Sunday, February 7, 2016

ရက္ခိုင့်တပ်မတော်၏ အဆင့်မြင့်အရာရှိတစ်ဦး ရန်ကုန်တွင် ဖမ်းဆီးခံရ

ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၇ ရက်
ရက္ခိုင့်တပ်မတော် Arakan Army ရဲ့ ၊အပတ်စဉ် (၁) သင်တန်းဆင်း၊ ကိုယ်ပိုင်အမှတ် AC 0008 ၊ ဗိုလ်မှူးအဆင့်ထက် မနိမ့်တဲ့ အဆင့်မြင့်အရာရှိ တစ်ဦး ယမန်နေ့ ဖေဖေါ်ဝါရီ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရပါတယ်။
၎င်းကို တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းရှိ Victoria International School အနီး MD တိုယိုတာဟိုင်းလပ်စ်ကားပေါ်မှ သြစတြေးလျနိုင်ငံထုတ် ပစ္စတိုတစ်လက်နှင့် ကျည် ၇၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူမှာ အောင်မြတ်ကျော်(ခ) ညီညီစိုး စစ်တွေမြို့ ဇာတိဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင်  မှတ်ပုံတင် ၃ ခုကိုင်ဆောင်ထားကာ အောင်ကြည်မင်း နာမည်ပါတစ်ခု၊ ညီညီစိုးနာမည်ပါ တစ်ခု၊ အောင်မြတ်ကျော် နာမည်ပါ တစ်ခုနှင့် ပတ်စပို့စာအုပ်တစ်အုပ်၊ ငွေကျပ် သိန်း ၁၅၀ လွှဲထားတဲ့ ပြေစာတရွက်၊ အေတီအမ် ကဒ်တစ်ခု၊ ငွေကျပ် ၇ သိန်းခန့်ပါရှိကြောင်း တာမွေမြို့မ ရဲစခန်းအရ သိရပါတယ်။
အောင်မြတ်ကျော် (ခ) ညီညီစိုး (ခ) အောင်ကြည်မင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံး သီတင်းပတ်တွင် ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲများတွင် ဦးဆောင်ကြီးကြပ်ခဲ့သူထဲမှ တစ်ဦးဖြစ်ကြောင်းနှင့် AA ရဲ့ ဗိုလ်မှူးအဆင့်ထက် မနိမ့်သူတစ်ဦးဖြစ်ကြောင်း ခိုင်လုံတဲ့ လျှို့ဝှက် ကြေးနန်းများအရ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်စပ်သူတွေလို့ စွပ်စွဲချက်နဲ့ မြန်မာ့တပ်မတော်ဘက်မှ ဇန်န၀ါရီ ၈ ရက်နေ့မှ စတင်ကာ ဖမ်းဆီးနေရာ ရခိုင်ပြည်နယ် ဒေသအသီးသီးက လူငယ် ၁၆ ဦးထက် မနည်း ဖမ်းဆီး ခံထားရကြောင်း သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံများကို ချက်ချင်းလွှတ်ပေးရန်နှင့် ဆက်နွယ်သူများဆိုလျှင်လည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးဖို့ ရခိုင်သံဃာတော်များက တောင်းဆိုထားပေမယ့် AA အနေနဲ့ လက်နက်နှင့် ငြိမ်းချမ်းရေး လှဲလှယ်မှု ပြုလုပ်မှသာလျှင် ၎င်းတို့ကို လွတ်ပေးနိုင်မှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က တုံ့ပြန်ဖြေကြားထားပါတယ်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဇန်န၀ါရီ ၄ ရက်နေ့ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ မြန်မာ့တပ်မတော်ဘက်မှ ၂၀၀ ဦးထက်မနည်း ကျံးဆုံးပြီး ၃၀၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း AA ဒု စစ်ဦးစီးချူပ် ဗိုလ်မှူးညိုထွန်းအောင်က RFA မြန်မာပိုင်းဌာနတွင် ဖြေကြားခဲ့ပါတယ်။

ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးရုံးသို့ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ရာထူးအပြင် သတင်းအချက် အလက်တချို့ကို အတည်ပြုရန် RiA မှ ဆက်သွယ်ခဲ့ပေမယ့် တဘက်မှ ဖြေကြားနိုင် သူများမှာ လောလောဆယ်မရှိသေးဟုသာ လက်ခံ ဖြေကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top