို့ မရနိုင်ပါဘူး။” လို့ ဆိုပါတယ်။
ညီလာခံပြီးတဲ့အခါ ရပ်တည်ချက် ကြေညာစာတမ်းတစောင် ထုတ်ပြန်ပါတယ်။။ အဲဒီကြေညာချက်မှာ -

၁။ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ အဖြေရှာရေး။
၂။ NCA သဘောတူညီချက်အား လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက် အဖွဲ့အားလုံး ပါဝင်ရေး။
၃။ ကချင်၊ ပလောင်၊ ကိုးကန့်နှင့် ရခိုင်ဒေသတွေမှာ အစိုးရရဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးရေး။
၎။ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ရပ်တန့်ရေး။
၅။ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြံကမ္မာကိုယ် ဖန်တီးခွင့်ရဖို့ အာမခံချက်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ကို ပြန်လည် ပြင်ဆင်ရေး။
၆။ ပြည်ထောင်စုမှ ခွဲမထွက်ရေး။
၇။ မြန်မာပြည်မြောက်ဘက်တွင် ဖြစ်ပွားနေတဲ့ စစ်မက်ဖြစ်ပွားနေမှုတွေကို ရပ်တန့်ရေးနှင့် NCA လက်မှတ်ရေးထိုးတဲ့အခါ ကမ္ဘာ့ ကုလသမဂ္ဂနှင့် တရုတ်တို့ ပါဝင်ရေး။
၈။ တနိုင်ငံလုံး နိုင်ငံရေး ဆွေးနွေးပွဲ ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာ့တပ်မတော်၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တွေ၊ လူပုဂ္ဂိုလ်တွေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ  ပါဝင်ရေး။
၉။ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စိတ်ဓာတ် ရှင်သန်ရေး။
၁၀။ အစိုးရနှင့် ညှိနှိုင်းဆွဲနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုအဖွဲ့ ဖွဲ့စည်းရေး။
၁၁။ အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အများစုက “၀” ကတောင်းဆိုတဲ့ ပြည်နယ်အဆင့် သတ်မှတ်ရေးကို နားလည်ထောက်ခံကြကြောင်း နှင့်
၁၂။ အစည်းအဝေးမှာ သဘောတူထားကြတဲ့ အချက်တွေကို နောက်ထပ် ဆွေးနွေး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ နောက် အစည်းအဝေးတွေကို UWSA က လက်ခံကျင်းပရေး။
တို့ ဖြစ်ပါတယ်။

နံပါတ် (၁၁) ဟာ ရှမ်းပြည်နယ်က ဖဲ့ထုတ်ပြီး “၀” ပြည်နယ် ထူထောင်ရေး ဖြစ်တာကြောင့် RCSS အတွက် မလိုလား လက်မခံစရာ၊ အငြင်းပွားစရာတခု ပါ။ (UWSA ရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်တဲ့ SSPP ကတော့ “၀” ရဲ့ မခံမရပ်နိုင် ဖြစ်နေမှု အပေါ် နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်)။ ဒါပေမယ့် UNFC ရဲ့ ထောက်ခံအားပေးမှုနှင့် အတူ UWSA ရဲ့ တောင်းဆိုချက်ဟာ အားကောင်းလာပြီး၊ RCSS နှင့် ဆက်စပ်တဲ့ UNFC ရဲ့ အနေအထားဟာလည်း တဖြည်းဖြည်း အားပျော့လာခဲ့ပါတယ်။ ဒီအချက်ဟာ နိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ဖြစ်စေတဲ့ အဓိက အချက်ဆိုတာ ရှင်းပါတယ်။ ခုအချိန်မှာ KIO က ဦးဆောင်ပြီး၊ UWSA က အားပေးအားမြောက် လုပ်ပါတယ်။ သူတို့နှစ်ဖွဲ့ ရည်ရွယ်ချက်က တခြားသော လက်နက်ကိုင် အင်အားစုတွေကို ရှင်းထုတ်ဖယ်ထုတ်ရေး ဖြစ်ပါတယ်။

(၂၀၁၅) အောက်တိုဘာ (၁၅) ရက်နေ့မှာ KNU၊ RCSS အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ NCA လက်မှတ်ရေးထိုးပွဲ ပြီးလို့ သိပ်မကြာခင်မှာပဲ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတခုကို နိုဝင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့ထိ ပန်ဆမ်းမှာ ကျင်းပပါတယ်။

တက်ရောက်တဲ့ အဖွဲ့တွေ့ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော်၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ တအောင်း လွတ်မြောက်ရေး တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ မွန်ပြည်သစ်ပါတီ။ ကရင်နီတိုးတက်ရေးပါတီ၊ ရက္ခိုင့်တပ်မတော်၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့၊ ကယန်းပြည်သစ်ပါတီနှင့် “၀” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်တို့ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ထူးခြားတာတခုကတော့ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) အမည်နှင့် ကရင်ခေါင်းဆောင်တွေ ဖြစ်တဲ့ နော်စီဖိုးရာစိန်၊ ဒေးဗစ် သာကဘောတို့ တက်ရောက်လာတာ ပဲဖြစ်ပါတယ်။ KNU ရဲ့ ကျေးရွာ ကာကွယ်ရေး အဖွဲ့သာသာ ရှိတဲ့၊ နိုင်ငံရေး လုပ်ပိုင်ခွင့် ဘာမှ မရှိတဲ့ အဖွဲ့အစည်း နာမည်နှင့် အစည်းအဝေး တက်လာတာဟာ အခင်းအကျင်းသစ် အပြောင်းအလဲတခုဆီ ဦးတည်နေပြီဆိုတာ ရှင်းသွားပါတယ်။

ရှမ်းပြည်နယ်နှင့် နယ်ချင်း ထိစပ်နေတဲ့ ကရင်နီတိုးတက်ရေးပါတီကို ကို အစည်းအဝေးတက်ဖို့ ရွေးချယ်ခဲ့တာနှင့် ပတ်သက်လို့ မအံ့သြပေမယ့် မွန်ပြည်သစ်ပါတီက KIO နှင့် UWSA တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ကြိုက်သလို ဆုံးဖြတ်ခွင့်ပေးလိုက်တာကတော့ အတိုင်းအတာတခုထိ ထူးခြားနေပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်ကတော့ ယခင်ကထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်တွေလိုပါပဲ။ ဒါပေမယ့် နံပါတ် (၅) အချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဘယ်နိုင်ငံရဲ့ လမ်းညွှန်ချက်ကို ယူနေတယ်ဆိုတာ ထင်ရှားလာပါတယ်။ တက်ရောက်တဲ့သူတွေ တိုက်တွန်းထားတာက -

“မြန်မာပြည်မြောက်ဘက်နှင့် အရှေ့ဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိက္ခတွေကို အဖြေရှာဖို့အတွက် အစိုးရ၊ တပ်မတော်၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနှင့် တရုတ်စစ်ဘက်တာဝန်ခံက တွေ့ဆုံညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပြီး  ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ညှိနှိုင်းဖြေရှင်းမှ တရုတ် - မြန်မာ နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ရရှိ စေမယ်” လို့ တိုက်တွန်ထား ပါတယ်။

မျှော်လင့်ထားသလိုပါပဲ၊ UWSA ရဲ့ တရုတ်အပေါ် မှီခိုနေရမှုနှင့် UNFC ရဲ့ KIO အပေါ် မှီခိုနေရတာတွေကို ထောက်ရှုပြီး တရုတ် ဟာ အနာဂတ် ပေါ်လစီဆုံးဖြတ်ချက်တွေ ချတဲ့အခါ သူရဲ့ နယ်စပ်တလျှောက်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေကိုသာမက၊ တရုတ်နဲ့  အဝေးကြီး ဝေးတဲ့ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်အထိ လွှမ်းမိုးလာတော့မှာပါ။

တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် သူ့နယ်စပ်လုံခြုံရေးကြောင့် ပါဝင်သင့်တယ်ဆိုတာကို နားလည်လို့ ရပါတယ်။ ဒါပေမယ့် UWSA က တရုတ်နယ်စပ်နှင့် ဘာမှ မဆိုင်တဲ့၊ လက်မှတ်မထိုးကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ အနာဂတ်ပေါ်လစီ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ၊ လွှမ်းမိုးဖို့ တဖြည်းဖြည်း ကြိုးစားလာတာကတော့ စိုးရိမ်စရာ ကောင်းပါတယ်။ UWSA က လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်နေရာကို လိုချင်တာပါ။ နောက်စိုးရိမ်စရာတခုက အရှေ့ဘက်ခြမ်းမှာ အခြေစိုက်တဲ့ လက်နက်ကိုင် အင်အားစုတွေ မကြာခင်ကပဲ လုပ်ခဲ့တဲ အစည်းအဝေးပါ။ (၂၀၁၆) က မတ်မှာ လုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဝေးမှာ UWSA ဟာ လက်နက်ကိုင် တော်လှန်ရေးရဲ့ ခေါင်းဆောင်မှုသစ်ကို ရယူခဲ့ပါတယ်။
ဆွေးနွေးပွဲ အပြီးမှာတော့ အောက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ အစည်းဝေးတရပ်ကို (၂၀၁၆) မတ်လ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့ အထိ ပန်ဆမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။ UWSP/UWSA၊ KIO/KIA၊  SSPP/SSA၊ PSLF/TNLA၊ MNDAA၊ ULA/AA၊ NDAA တို့မှ ကိုယ်စားလှယ် စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါတယ်။အစည်းအဝေး တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက မျက်မှောက်ပြည်တွင်း နိုင်ငံရေး အခြေအနေနှင့် ပတ်သက်လို့ ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အောက်ပါ သဘောတူညီချက်ကို ရရှိခဲ့ပါတယ်။

၁။ ပြီးခဲ့တဲ့ ပန်ဆမ်းထိပ်သီး အစည်းအဝေး (၂) ကြိမ်ရဲ့ သဘောတူညီချက်နှင့် အညီ အားလုံးက အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြတယ်။ အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေး ဆွေးနွေးဖို့ သဘောတူညီချက် ရရှိကြတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အတွက် အချက်လက်ကောင်းတွေ ဖန်တီးသွားဖို့ သဘောတူကြတယ်။

၂။ အစည်းအဝေးမှာ ရှမ်းပြည်ပိုင်းက RCSS နှင့် TNLA ဖြစ်နေတဲ့ ပဋိပက္ခနှင့် ပတ်သက်လို့ ညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း တောင်းဆိုကြပါတယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနှင့် ပြဿနာတွေကို ဖြေရှင်းသွားဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ တဖက်က ပဋိပက္ခဖြစ်ပွားအောင် ဆက်ပြီး ဆောင်ရွက်နေမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တားဆီး ကာကွယ်သွားမယ်လို့ သဘောတူကြပါတယ်။ တချိန်တည်းမှာ အဲဒီဒေသကို ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်းက ထိုးစစ်ဆင် လှုပ်ရှား တိုက်ခိုက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုလိုပါတယ်။

နံပါတ် (၂) အချက်ကတော့ RCSS ကို တိုက်ရိုက်ခြိမ်းခြောက်ထားတာ ဖြစ်ပြီး စိုးရိမ်စရာ အထူးကောင်းပါတယ်။ NDAA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကြည်မြင့်ရဲ့ အစည်းအဝေးအပြီး ပြောပြတာကတော့ -
“ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဟာ တဦးထိန်းချုပ်ထားတဲ့ နယ်မြေကို သူတို့ (ကျူးကျော်လာသူ) က ဆက်ပြီးတိုက်နေမယ်ဆိုရင် လက်တွဲပြီး အရေးယူ ဆောင်ရွက်သွားမှာပါ။” လို့ ဆိုပါတယ်။

ပလောင်ဘက်က ပြောတာကတော့ RCSS ဟာ NCA လက်မှတ်ထိုးပြီးတဲ့နောက် တိုင်းရင်းသားအချင်းချင်း အကြား ပဋိပက္ခတွေ ဖြစ်လာတယ်လို့ အပြစ်ဆိုပါတယ်။

ပလောင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတွေကတော့ NCA လက်မှတ် ထိုးပြီးတာနှင့် စ တာပါ။ RCSS လက်မှတ်ရေးထိုးတာကို အားသာချက်တခုလို့ မှတ်ယူပြီးတော့ သူထိန်းချုပ်ရာ နယ်မြေ ပိုပြီး ကျယ်ပြန်ဖို့ အခြားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ခိုက်လာတယ်လို့ ပလောင်ဘက်က စွပ်စွဲပါတယ်။

RCSS နှင့် UWSA အကြားမှာလဲ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းလည်းရှိ ခဲ့ပါတယ်။ (၂၀၀၂) ခုနှစ်က မြန်မာစစ်တပ် အကူအညီနှင့် UWSA ဟာ ရှမ်းပြည်တေင်ပိုင်း တပ်မတော် (SSA-S) ကို ထိုးစစ်ဆင်ခဲ့ပါတယ်။ (၂၀၀၅) ဧပြီလမှာ ထိုင်းနိုင်ငံ မေဟောင်ဆောင်နှင့် ကပ်နေတဲ့၊ ရှမ်းပြည်နယ် မြောက်ဘက် မုန်တင်ဒေသမှာ UWSA နှင့် RCSS အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အစီအရင်ခံစာ တခု အဆိုအရ -
တိုက်ပွဲ အစပိုင်းမှာ SSA-S က တပ်သား (၃) ဦး ကျဆုံးပြီး (၂၁) ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ “၀” ဘက်ကတော့ (၁၂၅) ဦး ကျဆုံးပြီး (၁၈၅) ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ထိုင်း မီဒီယာတခုမှာ SSA ခေါင်းဆောင် ရွက်ဆစ် ပြောတာကတော့ -
“၀” ဘက်က ကိုယ်စားလှယ်တွေ လိုချင်တာက ရန်ကုန် အစိုးရ အလိုကျ “အရင်တိုက်၊ နောက်မှ ဆွေးနွေး” ဆိုတာကို ချင်းရိုင်၊ မယ်ဆိုင်မှာ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အရှင်းဆုံး ပြလိုက်တာပါပဲ လို့ ဆိုပါတယ်။

အဲဒီအစီအရင်ခံစာမှပဲ မြန်မာစစ်တပ်က UWSA ကို အထောက်အပံ့ပေးတယ်လို့ ဆိုထား ပါတယ်။ အစီအရင်ခံစာမှာ -

လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ မြန်မာတပ်မတော်က တပ်သားတွေဟာ ၀ တပ်ဖွဲ့ကို အားဖြည့်ဖို့ ကန်တင်းကနေ ဘန်မိုင်လန် အထိ ချီတက်သွားခဲ့တယ်လို့ ဆိုထားပါတယ်။

(၂၀၀၅) ခု ဧပြီလ နှောင်းပိုင်းမှာပဲ UWSA ဘက်က (၇၀၀) ကျဆုံးပြီး တပ်ပြေး အရေအတွက်လည်း တိုးလာခဲ့ပါတယ်၊ တဘက် (SSA – S) ဘက်ကလည်း (၇၃) ယောက် ကျဆုံးတယ်လို့ မီဒီယာမှာ ဖော်ပြပါတယ်။

UWSA စခန်းအနီးမှာရှိတဲ့ ရှမ်း အိမ်ရာမဲ့ ရွေ့ပြောင်းနေထိုင်သူ တွေ စပါး ပြောင်း စိုက်ပျိုးနေတဲ့အချိန် (၂၀၁၂) ဇွန်လ (၁၆) ရက်မှာ တင်းမာမှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။ RCSS က UWSA တပ်မတွေဖြစ်တဲ့ (၇၇၂)၊ (၇၇၈) တွေရှိရာ နေမြေကို နှောင့်ယှက်တယ်လို့ ယူဆတာကြောင့် SSA ရဲ့ လွိုင်ဂ၀မ် အခြစိုက်စခန်းကို ၀ိုင်းပိတ်ဆို့လိုက်ကြတယ်။ ပိတ်ဆို့မှုဟာ ဇွန်လ (၁၉) ရက်ထိ ကြာခဲ့ပြီး နှစ်ဘက်အကြား အချက် (၄) ချက်ပါ သဘောတူညီချက်တခုကို ရရှိခဲ့တယ်။ သဘောတူညီချက်တွေကတော့ -
UWSA နှင့် နီးတဲ့ဒေသတွေမှာ SSA က တပ်စခန်းအသစ်တွေ မတည်ဆောက်ဖို့ သဘောတူတယ်။

တဦးရဲ့ ပိုင်နက်နယ်မြေကို နောက်တဦးက မကျူးကျော်ရေး။

အများပိုင် နယ်မြေတွင် သွားလာတဲ့အခါ တဘက်နှင့် တဘက်က အကြောင်းကြားရေး။

ရှမ်း အိမ်ရာမဲ့ ရွေ့ပြောင်းနေထိုင်သူ တွေ စိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် UWSA ရဲ့ အခန်းကဏ္ဍာ

(၂၀၁၆) မတ်လ အစည်းအဝေးကနေ UWSA တခုတည်းသာမဟုတ်ဘဲတော့ဘဲ KIO အပါဝင် တခြား အဖွဲ့တွေပါ ပါဝင်တဲ့ ထုတ်ပြန်ချက် ခြိမ်းခြောက်မှုဟာ NLD အစိုးရသစ်အတွက် အထူး ခေါင်းခဲစရာ ဖြစ်စေပါတယ်။ NLD အဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ဧပြီ (၂၈) ရက်နေ့က ပန်ဆမ်းမှာ UWSA နှင့် သွားရောက်တွေ့ဆုံခဲ့တယ်။ ဒီလုပ်ရပ်ဟာ တချို့တချို့သော NLD အဖွဲ့ဝင်တွေကို သတိလက်လွတ် ဖြစ်သွားစေပါတယ်။

မီဒီယာ တခုမှာ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်ပြောတာကတော့ - ၀ နှင့်တွေ့ဖို့ တယောက်ကိုမှ မလွတ်ဘူး၊ ဒါပေမယ့် ပါတီမှာ အဖွဲ့ဝင်တွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း သိရတာကတော့ NLD ပါတီဝင် ကရင်ပြည်နယ်၊ ကော့ကရိတ် အမတ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဦးစိုးဌေးက NLD ပါတီအနေနှင့် UWSA ကို ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ဖို့ အလွတ်သဘော ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ဦးစိုးဌေးဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အထောက်အပံ့ဖြစ်ဖို့ သတင်းအချက်အလက် ရယူဖို့အတွက် ၀ ဒေသကို သူ့သဘောနှင့် သူ (၅) ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်မှာ ၀ ခေါင်းဆောင် ဦးအောင်မြင့်နှင့် တွေ့ဆုံခဲ့ပါတယ်။

သူ ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ အလုပ်တွေကို တက်တက်ကြွကြွ လုပ်ဖို့ မှာကြားထားပါတယ်။ ဒါပေမယ့် အသေးစိပ် ညွှန်ကြားချက်တွေတော့ မပေးပါဘူး လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော်က အငြိမ်းစား အရာရှိတဦးဖြစ်တဲ့ ဦးစိုးဌေးဟာ ပန်ဆမ်းမှာ ဒုတိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရေးကြီးတာဝန်တွေကို တနှစ်လောက် တာဝန်ယူခဲ့ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့်လဲ လွှတ်တော်ရဲ့ ငြိမ်းချမ်းရေးနှင့် တိုင်ရင်းသားအရေး ကော်မတီမှာ ပါဝင်လာခဲ့တာပါ။ ဦးစိုးဌေး အပြောအရ -

“ကျွန်တော်ဟာ “၀” ဒေသကို ကြိုတင်အကြောင်း မကြားဘဲ သွားရောက်ခဲ့ပါတယ်။ အဲဒါကြောင့် ကော်မတီမှာ လွှတ်တော်စည်းမျဉ်းစည်းကမ်းအရ ကျွန်တော့်နေရာမှာ အခြားတယောက်က တာဝန်ယူရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင် တယောက်အနေနှင့် တာဝန် မရှိတော့ ပါဘူး။ ဒါပေမယ့် “၀” ဒေသက ရခဲ့တဲ့ အချက်အလက်တွေကို ကော်မတီကို ပေးမှာပါ။ ကျွန်တော်ဟာ ငြိမ်းချမ်းရေးကို ထောက်ခံပါတယ်။ အခုအချိန်ထိလဲ ပြည်သူ့ကိုယ်စားလှယ် အမတ်တယောက်ပါ။

(၁၉၈၉) ခု ကတည်းက အဲဒီ ဒေသဟာ ငြိမ်းချမ်းရေးရခဲ့ပါတယ်။ ကျွန်တော် စစ်တပ်မှာ တာဝန်မထမ်းဆောင်ခင်ကတည်းက “၀” ဒေသကို ကျွန်တော် ရောက်ဖူးပါတယ်။ ဒါပေမယ့် ပန်ဆမ်းကို တခါမှ မရောက်ခဲ့ဖူးပါဘူး။ အဲဒီတုန်းက ပန်ဆမ်းကို သွားခဲ့ရင် သေနတ်တွေက ကျွန်တော့်ကို ချိန်ထားလိမ့်မယ်။ ဒီအချိန်မှာတော့ သူတို့တွေက ကျွန်တော့်ကို လိုလိုလားလားနှင့် ဆီးကြိုကြပါတယ်။ ကျွန်တော် အဲဒီဒေသကို သွားခဲ့တာ NLD က လွတ်လိုက်တဲ့ ကိုယ်စားလှယ် တယောက် အနေနှင့် မဟုတ်ပါဘူး။ အမတ်တယောက်၊ NLD အဖွဲ့ဝင် တယောက်အနေနှင့် သွားခဲ့တာပါ” လို့ ဆိုပါတယ်။

ခုအချိန်မှာ NLD အနေနှင့် UWSA ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် သေချာတာ တခုကတော့ UWSA ဟာ လက်မှတ်ရေးထိုးထားတဲ့ RCSS နှင့် လက်မှတ်မထိုးရသေးတဲ့ TNLA ကြား တိုက်ပွဲတွေကို အသုံးချပြီး NLD ဆီက နိုင်ငံတော်အဆင့် အသိအမှတ်ပြုမှုကို ရဖို့အတွက် ကြားခံပစ္စည်းတခု အဖြစ် တိုက်ပွဲအတွင်း ပါဝင်လာမှာပါ။ ဒီလုပ်ရပ်ဟာ နဂိုကတည်းက တင်းမာနေတဲ့ RCSS နှင့် UWSA ရဲ့ ဆက်ဆံရေး ပိုဆိုးသွားနိုင်ပါတယ်။ ဒါပေမယ့် လက်မှတ်မထိုးရတဲ့ အဖွဲ့တွေ အတူတကွ ပေါင်းပြီး တခြားအဖွဲ့တွေကို စကားဝိုင်းရောက်လာဖို့ UWSA နှင့် တွေ့ဆုံရေးအစီအစဉ်တွေဖြစ်အောင် NLD အစိုးရကို ဖိအားပေးကြဖို့ အလားအလာတွေရှိနေပါတယ်။

UWSA က အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးတဲ အုပ်စုတွေအကြား ခေါင်းဆောင်မှုနေရာ ရယူဖို့ ကြိုးပမ်းနေတာပါ။ သူရဲ့ လုပ်ရပ်တွေကို UNFC ထဲက တချို့တွေ၊ အထူးသဖြင့် KIO က အဟန့်အတား လုပ်လာနိုင်ပါတယ်။ (၂၀၁၆) ဧပြီလ (၁၉) ကနေ (၂၂) ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ UNFC အစည်းအဝေးမှာ KIO က UWSA ရဲ့ ခေါင်းဆောင်မှုကို လက်မခံနိုင်လို့ ဆိုပါတယ်။ KIO က မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် ဆွေးနွေးတဲ့အခါ ပြောအားဆိုအားရှိဖို့၊ UWSA ရဲ့ ထောက်ခံအားပေးမှုကို ရဖို့ ကြိုးပမ်းခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်မှု ရာထူးကိုတော့ UWSA ကိုတော့ မပေးနိုင်ဘူးဆိုတဲ့ အနေအထားတွေ ရှိပါတယ်။

(၂၀၁၁) ဒီဇင်ဘာလက RCSS နှင့် ဦးသိန်းစိန် အစိုးရအကြား ပထမဆုံး နှစ်ဦး နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ချိန်က စပြီး လက်နက်ကိုင် တဖွဲ့ချင်းစီနှင့် အဲဒီအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တဖွဲ့ချင်းစီရဲ့ ပြိုင်ဆိုင်မှုအကျိုးစီးပွားတွေ ရရှိဖို့အတွက် “အားလုံးပါဝင်ရေး”ဆိုတဲ့ အပေါ်ယံ ရွှေမှုန်ကြဲ စကားလုံးတွေအောက်မှာ၊ အာဏာနှင့် ထိန်းချုပ်ခွင့်တွေ ရဖို့အတွက် အပြိုင်အဆိုင် အားပြိုင်နေကြတာတွေဟာ သံသယဖြစ်စေတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာစေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတာနဲ့ ပတ်သက်လို့လည်း နည်းနည်း သံသယ ဖြစ်ဖွယ် ကောင်းပါတယ်။ အထူးသဖြင့် အဖွဲ့စည်းကြီးတွေရဲ့ တသီးပုဂ္ဂလ အကျိုးစီးပွားတွေဟာ တခြားအဖွဲ့တွေရဲ့ လိုအပ်ချက်ထက် ရှေ့တန်းရောက်နေတတ်ပါတယ်။ (၂၀၀၉) ခုနှစ်က ကိုးကန့်တိုက်ပွဲမှာ UWSA အနေနှင့် မဟာမိတ်ဘက်က ရပ်တည်ဖို့ အဆင့်သင့် မရှိတာက သက်သေပြပြီးပါပြီ။ ခုအချိန်မှာ အခြေအနေက အများကြီး ထူးခြားသွားပါပြီ။ RCSS ဟာ အခုအချိန်မှာ အစိုးရရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရထားတဲ့အတွက် မြန်မာတပ်မတော်ကို အထောက်အပံ့ပေးဖို့ တောင်းဆိုနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့် အားလုံး သိထားကြတဲ့ အချက်တခုက UWSA သာပါဝင်လာခဲ့မယ်ဆိုရင် စစ်တပ်အနေနှင့် အကူအညီ အထောက်အပံ့ပေးဖို့ အလားအလာမရှိဘူး ဆိုတာပါပဲ။

ခုအချိန်မှာ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေဟာ သူတို့ရဲ့ တသီးပုဂ္ဂလရည်ရွယ်ချက်၊ အားပြိုင်မှု ဦးတည်ချက်အတွက် အင်အားကြီး UWSA ကို ကုတ်အား၊ ကန်အားဖြစ်သုံးပြီး ကိုယ့်ကိုကိုယ် အဆုံးသတ်ကြမယ့် ပုံပါပဲ။  မရှင်းလင်းတဲ့ ကိစ္စကတော့ ရှမ်းပြည်နယ်နှင့် ပြည်သူတွေတွေ ဘယ်လောက်ထိ ပေးဆပ်ရအုံးမယ် ဆိုတာပါပဲ။

(Paul Keenan ရေးတဲ့  The UWSA and the future ကို လင်းကျော်အောင် ဆီလျော်အောင် ပြန်ဆိုပါတယ်။)

1 comment:

  1. အောင်မယ်လေးဗျာ--ရှမ်းပြည်နယ်အတွက်တော့မသိဘူး---NLD အတွက်တော့ဘာမှခေါင်းခဲစရာမရှိပါဘူး-ဒီကိစ္စတွေက -သူတို့-ခေါင်းထဲမှာ-ရှိကိုမရှိဘူး

    ReplyDelete

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top