Monday, June 27, 2016

ပုဏ္ဏားကျွန်းရဲစခန်းသို့ ပြောက်ကျား ယူနီဖောင်းဝတ်ကာ ၀င်ခဲ့သော ALP တပ်ဖွဲ့ဝင်များ တားဆီးခံရ

ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ ALP/ALA တပ်ဖွဲ့ဝင်များ ၀င်ရောက်လာစဉ် (ဓာတ်ပုံ - ကိုဇိုင်း/RiA)

ကိုဇိုင်း/RiA ၊ ဇွန် ၂၇ ရက်

ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ ကြိုတင်အကြောင်းကြားမှု မရှိဘဲ ယူနီဖောင်းဝတ်ဆင်ပြီး ၀င်ရောက်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တပ်ဖွဲ့ဝင် ၁၀ ဦးသည် ရဲစခန်းမှ အပြန် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် မြန်မာတပ်မတော်၏ တားဆီးခြင်းကို ခံခဲ့ရကြောင်း ALP ဒုဥက္ကဌ ဦးခိုင်မျိုးထွန်းက ပြောသည်။


“တားဆီးတာက ကျွန်တော်တို့က ယူနီဖောင်းအစုံဝတ်လာတယ်ပေါ့။ ယူနီဖောင်းမဝတ်ရဘူးလို့ နယ်လုံက အမိန့်ထုတ်ထားတယ်တဲ့။ ကျွန်တော်တို့မှာ ၁၀ ဦးပါလာတယ်။ မြေယာကိစ္စကိုတော့ ကျွန်တော်တို့ လာရောက်ဖြေရှင်းပေးလို့ ဌာနဆိုင်ရာက ကျေးဇူးတင်တယ်လို့ ပြောတယ်။ တားဆီးခံရတာ ကတော့ မြေယာကိစ္စကို သွားရောက်ပြီးဖြေရှင်းတဲ့ အတွက်နဲ့ မဟုတ်ပါဘူး။ ယူနီဖောင်းနဲ့မို့ပါ။"

ယင်းတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ အတွင်း ဖြစ်ပေါ်နေသော မြေယာ ပိုင်ဆိုင်မှုကိစ္စနှင့် ပါတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်နေသဖြင့် လိုအပ်ချက်အရ တွေ့ဆုံမေးမြန်းနိုင်ရန် သွားရောက်ခဲ့ခြင်းဟု ALP မှ ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ ALP/ALA တပ်ဖွဲ့ဝင်များ ၀င်ရောက်လာစဉ် (ဓာတ်ပုံ - ကိုဇိုင်း/RiA)

မြေပိုင်ဆိုင်မှု အငြင်းပွားနေမှုတွင် စစ်တွေမြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ပါဝင်ပတ်သက်နေပြီး ယခုအချိန်တွင် ထုတ်ဖော်မပြောကြားလိုသေးကြောင်းလည်း ဦးခိုင်မျိုးထွန်းက ပြောသည်။

ထိုသို့ ALA တပ်ဖွဲ့ဝင်များ ရုတ်တရက် ၀င်ရောက်မှုကြောင့် ဒေသခံများကြား စိုးရိမ်မှုများ ရှိခဲ့ပြီး ရဲစခန်းပြင်ပတွင် လူစုလူဝေးများ ဖြစ်ခဲ့သည်။

"စခန်းထဲက ဆူညံသံတွေ တချို့ကြားရတယ်။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ယူနီဖောင်းတွေနဲ့ ခုလို ၀င်လာတော့ တစ်ခုခုများ ဖြစ်ပြီလားဆိုပီးတော့ စိုးရိမ်သွားကြတာပါ။" ပုဏ္ဏားကျွန်းဒေသခံ ဦးထွန်းနီမင်းက ပြောပါတယ်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသို့ RiA မှ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့ မထိန်းသိမ်းထားပါဘူး။ ကိုယ်တောင်မှ အခု သူတို့ဆီက ကိုခိုင်အောင်စိုးသန်းနဲ့ တွေ့မလို့ သွားနေတယ်။ ကျောက်တော်မှာ သူတို့ဆက်ဆံရေးရုံးတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့ မထိမ်းသိန်းထားပါဘူး'' ဟု ဖြေကြားခဲ့သည်။

ALP/ALA ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်၌ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် တစ်ခုတည်းသော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း ယူနီဖောင်းဝတ်ဆင်ကာ သွားလာခြင်းများ မပြုလုပ်ရန် ရခိုင်ပြည်နယ် အစိုးရ၏ အကြိမ်ကြိမ် ခေါ်ယူသတိပေးခံထားရသော အဖွဲ့လည်း ဖြစ်သည်။

မကြာသေးခင်ကလည်း ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြား မြန်မာ့တပ်မတော်ဘက်မှ စစ်ရာဇ၀တ်မှုများကျူးလွန်ခဲ့ကြောင်း ALP မှ ကြေညာချက် ထုတ်ခဲ့သဖြင့် နိုင်ငံတော်မှ အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရသေးသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top