Saturday, April 30, 2016

စကားလုံးတိုက်ပွဲ

လင်းကျော်အောင်၊ ဧပြီ ၃၀ ရက်

ဧပြီလ (၂၈) ရက်နေ့က ရာပေါင်းများစွာသော မြန်မာပြည်သူတွေဟာ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန်အစိုးရ အနေနဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို ဆက် မသုံးစွဲဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။


“ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ အယင်ကတည်းကနေ ရှင်းရှင်း လင်းလင်း ပြောပြီးသားပါ။” ဟု ဆန့်ကျင်ဆန္ဒပြမယ့် ၀င်းဇော်ဇော်လတ်က တူရကီ သတင်းဌာနတခုဖြစ်တဲ့ Anadolu သတင်းဌာနကို ဆန္ဒပြပွဲ မတိုင်မှီ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တို့က အမေရိကန် အစိုးရ၊ အနောက်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ တွေကို ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ဆက်မသုံးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာက နားလည်လက်ခံထားကြတာက ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ ဘင်္ဂလီစကားပြောတဲ့ လူနည်းစု မူစလင်လူမျိုးတွေ ဖြစ်တယ်၊ (၁) သန်းကျော်သော ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြပြီး၊ အဲဒီထဲက အများစုဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ ရခိုင်ပြည်နယ် နယ်စပ်တွေမှာ နေထိုင်ကြတယ် လို့ သိထားကြပါတယ်။ ဒီလူမျိုးစုတွေဟာ အရေအတွက်အရရောဈ ကာလရှည်ကြာ မြန်မာနိုင်ငံမှာ အစဉ်အဆက် နေထိုင်ခဲ့ကြပေမယ့် မြန်မာအစိုးရက သူတို့လူမျိုးစုကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုကြပါဘူး။

နိုင်ငံမဲ့ဖြစ်နေတဲ့ အခြေအနေက ရိုဟင်ဂျာလူမျိုးတွေကို ဒုက္ခမျိုးစုံ ရောက်စေပါတယ်။ မကြာသေးခင် နှစ်တွေက လူမျိုးရေး အဓိကရုဏ်းတွေက ရိုဟင်ဂျာမျိုးနွယ်စုတွေကို အိုးအိမ်မဲ့၊ နေရပ်စွန့်ခွာတဲ့ ဘ၀ကို ရောက်သွားစေပါတယ်။ အခုအချိန်မှာတော့ သူတို့တွေဟာ ညစ်ညစ် ပတ်ပတ်၊ စုတ်ပြဲနုချာလှတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

ဒီအခြေအနေတွေက နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် အာရုံစိုက်စရာ တခု ဖြစ်လာစေခဲ့ပါတယ်။ (၂၀၁၄) တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ် ကင်တားနားက မြန်မာ အစိုးရရဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် “ခွဲခြားဆက်ဆံမှုဈ ဖိနှိပ် နှိပ်စက်မှု” ပေါ်လစီတွေဟာ လူသားမျိုးနွယ်စုတခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇာဝတ်မှု ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ရိုဟင်ဂျာအရေးဟာ မြန်မာနိုင်ငံအတွင်း တဖြည်းဖြည်း ကြီးထွားလာနေတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ရှိတဲ့ လစ်ဘရယ် အင်အားစုတွေတောင် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းတွေကို ရှောင်သုံးလာကြတယ် ဆိုတာကို နိုင်ငံခြားသားတွေ သတိပြုမိကြပါတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တောင် ရိုဟင်ဂျာ လူနည်းစုတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို ခံရပါသေးတယ်။

ရိုဟင်ဂျာအရေးဟာ ဝေါဟာရဆိုင်ရာ ရင်းမြစ်နဲ့ဆိုင်တဲ့ ဝေါဟာရတ္တဗေဒ တခုလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ လူနည်းစုတခုကို ကွက်ပြီး ညွှန်းဆိုနေတာ ဖြစ်ပါတယ်။ အမေရိကန် သံရုံရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ သူတွေက ရိုဟင်ဂျာဆိုသူတွေဟာ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်တဲ့ ဘင်္ဂလီ လူမျိုးစုသာ ဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။ ဘင်္ဂလီလို့ ခေါ်ကြတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အများစု ယုံကြည် လက်ခံ ထားကြတာကတော့ ရိုဟင်ဂျာလို့ ပြောနေကြတဲ့သူတွေဟာ (၁၉၇၁) ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲကာလနှင့် နှောင်းပိုင်း မြန်မာနိုင်ငံကို တရားမ၀င် ခိုးဝင်လာသူတွေ ဖြစ်တယ်၊ သူတို့ဟာ မြန်မာနိုင်ငံရဲ့ (၁၉၈၂) နိုင်ငံသား ဥပဒေအရ တရားဝင် လူမျိုးစုတခု အဖြစ် အသိအမှတ် မပြုနိုင်ဘူး လို့ လက်ခံထားကြပါတယ်။

အရင် စစ်အစိုးရ သတ်မှတ်ပြဌာန်းခဲ့တဲ့ (၁၉၈၂) နိုင်ငံသား ဥပဒေအရ ပထမ အင်္ဂလိပ် - မြန်မာစစ်မဖြစ်ပွားမှီ (၁၈၂၃) မတိုင်မှီက မြန်မာနိုင်ငံရဲ့ နယ်နမိတ်အတွင်း နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးသာ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အင်္ဂလိပ် - မြန်မာစစ်ပွဲကြောင့် မြန်မာပြည်ဟာ ဗြိတိသျှ အင်ပါယာရဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ (နောက်ပိုင်း တတိုင်းပြည်လုံးဟာ ဗြိတိသျှ အိန္ဒိယအုပ်ချုပ်ရေးရဲ့ အစိတ်အပိုင်းတခု ဖြစ်လာပြီး (၁၉၄၈) အထိ ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပါတယ်။) ယခု စစ်အစိုးရ ပြုတ်ကျသွားခဲ့ပြီး အရပ်သားအစိုးရ တက်လာပေမယ့် (၁၉၈၂) က သတ်မှတ်ခဲ့တဲ့ တိုင်းရင်းသား (၁၃၅) မျိုးမူကို ဆက်လက်ကိုင်စွဲ ထားတုန်းပါပဲ။

ပညာရှင်တွေက မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုတွေကို ဒီလိုအမျိုးအစားခွဲခြား သတ်မှတ်ထားတာဟာ ရိုးစင်းလွန်းရာ ကျလွန်းတယ်လို့ ဝေဖန်ကြပါတယ်။ သူတို့ ပြောတာက ရိုဟင်ဂျာဆိုသူတွေဟာ မြန်မာနိုင်ငံထဲမှာ မျိုးဆက်အလိုက် နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်၊ ဒီမူဆလင် အသိုင်းအ၀ိုင်းဟာ (၁၈၂၃) မတိုင်မှီတုန်းက နေထိုင်ခဲ့ကြတဲ့ သမိုင်း အထောက်အထားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မြန်မာပြည် ဗြိတိသျှ အင်ပါယာ လက်အောက်ကို ကျရောက်ပြီး မူဆလင်တွေကို အင်္ဂလိပ်အစိုးရက မြန်မာပြည်ထဲသို့ ခေါ်သွားလာခဲ့တာလည်း ရှိပါတယ်။ (၁၇၉၉) ခုနှစ်မှစပြီး သမိုင်ကြောင်းကို လေ့လားထားတဲ့ လေ့လာထားချက်တခုအရ “ရိုအင်ဂါ” ဆိုတဲ့ လူမျိုးစုတစုဟာ အခုလက်ရှိ ရခိုင်ပြည်လို့ ခေါ်နေတဲ့ ဒေသမှာ ကာလရှည်ကြာ အခြေချ နေထိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ရိုဟင်ဂျာမျိုးနွယ်စုတွေရဲ့ ကာလရှည်ကြာ သမိုင်းကြောင်းလို့ ဆိုပါတယ်။

သေချာတာတခုကတော့ (၁၉၉၀) မတိုင်မှီထိ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို အခု ရိုဟင်ဂျာလို့ ပြောနေတဲ့သူတွေရော၊ ရိုဟင်ဂျာ အရေးကို ထောက်ခံတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ပြောဆို သုံးနှုန်းမှု မရှိခဲ့ကြပါဘူး။ ဆန့်ကျင်ဝေဖန်သူ တချို့က ရိုဟင်ဂျာဆိုတာ လူမျိုးစုတစုအဖြစ် မကြာမှီကပဲ လုပ်ယူ ဖန်တီးလိုက်တဲ့ လုပ်ဇာတ်တခုလို့ ဆိုကြပေမယ့် (၁၉၄၈) မှ (၁၉၆၂) အကြား ၀န်ကြီးချုပ် ဦးနု အစိုးရလက်ထက်၊ ပါလီမန်အုပ်ချုပ်ရေး ကာလမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို အကြိမ်ပေါင်း မနည်း သုံးစွဲခဲ့တာ မှတ်တမ်းတွေက လှစ်ဟာ ပြသနေပါတယ်။

ရိုဟင်ဂျာ ဝေါဟာရ အသုံးအနှုန်း ပြဿနာဇစ်မြစ်ဟာ လူမျိုးစုနဲ့ ကိုယ်ပိုင်လက္ခဏ ဆိုင်ရာ ရှုပ်ထွေးပွေလီမှု သမိုင်းရဲ့ ရောင်ပြန်ဟပ်မှုတခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တချို့ ရိုဟင်ဂျာဆိုသူတွေက “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို အသာစီးရလိုမှု အတွက် သုံးစွဲကြပါတယ်။ အသေးစိပ် ခြယ်မှုန်းရေးသားထားတဲ့ အာရပ်၊ ပါရှားနဲ့ဆက်နွယ်တဲ့ (၈) ရာစု သင်္ဘောပျက် ဇာတ်လမ်းနဲ့ တွဲပြောတတ်ကြပါတယ်။

ရိုဟင်ဂျာဆိုသူတွေရဲ့ ကိုယ်ပိုင်မျိုးနွယ်စု လက္ခဏ ရှင်းလင်းပြတ်သားမှု မရှိတာကလည်း သူတို့ကို တိုင်းပြည်ကနေ အတင်းအဓမ္မ နှင်ထုတ်ဖို့၊ ဒါမှ မဟုတ် လူနည်းစုအဖြစ်တည်ရှိမှုကို ပြင်းပယ်ဖို့အထိ အသုံးချစရာ ဖြစ်လာနေပါတယ်။ မကြာသေးမှီ နှစ်တွေက ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဆိုသူတွေဟာ ဘုတ်တွေနဲ့ လှေစီး ဒုက္ခသည် အဖြစ် မြန်မာနိုင်ငံက ထွက်ပြေး ခဲ့ကြပါတယ်။ မြန်မာအစိုးရက လှေစီးဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်း သုံးရင် အစည်းအဝေးမတက်လို့ အကြောင်း ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ ရိုဟင်ဂျာ ဆိုသူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကြည်ကြည်ဖြူဖြူ လက်မခံချင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်က ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း တခုကို ရေကြီးဒဏ်ခံရနိုင်တဲ့  ဝေးလွန်ခေါင်ဖျားတဲ့ ကျွန်းတကျွန်းဆီ ရွှေ့ဖို့ အဆိုပြုခဲ့ပါသေးတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် မြန်မာပြည်သူတွေ လက်မခံနိုင်ကြောင်း တုန့်ပြန်ပြော ဆိုနေပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အဆိုပါအသုံးအနှုန်းကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒမရှိသေးပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂက ရိုဟင်ဂျာဆိုသူတွေကို အပြည့်အ၀ နိုင်ငံသား သတ်မှတ်ဖို့ တောင်းဆိုထားပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကလည်း (၂၀၁၄) မြန်မာပြည် ခရီးစဉ်မှာလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ထပ်ခါ တလဲ အသုံးပြုသွားခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ ဆက်ပြီးရှိနေအုံးမှာပါ။

(အမေရိကန် အခြေစိုက် The Washington Post သတင်းစာပါ The battle over the word ‘Rohingya’ ကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

1 comment:

  1. Not base on deep root only on so called international medias. IDP camps are repaired depend on budget. 1799 by some english traveller is not historian and wrote'called themself that name. After 1948 to 1962 gov of Myanmar franchised that word to brand bengalis living in NRS.Old history of india' china did not stated that word.Funny if related with Persia or Arab dialect should connected.u

    ReplyDelete

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top