စစ်တွေ၊ နိုဝင်ဘာ ၂၈ ရက်
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေနှင့် ရခိုင်ပြည်နယ်
ဝန်ကြီးချူပ် ဦးမြအောင် ဦးဆောင်တဲ့ နယ်စပ်ရေးရာလုံခြုံရေး ၀န်ကြီး
ဗိုလ်မှူး ထိန်လင်း၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူး ဦးနေမျိုးတို့ဟာ နိုဝင်ဘာ ၂၇
ရက်နေ့မှာ စစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ
တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတာ
RiA သတင်းထောက် Nizar က တွေ့ဆုံမေးမြန်းထားပါတယ်။
--------------------
RiA : ဗိုလ်မှူးတို့ ALA နဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံရာမှာ အဓိက ဘာတွေ ဆွေးနွေးဖြစ်ခဲ့ကြသလဲခင်ဗျား။
ALA : အခမ်းအနား တက်ရောက်တာတွေမှာ ယူနီဖောင်း ၀တ်ဆင်တက်ရောက်ခြင်း
မပြုဖို့ ကိစ္စ ခေါ်ယူ သတိပေးပြောကြားတာပါ။ လိုက်နာမှုမရှိရင် ဥပဒေအရ
အရေးယူသွားမယ်လို့ ၀န်ကြီးချူပ်က ပြောပါတယ်။ ဒါက ဆွေးနွေးမှုတော့
မမြောက်ဘူး။ သူတို့ဘက်က ပြောစရာရှိလို့ ခေါ်ယူပြောကြားခဲ့တာပဲ
ဖြစ်ပါလိမ့်မယ်။
RiA : ဒီလို ပြောကြားမှုအပေါ် ဗိုလ်မှူးတို့ဘက်က ဘယ်လို သဘောထားပါသလဲ။
ALA : ခြိမ်းခြောက်မှုတစ်ခုလို့ပဲ သဘောထားပါတယ်။
RiA : ၀န်ကြီးချူပ် ဦးမြအောင် ကိုယ်တိုင် ပြောကြားခဲ့တာပါလား။
ALA : ၀န်ကြီးချူပ်ကိုယ်တိုင် ပြောကြားခဲ့တာပါ။
RiA : ဒီတော့ ဗိုလ်မှူးတို့ဘက်က ဘယ်လိုများ တုံ့ပြန်ပြောကြားခဲ့ပါသလဲ။
ALA : ကျွန်တော်တို့ကတော့ အကြံပြုပါတယ်။ ဘယ်လို အကြံပြုလဲဆိုတော့
ကျွန်တော်တို့ နှစ်ဘက်ကြားမှာ လုပ်လို့ရတဲ့ ကိစ္စက တစ်ခုတည်းရှိတယ်။ အဲဒါက
အပေါ်ကို တင်ပြပြီးမှ လုပ်ရမှာပါလို့။ ကျူပ်တို့ဘက်ကလည်း အပေါ်ကို တင်ပြရမယ်။
ဝန်ကြီးချူပ်တို့ဘက်ကလည်း အပေါ်ကို တင်ပြပါဦး။ ပြီးမှ ပြဿနာကို
ဖြေရှင်းလို့ ရမှာပါ ဆိုတာကို ပြောဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တရားဝင်
ဖြေရှင်းနိုင်အောင် တရားဝင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေ ဖွဲ့စည်း၊
တရားဝင် အချက်အလက်တွေကို အခြေခံလုပ်တော့ ပြေလည်သွားနိုင်တယ် လို့
အကြံပြုခဲ့တယ်။ အဲ့လိုအကြံပြုတဲ့အခါ သူတို့က သူတို့ ဥပဒေတွေကိုပဲ ချပြတယ်။
အဲ့လိုပုံစံပဲဖြစ်တယ်။ တွေ့ဆုံမှုက တဘက်သက်ကျတယ်ပေါ့။
RiA : ဒီလိုပြောကြားမှုတွေကို ပြည်နယ်ဝန်ကြီးချူပ် တစ်ဦးတည်းက ပြောခဲ့တာလား။
ALA : နယ်လုံဝန်ကြီး၊ ပြီးတော့ ရဲမှူး နေမျိုး သူတို့တွေလည်း ပါပါတယ်။
RiA : ပြီးခဲ့တဲ့ တစ်ခေါက် ဗိုလ်မှူး နဲ့ RiA နဲ့ အင်တာဗျူးလုပ်တုန်းက
ဗိုလ်မှူး ပြောခဲ့တာ တစ်ခုရှိတယ်ဗျာ။ ALA/ALP တပ်မတော်သားတွေ၊
တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းဝတ်ဆင် သွားလာတာနဲ့ ပတ်သက်ပြီး
ဟန့်တားလိုတယ်ဆိုရင် တရားဝင် ပြောကြားဖို့တော့ လိုမယ် ဆိုပြီးတော့ပေါ့။ ခု
ပြည်နယ်ဝန်ကြီးချူပ်နဲ့ ထိပ်သီး တာဝန်ရှိသူတွေဖြစ်တဲ့ နယ်/လုံ ၀န်ကြီးနဲ့၊
ပြည်နယ်ရဲမှူးတို့ကိုယ်တိုင်က ပြောကြားလာပြီး ဆိုတော့ ဒါဟာ
ဗိုလ်မှူးတို့ဘက်က တောင်းဆိုတဲ့ တရားဝင်ပြောကြားမှုလို့ သတ်မှတ်နိုင်မလား။
ALA : ကျွန်တော်က ဖြစ်စေချင်တာက တရားဝင် ပြောကြားဖို့ဆိုတာတောင်
ကျွန်တော်တို့က အပစ်အခတ် ရပ်စဲထားတယ်၊ NCA လက်မှတ် ရေးထိုးထားတယ်။ တရားဝင်
ပြောကြားတာတောင်မှ ဥပမာ ညှိနှိုင်းပြီး ပြောစေချင်ပါတယ်။ သူတို့ဘက်က
တဘက်သတ် လုပ်တယ်ဆိုရင်လဲ အပစ်အခတ်ရပ်စဲရေး စာချူပ်ပါ အချက်အလက်တွေကို
ချိုးဖောက်ရာကျတယ်။ NCA ကိုလည်း မလေးစားရာကျတယ်။
RiA : ဗိုလ်မှူး
ဆိုလိုတဲ့ သဘောက လက်ရှိ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်ဟာ
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ပါ အချက်အလက်တွေကို
သွေဖီပြီး ပြောကြားနေတယ် ဆိုတဲ့ သဘောမျိုး သက်ရောက်နေခဲ့မလား။
ALA :
ဟုတ်ပါတယ်။ ကျူပ် ဆိုလိုချင်တာကလည်း ဒါပါပဲ။ NCA စာချူပ်ပါ
အချက်အလက်တွေနဲ့ မဟုတ်ဘဲ ထပ်မံပြီးတော့ ထုတ်ပြန်ချက်အသစ်တွေ၊
တားမြစ်ကန့်သတ်မှုတွေ လုပ်မယ်ဆိုရင် ဘယ်အချက်ကဖြင့် အစိုးရကို
ထိခိုက်မှုရှိစေနိုင်တယ်။ ဘယ်အချက်က ALP/ALA ကို ထိခိုက်စေတယ် စတဲ့
အချက်တွေကိုတော့ နှစ်ဘက်မျှတစွာ စဉ်းစားပြီးမှ တရားဝင် ညှိနှိုင်းပြီးမှ
လုပ်ရမှာပါ။
RiA : ဗိုလ်မှူးပြောကြားချက်အရ ခု ရခိုင်ပြည်နယ်
ဝန်ကြီးချူပ်နဲ့ နယ်/လုံ ၀န်ကြီးတို့ကပါ ဗိုလ်မှူးတို့ကို ယူနီဖောင်း
ဝတ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး NCA စာချူပ်ပါ အချက်အလက်တွေနဲ့ လွဲချော်ပြီး
သတိပေးမှုတွေ ပြုလုပ်လာတဲ့အခါ ဗိုလ်မှူးတို့အနေနဲ့ ဘာများ
တုံ့ပြန်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ALA : သူတို့က သူတို့
နားလည်တဲ့ ဥပဒေ အကြောင်းပဲ ပြောနေတာ။ NCA စာချူပ်ကို သွေဖီတယ်။ သူတို့
သိတဲ့ ဥပဒေနဲ့ ခြိမ်းခြောက်နေတယ်။ အဲဒီလိုဆိုရင် ရေရှည်ငြိမ်းချမ်းရေးကို
သွားနိုင်မှာ မဟုတ်တော့ဘူး။ ငြိမ်းချမ်းကို ရှေးရှုးမယ်ဆိုရင်
နှစ်ဘက်ညှိနှိုင်းမှုနဲ့ သွားဖို့ လိုအပ်လိမ့်မယ်။ ဒါက ငြိမ်းချမ်းမှုအတွက်
အကောင်းဆုံးပဲ ဖြစ်ပါတယ်။
RiA : ဟုတ်ကဲ့ ဗိုလ်မှူး ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ALA : ဟုတ်ကဲ့ ကျေးဇူးပါ။
----------------
ALP/ALA ကို လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈
နှစ်အကြာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့
အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA
နှင့် အတူ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ
KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA၊
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA စတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာ
အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
0 comments:
Post a Comment