တောင်ကုတ်၊ ဒီဇင်ဘာ ၇ ရက်
တောင်ကုတ်မြို့နယ်ရှိ သိမ်းဆည်းခံ လယ်ယာမြေ ဧက ၃၀၀ ကျော်အတွက် အစိုးရဘက်က
ပြေလည်အောင် ဖြေရှင်းပေးဖို့ သိမ်းဆည်းခံ တောင်သူတွေက ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ကို ဒီဇင်ဘာ ၅ ရက်နေ့စွဲနှင့် အိတ်ဖွင့်ပေးစာ တစ်စောင်
ပေးပို့ခဲ့ကြောင်း သိရပါတယ်။
တောင်ကုတ်လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ကိုဇေယျာကျော်က RiA ကို ခုလို ပြောပါတယ်။
" ထိုက်သင့်တဲ့ လျော်ကြေးငွေတွေကို ပြန်လည်ရရှိဖို့၊ လယ်ယာမြေတွေကို လုပ်ပိုင်ခွင့် ပြန်လည်ရရှိဖို့၊ လယ်ယာမြေတွေကို ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုရေးသား ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။"
အဆိုပါ သိမ်းဆည်းခံ လယ်မြေ ဧက ၃၀၀ ကျော်မှာ တောင်ကုတ်မြို့နယ် ကြိုးကြာကွင်း၊ ရင်ခို၊ ကိုင်းရှည် စတဲ့ ကျေးရွာများမှ လယ်မြေတွေ ဖြစ်ပြီး ယင်းမြေတွေကို ၁၉၉၀ ၀န်းကျင်ကတည်းက စီမံကိန်းဖော်ဆောင်ရန် သိမ်းဆည်းခဲ့ခြင်းဖြစ်ကာ ယခုတိုင် စီမံကိန်းအကောင်ထည်ဖော်ဆောင်မှု တစုံတရာ မရှိဘဲ တောင်သူများကို သီးစားချပြီး ပြန်လည်ငှားရမ်း စိုက်ပျိုးခွင့် ပြုထားတာကြောင့် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့ ကိုဇေယျာကျော်က ပြောပါတယ်။
တောင်းဆိုစာတွင် အစိုးရအနေနဲ့ အဆိုပါ လယ်ယာမြေတွေအတွက် မူလပိုင်ရှင်တွေကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးရန် ဒါမှမဟုတ် လယ်ယာမြေအစားပြန်ပေးရန် ရေးသားဖော်ပြပါရှိပါတယ်။
ဒါ့အပြင် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေးနှင့် လယ်ယာမြေပိုင်ရှင်များ ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ တောင်ကုတ်ဒေသ မြေယာသိမ်းဆည်းခံ အစည်းအရုံးတစ်ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ တောင်သူ ၆၀ နှင့် စတင် ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
0 comments:
Post a Comment