Thursday, June 23, 2016

အရပ်သားအစိုးရကို ခြိမ်းခြောက်နေသော ရခိုင်မြေမှ လူမျိုးရေးအယူသီးများ

 နေသော်/Root Investigative Agency

Ku Klux Klan (KKK) ဟု ကျော်ကြားသည့် ကူကလပ်ကလန် ခေါ် ကေသုံးလုံးဂိုဏ်းသည် အမေရိကန်နိုင်ငံမှ လူမျိုးရေး အယူသီးအုပ်စုတစ်ခု၏ လျှို့ဝှက်အမည်ဖြစ်သည်။

အမေရိကန်နိုင်ငံအတွင်းသို့ အခြားနိုင်ငံများမှ လာရောက်နေထိုင်သည့်၊ အထူးသဖြင့် ဂျူးလူမျိုးများနှင့် နီးဂရိုးလူမည်းများ၊ ကက်သလစ်ဘာသာဝင်များကို ဦးတည်တိုက်ခိုက်ရန် လျှို့ဝှက်ဖွဲ့စည်းထားသည် အဖွဲ့လည်း ဖြစ်သည်။

အမေရိကန် ပြည်တွင်းစစ်ကာလက ၁၈၆၀ ပြည့် လွန်နှစ်များတွင် တောင်ပိုင်းပြည်နယ်များမှ စတင် ပေါ်ပေါက်လာခဲ့ပြီး လူမည်းများကို ကျွန်ဘ၀မှ လွတ်လပ်ခွင့်ပေးခြင်းကို ကူကလပ်ကလန် ဂိုဏ်းမှ အကြမ်းဖက် နည်းကို အသုံးပြု၍ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့သည်။

၁၈၆၉ တွင် အမေရိကန် ကွန်ကရက်လွှတ်တော်မှ ကေသုံးလုံး ဂိုဏ်းကို တရားဝင် ဖျက်သိမ်းခဲ့သော်လည်း ထိုဂိုဏ်းမှာ ဆက်လက် လှုပ်ရှားခဲ့သည်။ လျှို့ဝှက်စွာ စည်းရုံးမှု အားကောင်းသော ထိုဂိုဏ်းသည် အမေရိကန် တစ်ပြည်နယ်လုံး အတွင်း အသင်းခွဲငယ်များကို ဖွဲ့စည်းနိုင်ခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI မှ လျှို့ဝှက်ထောက်ပံ့မှုများကို ကေသုံးလုံးဂိုဏ်းမှ ရရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာသည်အထိ အမေရိကန်နိုင်ငံအတွင်း သြဇာအင်အားကြီးမားသော လူမျိုးရေး အယူသီး အကြမ်းဖက် ဂိုဏ်းတစ်ခုဖြစ်သည်။

၁၉၆၀ ပြည့်နှစ်များက လူ့အခွင့်အရေး လှုပ်ရှားမှုတွင် သြဇာရှိသော ဒေါက်တာ မာတင်လူသာကင်း အဖွဲ့နှင့် လူမည်း အခွင့်အရေး လှုပ်ရှားသော အဖွဲ့များအပြင် ပြည်သူ့အခွင့်အရေး လှုပ်ရှားသူများကိုပါ ကေသုံးလုံးအဖွဲ့က အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုခဲ့ကြောင်း ထိုအချိန်က ကမ္ဘာ့မီဒီယာကြီးများက အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ကြသည်။

ယနေ့အချိန်တွင် KKK လှုပ်ရှားအဖွဲ့သည် အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ Texas, Arkansas, and Louisiana များတွင် ၁၉ ဖွဲ့ထိ ရှိနေပြီး အင်အား ၈ ထောင်ခန့်ရှိကာ သမ္မတလောင်းအဖြစ် ၀င်ရောက်အရွေးခံမည့် Republican ပါတီ၏  Donald Trump မှာ KKK ၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့ကြောင်း NBC က ဖော်ပြသည်။

လူမည်းမုန်းတီးရေးမှသည် အစ္စလမ်မုန်းတီးရေးသို့ ဦးတည်နေသည့် အမေရိကန် လူဖြူ Ku Klux Klan (KKK) ၏ လှုပ်ရှားမှုများသည် တခါတရံတွင် တန်ပြန် အကြမ်းဖက်တတ်ကြောင်းလည်း ဝေဖန်ရေး ဆောင်းပါးရှင်များက သုံးသပ်ကြသည်။

နိုင်ငံတွင်းရှိ လူမည်းများ၏ အခွင့်အရေးကို လျော့ချနိုင်ရန် လူဖြူများကို ပြန်လည် အကြမ်း ဖက်တိုက်ခိုက်ခြင်းဖြင့် လူမည်းများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး နိုင်ငံသားတို့၏ ရှုတ်ချမှုများကို ရရှိစေရန်လည်း KKK မှ ပြုလုပ်တတ်သည်ဟု ဆိုသည်။

" အဖွဲ့ရဲ့ အင်အားက နည်းပါးတယ် ဆိုပေမယ့် လှုပ်ရှားမှုတွေက ပိုမို အသေးစိတ်ဆန်လွန်းပါတယ်။ အလွယ်တကူ လူစုတာ၊ လူခွဲတာတွေကို စနစ်တကျ ပြုလုပ်နိုင်ကြပြီး တခါတရံ အမုန်းတရား လက်ကမ်းစာစောင်တွေ၊ လှုံ့ဆော်စာတွေနဲ့ ပြည်သူအချင်းချင်း တိုက်ခိုက်စေအောင် ပြုလုပ်တတ်တာကြောင့် အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေမှာ သူတို့ရဲ့ ပါဝင်မှုကို ခန့်မှန်းဖို့ ခက်ခဲပါတယ်" ကယ်လီဖုန်းနီးယား ပြည်နယ် တက္ကသိုလ်မှ အမုန်းတရားများနှင့် အစွန်းရောက်များ လေ့လာရေး စင်တာ၏ ညွှန်ကြားရေးမှူး ဆန်ဘာနတ်ဒီနိုးက CNN နှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

ယင်းသို့ လူမျိုးရေး အယူသီးပြီး အခြားသော အသားအရောင်ကွဲပြားသော၊ ယုံကြည်ကိုးကွယ်မှု မတူညီသော သူများ နိုင်ငံအတွင်း ပြည်နယ်အတွင်း ရွေ့ပြောင်းဝင်ရောက်မည်ကို စိုးရိမ်ပြီး အကြမ်းဖက်မှုကို လက်ဦးမှု ရယူသည့် KKK ဂိုဏ်း၏ လုပ်ရပ်တချို့နှင့် သဏ္ဍန်တူသော အခြေအနေများ ရခိုင်ပြည်နယ်ဘက်တွင် ခပ်စိပ်စိပ် မြင်တွေ့လာရသည်။

စင်စစ်အားဖြင့် လူသား သမိုင်းတလျှောက်တွင် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်ခြင်းသည် ထုံးတမ်း စဉ်လာဖြစ်သည်။

နေရာတစ်နေရာတွင် အတည်တကျ နေထိုင်မိကြလျှင် ထိုနေရာ၌ စုစည်းမိသူများသည် နှစ်ကာလ ကြာရှည်သောအခါ လူမျိုးဟူ၍ ဖြစ်တည်လာသည်။ ထိုအခါ သူတို့နေထိုင်ရာသို့ နောက်ထပ် လူသစ်များ လာရောက်မည်ဆိုလျှင် မလိုလားကြတော့ချေ။

နေရာဌာနရွှေ့ပြောင်း နေထိုင်ခြင်းတွင် တွန်းအားနှင့် ဆွဲအား ဟူ၍ အကြောင်းပြချက် နှစ်ရပ်ရှိသည်။  တွန်းအားများမှာ ပင်းရင်း ဌာနေတွင် အလုပ်အကိုင်ရှားပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ နိုင်ငံရေး နှိပ်ကွပ်ခံရခြင်း၊ စစ်ဖြစ်နေခြင်း၊ အသက်အိုးအိမ် စည်းစိမ် အန္တရာယ်ရှိခြင်း၊ ဆေးကုသမှုဆိုင်ရာ ညံ့ဖျင်းခြင်း၊ ဘာသာရေး လွတ်လပ်ခွင့် မရှိခြင်း၊ ပညာရေးနိမ့်ကျခြင်း၊ သဘာဝဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ လုံခြုံမှု အာမခံချက် မရှိခြင်းတို့ဖြစ်သည်။ ဆွဲအားများမှာ တွန်းအားကို ဖြစ်ပေါ်စေသော အချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်ခြင်း (သို့မဟုတ်) တောရွာတစ်ခုမှ မြို့ပြ တစ်ခုသို့ ပြောင်းရွေ့နေထိုင်ခြင်းသည် အထက်ဖော်ပြပါ တွန်းအားများကြောင့် (သို့မဟုတ်) ဆွဲအားများကြောင့် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ လူဖြူလူမည်း ပြဿနာနှင့် ရခိုင်ပြည်နယ်၏ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပြဿနာများ၏ ရင်းမြစ်မှာ လွတ်လပ်ခွင့်နှင့် အလုပ်အကိုင်ပြဿနာ အတွက် ရွှေ့ပြောင်းနေထိုင်ခြင်းမှ အစပြုခြင်းဖြစ်သည်။

မိခင်နိုင်ငံတွင် အလုပ်အကိုင်ရှားပါးခြင်းကြောင့် အိမ်နီးချင်း (သို့မဟုတ်) မိခင်နိုင်ငံထက် ဖွံ့ဖြိုးမှုအနည်းငယ်သာလွန်သော နိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်လာရာမှ ကာလကြာရှည်သည့်အခါ ယင်းနိုင်ငံ၏ ရပိုင်ခွင့် အခွင့်အရေးများကို ရယူလိုသည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများအား လက်ခံထားသည့် နိုင်ငံများက စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်၍ တားဆီး ထုတ်ပြန်ခြင်းများ ရှိသည်။ ယနေ့ ရခိုင်ပြည်နယ်၏ ရွှေ့ပြောင်းနေထိုင်သူများ အကြပ်အတည်းသည် မိမိနိုင်ငံ၏ လိုအပ်ချက်အလျောက် လိုအပ်သော လူဝင်မှု မူဝါဒများကို မချမှတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံရေးပြဿနာဖြစ်သည်။

ယင်းအစား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ သင့်မြတ် ယှဉ်တွဲနေထိုင်ခြင်း ဟူသော ရောနှောနေထိုင်ခြင်းကို ဦးတည်စေသော၊ အခွင့်အရေးများကို အတူတကွ ခံစားစေသော ဆုံးဖြတ်ချက်များကို ပြောင်းလဲရန် ဖိအားပေးလိုသော လှုပ်ရှားမှုများကို KKK ကဲ့သို့ လူမျိုးရေးအယူသီး ၀ါဒီတချို့က မလိုလားကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၏ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့မှ အစပြုခဲ့သော မှုခင်း (မုဒိန်းမှု) သည် KKK ကဲ့သို့ လူမျိုးရေး အယူသီးသူတချို့၏ အင်တိုက် အားတိုက်လှုပ်ရှားမှုကို တိတ်တဆိတ် အားပေးခဲ့သည်။

မေ တစ်နေ့မှ အစပြုခဲ့သော ရခိုင်ပြည်နယ်၏ ကူကလပ်ကလန် ခေါ် ကေသုံးလုံး ၀ါဒီများသည် ပြည်နယ်အတွင်း ရွှေ့ပြောင်း ၀င်ရောက်နေထိုင်သူများ ပြဿနာ  “နှစ်ကာလ ကြာရှည်သောအခါ လူမျိုးဟူ၍ ဖြစ်တည်လာသည်။ ထိုအခါ သူတို့နေထိုင်ရာသို့ နောက်ထပ် လူသစ်များ လာရောက်မည်ဆိုလျှင် မလိုလားကြတော့ချေ။”  ကို အမျိုးသားရေး တိုက်ပွဲသဏ္ဍန် တစ်ခုအဖြစ် တိတ်တဆိတ် သွတ်သွင်းလာခဲ့ကြသည်။

အထူးသဖြင့် ကူကလပ်ကလန်များသည် ဘာသာရေးနှင့် အမျိုးသားရေးဝါဒီကို အခြေပြုသည်ဖြစ်၍ သက်ဆိုင်ရာ ဘာသာရေးနှင့် အမျိုးသားခေါင်းဆောင်များ၏ အားပေးထောက်ခံမှုများကို ရရှိကြစမြဲဖြစ်သည်။

လေးနှစ်တာ စစ်အေးကာလအတွင်း ရခိုင်ပြည်နယ်၏ ကူကလပ်ကလန် ခေါ် ကေသုံးလုံးဝါဒီများ၏ စုရုံးအားကောင်းမှု၊ မီဒီယာလှုံ့ဆော်မှုများသည် တကျော့ပြန် အကြမ်းဖက်မှုကြီးတရပ်ကို အချိန်မရွေး ဖန်တီးနိုင်ကြောင်း နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံးပေါ်ပေါက်လာသည့် အရပ်သားအစိုးရကို ခြိမ်းခြောက်လျှက်ရှိသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top