Saturday, May 28, 2016
မြန်မာနိုင်ငံရဲ့ အကျယ်ချုပ်ရပ်ကွက်
အောင်မင်္ဂလာရပ်ကွက်လူဦးရေ စစ်ဆေးခဲ့စဉ်က  - ဓာတ်ပုံ (မိုးအောင်/RiA)
 မိုးအောင်/ Root Investigative Agency ၊ မေ ၂၈ ရက်
မေလ ၂၁ ရက်နေ့က အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်ကြတဲ့ မူဆလင်တွေကို တရားမဝင်နေထိုင်သူတွေ ရောက်ရှိနေတယ်ဆိုပြီး သံသယကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ တာဝန်ရှိသူတွေက လူဦးရေစာရင်းကောက်ခံမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
၂၀၁၂ အရေးအခင်းပြီးကတည်းက မြို့ထဲကို မသွားဖြစ်တဲ့ မခင်ရီကတော့ ဒီလို တရားမဝင် လူဦးရေ စာရင်းကောက်ခံမှုအပေါ် သူ့အနေနဲ့ နားလည်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။
“ တွေးကြည့်ပါ။ ဒီလို ဘေးပါတ်လည် ပေါင်းလိုက်လို့ တစ်မိုင်ဝန်းကျင်မရှိတဲ့ နေရာမှာ ဘယ်သူက လာပြီးနေမှာလဲ၊ ဒီက ရှိတဲ့ သူတွေတော့ ပြောင်းသွားကြပြီ”
မခင်ရီ် သမီးတွေဟာ လက်ရှိအခြေနေမှာ သူတို့ခေါ်ဆိုကြတဲ့ စစ်တွေအောက်ပိုင်းဘက်က ဒုက္ခသည်စခန်းတွေဆီမှာ နေထိုင်ပြီး နိုင်ငံတကာ အဖွဲ့စည်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။
သူမလည်း နောက်လတွေဆိုရင် မိသားစုတွေရှိတဲ့ ရန်ကုန်မြို့ကို ပြောင်းရွေ့တော့မှာလို့ ဆိုပါတယ်။
မခင်ရီဟာ နိုင်ငံသားမှတ်ပုံတင်ရရှိထားပြီး အစ္စလမ်ဘာသာဝင်ဖြစ်နေတာကြောင့် လုံခြုံရေး အနေထားအရ ရခိုင်ပြည်နယ်မှာ လွှတ်လပ်စွာ သွားလာခွင့် မရရှိသူတစ်ဦးဖြစ်ပါတယ်။ ရန်ကုန်ကို ပြောင်းရွေ့တဲ့အခါ သူနေထိုင်ရာ အိမ်ကိုထားရစ်ခဲ့မှာ ဖြစ်ပြီး ဝယ်မယ့်သူတွေလည်း ဒီလို ရပ်ကွက်ထဲမှာ မရှိဘူးလို့ ဆိုပါတယ်။
အောင်မင်္ဂလာရပ်ကွက်လူဦးရေ စစ်ဆေးခဲ့စဉ်က လုံခြုံရေးအဖွဲ့ကို တွေ့ရစဉ် - ဓာတ်ပုံ (မိုးအောင်/RiA)
လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတွေက သူတို့ရဲ့ မိသားစုဝင်တွေကို မေးပြီး စစ်ဆေးပြီးဖြစ်ကြောင်း သက်သေ စာရွက်လေး တစ်ရွက် အိမ်နရံမှာ ကပ်ခဲ့တယ်လို့ မခင်ရီက ပြောပါတယ်။
လုံခြုံရေးယူနေရဆဲ
စစ်တွေမြို့မှာ  လမ်းမကြီး၊ မင်းဘာကြီးလမ်းတို့ဟာ မြို့ရဲ့ လူသွားလူလာများတဲ့ လမ်းတွေပဲဖြစ်ပါတယ်။
အဲဒီထဲမှာ အောင်မင်္ဂလာရပ်ကွက်ရှိရာ မင်းဘာကြီးလမ်းပိုင်းကို ရောက်ရင် အိမ်တံခါးဖွင့်ပြီး လမ်းပေါ်ကို ချောင်းကြည့်နေတဲ့ ကလေးငယ်တွေ၊ လမ်းပေါ်မှာ လူတွေသွားလာနေတာကို လိုက်ကြည့်နေတဲ့ လူလတ်ပိုင်း ယောင်္ကျားတွေကို မြင်တွေ့ရမှာ ဖြစ်သလို သစ်သားအနီ အဖြူအပေါ် သံဆူကြိုးတွေရံထားပြီး လုံခြုံရေးယူနေတဲ့ ရဲဝန်ထမ်းကိုလည်း တွေ့မြင်ရမှာပါ။
အောင်မင်္ဂလာရပ်ကွက်ဟာ စစ်တွေမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ဒုတိယ အကြီးမားဆုံးသော ရပ်ကွက်တစ်ခုဖြစ်ပြီး ပထမလူဦးရေအများဆုံး ဖြစ်သော နာဇီရပ်ကွက် (ခ) စက်ရုံစုရပ်ကွက်မှ ယင်းဘာသာဝင်များမှာ ၂၀၁၂ ခုနှစ် ဇွန်လ ပထမသီတင်းပတ်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရပ်ကွက်နေ လူဦးရေ ၁၂၀၀၀ ခန့်မှာ စစ်တွေမြို့ပြင်ရှိ သက္ကေပြင်၊ သဲချောင်း၊ ခေါင်းဒုက္ကာ အစရှိသော ယာယီကယ်ဆယ်ရေးစခန်းများသို့ တိမ်းရှောင်နေခဲ့ကြရပါတယ်။
အောင်မင်္ဂလာရပ်ကွက်လူဦးရေ စစ်ဆေးခဲ့စဉ်က  - ဓာတ်ပုံ (မိုးအောင်/RiA)
အိုးအိမ်မဲ့ ၃၄၀,၀၀၀ ခန့်တွင် ၁၄၅,၀၀၀ ခန့်မှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကာ ကျန်သားကောင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။
အကြမ်းဖက်မှု၏ သားကောင်များအဖြစ် မူလနေရပ်များကို ဆုံးရှုံးခဲ့ရသော၊ စွန့်လွှတ်ခဲ့ရသူများဖြစ်ကြသော်လည်း ဗုဒ္ဓဘာသာဝင် မိသားစုများအတွက် ပြန်လည်ထူထောင်ရေးသည် အစ္စလာမ်ဘာသာဝင်များထက် အခွင့်အလမ်းများစွာ ရရှိခဲ့ပါတယ်။
လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ စီးပွားကူးသန်းခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်တို့ကို အကြမ်းဖက်မှု သားကောင် ဗုဒ္ဓဘာသာဝင်များက ရရှိခဲ့ကြပြီး  အစ္စလမ်ဘာသာဝင်များအတွက် ထိုအခွင့်အရေးက မျက်ကွယ်ပြုခဲ့ပါတယ်။
အောင်မင်္ဂလာရပ်ကွက်လူဦးရေ စစ်ဆေးခဲ့စဉ်က  - ဓာတ်ပုံ (မိုးအောင်/RiA)
ရခိုင်ပြည်နယ်၏ မြောက်ပိုင်းမြို့နယ်များဖြစ်ကြတဲ့ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် တောင်ပိုင်းဒေသများဖြစ်တဲ့ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲနှင့် ရမ်းဗြဲမြို့နယ်များမှာ ပဋိပက္ခအလွန် ၄ နှစ်ကြာတဲ့ အခြေနေအထိ နိုင်ငံတော်မှ အရေးပေါ်အဆင့် ကြေညာခြင်းခံခဲ့ရသော မြို့နယ်များဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေမှာ အစ္စလာမ်ဘာသာဝင်တွေကို ပြည်နယ်အစိုးရမှ စစ်တွေနှင့် ပေါက်တောမြို့နယ်တွင်
ကယ်ဆယ်ရေးစခန်းများ ချထားပေးခဲ့ပါတယ်။
သို့သော် စစ်တွေမြို့ရှိ အောင်မင်္ဂလာရပ်ကွက်က တမူထူးခြားခဲ့ပါတယ်။
ပြည်နယ်ရဲ့ ၁၁ မြို့နယ်မှ ပဋိပက္ခတိမ်းရှောင် အစ္စလာမ်ဘာသာဝင် ၁၄၅,၀၀၀ ခန့်မှာ ကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွေ့ခဲ့သော်လည်း အောင်မင်္ဂလာရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ၄၀၀၀ ခန့်ဟာ စစ်တွေမြို့တွင်းမှာပင် ကျန်ရစ်ခဲ့ပါတယ်။
၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ တပ်မတော်က စစ်သားတွေပါရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်ကပဲဒေသန္တရာ အမိန့်ကို ရုပ်သိမ်းလိုက်တာကြောင်း ကင်းစခန်းတွေကို ရုပ်သိမ်းသွားကြပါပြီ။
ရပ်ကွက်အတွင်းမှာ ရှိတဲ့ လူတွေရဲ့ ဈေးဝယ်၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ပြီး တာဝန်ကျရဲတွေက လုံခြုံရေးယူပြီး ပို့ဆောင်ပေးတယ်လို့ ဒုရဲမှူး စိုးမြင့်အောင်ဆိုပါတယ်။
မေလ ၂၄ ရက်နေ့က ခရိုင်ထွေအုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အောင်မင်္ဂလာရပ်ကွက် လူဦးရေစာရင်းနဲ့ ပါတ်သက်ပြီး ရှင်းလင်းပွဲမှာ သူတို့ လုံခြုံရေးယူနေတဲ့ အခြေနေကို ခုလိုရှင်းပြပါတယ်။
အောင်မင်္ဂလာရပ်ကွက်လူဦးရေ စစ်ဆေးခဲ့စဉ်က  - ဓာတ်ပုံ (မိုးအောင်/RiA)
 “ ကျွန်တော်တို့က အသွားအပြန် တာဝန်ယူပေးနေတာပါ၊ ဆူပူမှုတွေ မဖြစ်ပွားရအောင်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ပေါ့ အဝင်အထွက်တွေကိုလည်း ကျွန်တော်တို့ပဲ စာရင်းကောက်နေရတာပါ”
တကွဲတပြားဖြစ်နေသော မိသားစုဝင်တချို့ရှိရာ စစ်တွေမြို့ပြင်မှ ဘုမေ၊ ဒါးပိုင်၊ သက္ကေပြင် ဒုက္ခသည်စခန်းများသို့ သွားရောက်မည့် အောင်မင်္ဂလာရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်များအတွက် ရဲတပ်ဖွဲ့က လုံခြုံရေးရယူကာ ပြေးဆွဲနေသည့် ယာဉ်ငယ်က တစ်နေ့မှာ ၂ ကြိမ်ရှိပါတယ်။
သက်ဆိုင်ရာက ကြိုပို့ရေးကို လုံခြုံရေး ဆောင်ရွက်ပေးနေပေမယ့် ရပ်ကွက်အတွင်းက စစ်တွေဈေးဘက်သို့ ခိုးထွက်နေတဲ့ သူတွေလည်း ရှိတယ်လို့ အောင်မင်္ဂလာရပ်ကွက်က ရပ်မိရပ်ဖ ဦးရွှေလှက ဆိုပါတယ်။
“ ကျွန်တော် ဒီလို ခိုးပြီးသွားလာမှုတွေကို အားမပေးပါဘူး၊အကယ်၍မတော်တဆ ထိခိုက်မှုတွေဆိုရင် ပြသနာဖြစ်မှာကို စိုးတယ် “
အောင်မင်္ဂလာရပ်ကွက် လူဦးရေ စစ်ဆေးမှုမှာ ပါဝင်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင် ဦးအောင်ဌေးကလည်း သူ့အနေနဲ့ ပြန်ပြီး အရေးခင်းဖြစ်မှာကို စိုးရိမ်တဲ့ အထဲမှာ ဒီအချက်တွေပါတယ်လို့ စိုးရိမ်တကြီးဆိုပါတယ်။
“ ဆိုင်ကယ်တွေစီးပြီး ဦးထုပ်ဆောင်းပြီး သူတို့သွားကြတာ၊ အကယ်၍ မတော်ဆ ဆိုခဲ့သည်ရှိသော် အရေးခင်းက ပြန်ပြီး ဒီအရာကပဲ စမှာပဲ “
ဒီလို လွှတ်လပ်စွာသွားခွင့်တွေ လုံခြုံရေးအခြေနေအရ  ထိန်းချုပ် ခံထားရတဲ့ အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေ သောင်းချီရှိတယ် ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းစစ်ဆေးတဲ့အခါ မှုလရှိနေတဲ့ စာရင်းထက် လူပေါင်း ၃၇၁ ဦးလျှော့နေခဲ့ပါတယ်။
ခက်ခဲနေတဲ့ နိုင်ငံသားဖြစ်မှု
၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီး အောင်မင်္ဂလာရပ်ကွက် လူဦးရေစာရင်းမှာ ၄၂၉၆ ဦးဖြစ်ပြီး ၄ နှစ်အကြာ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ရရှိသော စာရင်းများအရ လူဦးရေ ၃၉၃၃ ဦးသာ ရှိပြီး အိမ်ထောင်စု ၅၇ စုနှင့် လူဦးရေ ၃၆၃ ဦးမှာ လျော့နည်းနေတယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အောင်မင်္ဂလာရပ်ကွက်လူဦးရေ စစ်ဆေးခဲ့စဉ်က  - ဓာတ်ပုံ (မိုးအောင်/RiA)
လူဦးရေစာရင်းကောက်ခံရာမှာ စီစဉ်ညွန်ကြားသူဖြစ်တဲ့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဦးဝင်းလွင်ကတော့ သူတို့ကောက်ခံထားတဲ့ လူဦးရေ စာရင်းတွေကို ကြည့်လိုတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လာရောက်တောင်းယူနိုင်တယ်လို့ ဆိုပါတယ်။
တရားမဝင်ဝင်ရောက် နေထိုင်သူရှိမရှိ စစ်ဆေးခြင်းကို ခံခဲ့ရတဲ့  အောင်မင်္ဂလာ ရပ်ကွက်အတွင်းက ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ အသက် ၃၀ အရွယ် ဦး ဆွေရောက သူက ယခုလိုစစ်ဆေးမှုကို ကျေနပ်လက်ခံပါတယ်။
“ တစ်ဘက်လူအဖွဲ့အစည်းက ယုံမှားသံသယဖြစ်နေတာကို ခုလို စစ်ဆေးတော့လည်း ဘာမှ မဖြစ်ပါဘူး၊တကယ်နေထိုင်တဲ့ သူတွေမှ မရှိကြတာ၊ ဒီမှာ စားဝပ်နေရေး အဆင်မပြေဘူးဆိုပြီး အောက်ပိုင်းကိုဆင်းသွားတဲ့သူသာများတာ “
ဦးဆွေရောဟာ နိုင်ငံသားလျှောက်မှုကို လိုလားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် စာရွက်စာတမ်းတွေကို စနစ်တကျ သိမ်းထားတတ်တဲ့ အလေ့အကျင်မရှိခဲ့တဲ့ ဘဝအခြေနေတွေကြောင့် နိုင်ငံသားဖြစ်ခွင့်ရမှုဟာ သူ့တွက်ခက်ခဲနေပါတယ်။
“လက်ရှိတော့ ဘာမှာ လုပ်လို့မရဘူးပေါ့။ အရင်တုန်းကတော့ စစ်တွေမြို့မဈေးမှာ ကုန်စုံဆိုင်ဖွင်ခဲ့တယ် မွေးတာလည်း ဒီရပ်ကွက်မှာ မွေးတာ၊သေတာ့လည်း ဒီမှာပဲ သေမယ် တခြားဘာမှ မသွားချင်ဘူး”
ရခိုင်ပြည်နယ်အတွင်းမှာ လူဝင်မှုကြီးကြပ်ရေး အခေါ်အရ ဘင်္ဂလီလူမျိုး  နိုင်ငံသား စီစစ်မှုအနေထားမှာ အိမ်ထောင်စုဦးရေ ၁၀၅၄၇၆၇ အထဲက နိုင်ငံသားဖြစ်ခွင့်ရသူ လျှောက်ထားမှုအခြေနေအရ ၂၀၁၅ ခုနှစ် ၃၁.၃၂၀၁၅ ကနေ ၃၁.၅.၂၀၁၅ နိုင်ငံသားဖြစ်သူ ကျား ၂ ဦး၊မ ၂ ဦးသာ ရှိတယ်လို့ ပြည်နယ်လဝက စာရင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။
ဒီလို အခြေနေတွေဟာ သူတို့တွေအတွက် လွှတ်လပ်စွာသွားလာခွင့်ကို ဆုံးရူံးစေတဲ့ အရာတွေပဲဖြစ်ပါတယ်။ လက်ရှိအခြေနေမှာ စစ်တွေမြို့နယ်က အောင်မင်္ဂလာ အပါအဝင် ကျောင်းကြီးလမ်း၊ မောလိပ် စတဲ့ ရပ်ကွက်တွေမှာ အစ္စလမ်ဘာသာဝင် ဦးရေ ၃၉၃၃ ဦးရှိပြီး လူဦးရေ စာရင်းကို ကိုင်တွယ်ရာ မေလ ၂၁ ရက်နေ့က နောက်ဆုံးရရှိထားတ ဒီဲ့စာရင်းကိုပဲ လက်ခံထားရှိမှာဖြစ်တယ်လို့  စစ်တွေမြို့ပေါ်မှာ ထင်ရှားတဲ့ လူမှုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက  မေလ ၂၄ ရက်နေ့က ခရိုင်ထွေအုပ်ရုံးမှာ လူဦးရေစာရင်းရှင်းလင်းစဉ် မှတ်ချက်ပြုပါတယ်။
“ နောက်ပိုလာတဲ့ဟာတွေကို မသိဘူး။ ဒီစာရင်း မေလ ရဲ့ စာရင်းပဲ နောက်ထပ် ဧပြီ၊ ဇွန်လတွေမှာ စာရင်းကောက်ခံလို့ ဒီထက် တိုးလာမှာဆိုလို့ မရဘူး။ ဒါကိုတော့ ကျနော် မြို့တော်တည်ငြိမ်ရေးအတွက် မေတ္တာရပ်ခံချင်ပါတယ် “
လွတ်လပ်စွာသွားလာခွင့်
ရခိုင်ပြည်နယ်အတွင်းမှာ မူစလင်တွေ အနေန့ လွှတ်လပ်စွာသွားလာခွင့်မတဲ့ အခြေနေဟာ ရှိနေဆဲပဲလို့ နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သူ  ဦးကျော်လှအောင်က ဆိုပါတယ်။
“ ဧပြီလအတွင်းတွေက သဲချောင်းအနီးမှာ စက်လှေနစ်မြုပ်ပြီး လူတွေ သေဆုံးခဲ့ကြရတာဟာ၊ အများပြည်သူ သုံးနေတဲ့ ဆိပ်ကမ်းတွေကို သူတို့ သုံးခွင့်မရခဲ့ကြလိုပဲ ကလေးတွေ၊ အမေအိုတွေ၊ မိန်းခလေးတွေ အသက်ပေးလိုက်ကြရတာ ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိတာကိုလည်း ပြနေတာပဲ”
ကျောက်ဖြူမဲဆန္ဒနယ်အမှတ်(၁) ပြည်သူလွှတ်တော်အမတ် ဦးကျော်လွှင်ကတော့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေ လွှတ်လပ်စွာသွားလာခွင့် မရတာ အစ္စလာမ်ဘာသာဝင်တွေတောင် မဟုတ်ဘဲ  ရခိုင်လူမျိုးတွေလည်း ဒီလိုပါပဲလို့ သီးသန့်တွေ့ဆုံမှုတစ်ခုမှာ မှတ်ချက်ပြုပေးခဲ့ဖူးပါတယ်။
“ ရခိုင်တွေလည်း ဒီလိုပဲ ရန်ကုန်သွားရင် စစ်ဆေးမှုတွေ အထပ်ထပ်ပြုလုပ်ခံ နေကြရတာကို မြင်မှာပါ”
နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူ မခင်ရီကတော့ သူ့အနေနဲ့ ရန်ကုန်ရောက်ရင် လွှတ်လပ်စွာ သွားလာခွင့်၊ဆေးကုသခွင့်တွေ ရရှိတော့မှာ ဖြစ်တယ်လို့ မျှော်လင့်ခြင်းကြီးစွာ ဆိုပါတယ်။
“ ကျမ ဒီမှာ နေလိုပေမယ့် မိသားစုတွေရဲ့ ရှေ့ရေးအနာဂါတ်ရှိသေးတယ်လေ”
ကာယကံရှင်၏ တောင်းဆိုမှုကြောင့် မခင်ရီမှာ အမည်လွှဲသာဖြစ်သည်။
1 comment:
  1. ပြည့်​ပြည့်​စုံစုံ ဖတ်​ခွင့်​ရလို့
    ReplyDelete
Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top