သဘောထားထုတ်ပြန်ချက်
အမှတ် ၊ ထုတ်ပြန် / RiA /၂ /၂၀၁၆
ရက်စွဲ ၊ ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်
၂၀၁၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့ နံနက်က စစ်တွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင်း တရားမ၀င် ၀င်ရောက် နေထိုင်သူများ ရှိမရှိနှင့်ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ၀င်ရောက်စစ်ဆေးခဲ့မှုတွင် ရခိုင် ပြည်နယ်အခြေစိုက် သတင်းထောက်များ၏ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းအချက်အလက်များကို သက်ဆိုင်ရာ အာဏာပိုင်များက ဖျက်ဆီးခဲ့ပါသည်။
ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ပေါ်ပေါက်လာသည့် အရပ်သားအစိုးရ လက်ထက် တွင် သတင်းမီဒီယာများကို ဆိုးရွားစွာ ဖိနှိပ်ခြင်းအဖြစ် Root Investigative Agency – RiA မှ ရှုမြင်သည်။
ရခိုင်ပြည်နယ်သည် ၂၀၁၀ ဒီမိုကရေစီအစိုးရလက်ထက် သတင်းမီဒီယာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့မှု ကြောင့် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်း ခဲ့ရပြီး ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအနေနှင့် သတင်းမီဒီယာများအပေါ် သတင်းလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏ လုံခြုံရေးများကို အကာ အကွယ်ပြုရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း ယခုဖြစ်ရပ်နှင့် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က စစ်တွေမြို့ရှိ Root Investigative Agency ၏ အယ်ဒီတာချူပ် နေအိမ် ဗုံးတိုက်ခိုက်ခံခဲ့ရမှု လက်သည် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသည်တို့က သက်သေပြနေသည်။
သို့ဖြစ်ရာ Root Investigative Agency မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အောက်ပါအတိုင်း တောင်းဆို အပ်သည်။
၁) ၂၀၁၆ ၊ မေလ ၂၁ ရက်နေ့က သတင်းထောက်များ၏ မှတ်တမ်းအချက်အလက်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဒေသခံ သတင်းထောက်များကို ကျေနပ်သည်အထိ ရှင်းလင်းမှုပြုလုပ်ပေးရန်။
၂) ၂၀၁၆ ၊ မတ်လ ၁၀ ရက်နေ့က Root Investigative Agency ၏ အယ်ဒီတာချူပ် နေအိမ် ဗုံးတိုက်ခိုက် ခံခဲ့ရမှုတွင် ကျူးလွန်ခဲ့သူများကို အမြန်ဆုံး ဖော်ထုတ်ပေးရန်။
၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် အစိုးရပိုင် မီဒီယာနှင့် ပုဂ္ဂလိကပိုင် သတင်းမီဒီယာများကြား ခွဲခြား ဆက်ဆံမှု မပြုရန်။
RiA – Root Investigative Agency
Contact: +95(0)9786609695
0 comments:
Post a Comment