Monday, September 5, 2016

ကရင်တွေ စစ်နားချိန်၊ ရခိုင်တွေ စစ်တိုက်မှာလား

ဦးမြတ်ကို (စစ်တွေ)

 ‘‘ဆယ်မိနစ် စကားပြောဖို့ အတွက် နှစ်ပေါင်း ၆၀ စောင့်ရ တယ်။ သက္ကရာဇ်အနေနဲ့ ဒီလို အခွင့်အရေးမျိုးကို နှစ်ပေါင်းများစွာ စောင့်နေရတယ်။ ဒီလိုအခွင့်အရေးမရလို့ တောထဲတောင်ထဲ၊ တိုက်ပွဲထဲမှာ ကျဆုံးနေတဲ့ အစိုးရဘက်က တပ်မတော်သား ဘယ်နှယောက်ရှိလဲ။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲက ရဲဘော် ဘယ်နှစ်ယောက် သေခဲ့သလဲ။ ဒီလူတွေရဲ့ အသက်၊ ဒီလူတွေရဲ့သွေး၊ အဲဒါကို ကျွန်တော်တို့ အနေနဲ့ လေးစား ဂုဏ်ပြုသင့်တယ်။ ငြိမ်းချမ်းရေးရဲ့ အဖိုးအခအဖြစ် အားလုံးက လေးစားသင့်တယ်” 


(၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေး ပူးတွဲကော်မတီဝင်၊ ချင်းအမျိုးသားခေါင်းဆောင် တဦးဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလွန်တရာ တန်ဖိုးရှိ၊ သမိုင်းအမြင်ရှိသည့် စကားတခု ဖြစ်ပါသည်။ နှစ်ပေါင်း (၆၀) ကျော် ကြာညောင်းခဲ့သော ပြည်တွင်းစစ်ကို ယခုကဲ့သို့ ရတောင့်ရခဲ အချိန်တွင် ငြိမ်းသတ်နိုင်ဖို့ အဖြေရှာရမည့် အချိန်ကာလတခု ဖြစ်ပါသည်။

(၂၁) ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင်ရော၊ လက်နက်မကိုင်ရော၊ အစိုးရ၊ တပ်မတော်တို့ကပါ သူတို့၏ လိုလားချက်များ၊ ရပ်တည်ချက်များကို တင်ပြခဲ့သည်များကိုလည်း ဖတ်မှတ်ရပါသည်။ တဘက်နှင့် တဘက် ၀ိရောဓိ ဖြစ်ကြသည့် အခြေအနေများ ရှိကြသော်လည်း တွေ့ဆုံ ဆွေးနွေး အဖြေရှာရနိုင်မှ မြန်မာပြည်၏ အထွေထွေ ပြဿနာရပ်များ ပြေငြိမ်းပြီး တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရောက်ရှိလာမည် ဆိုသည်ကိုက အားလုံးက ခံယူလာကြပြီး ဖြစ်သည်။ မြန်မာ့အာရုဏ်ဦး ရောက်ရှိလာတော့မည်ဟု ၀မ်းသာပီတိ ဖြစ်ရပါသည်။

သို့သော် တိုင်းရင်းသားဘက်မှာရော၊ မြန်မာ့ တပ်မတော်ဘက်မှာပါ တစ်ဦးအပေါ် တစ်ဦး စစ်ရေးနည်းဖြင့်သာ အမြစ်ပြတ် ချေမှုန်းနိုင်မှ အောင်မြင်မည်ဟု လက်ကိုင်ထားကြသည့် အင်အားစု အချို့လည်း ရှိနေသေးသည်။ အတိတ်၏ ခါးသီးမှု ဒဏ်ရာ ဒဏ်ချက်များကို နောက်ထပ် တပြန် ပြန်လည်မွေးဖွားလိုသည်လား။ သို့တည်းမဟုတ် အနိဌာရုံမြင်ကွင်းများကို ယဉ်ပါးလောက်အောင် လူသား မဆန်သည့် စိတ်များ ရင်ထဲ ကိန်းအောင်းနေပြီလား မတွေးတတ်အောင် ဖြစ်ရပါသည်။ ထိုကဲ့သို့ တင်းမာသည့် အယူအဆ ရှိသူများထဲတွင် ရခိုင် အမျိုးသားရေးသမားအချို့လည်း ပါဝင်သည်။

ရခိုင်လူ့အဖွဲ့အစည်းထဲတွင် စစ်ရေးအသားပေး ရခိုင်အမျိုးသားရေး လှုပ်ရှားမှုကို တွန်းတင်ပေးလိုသည့် အယူအဆများ တဖြည်းဖြည်း ရှေ့တန်းရောက်လာသည်။

ခေတ်အဆက်ဆက် တိုင်းရင်းသား လက်နက်ကိုင်လှုပ်ရှားမှု သမိုင်းကြောင်းကို ပြန်ပြောင်းကြည့် လိုက်လျှင် မြန်မာပြည် အနောက်ဘက် ရခိုင်ဒေသ၌ စစ်မျက်နှာ ဖွင့်လှစ်နိုင်လျှင် ဗမာအစိုးရအား ၀ိုင်းပတ် ချေမှုန်းနိုင်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်များပါ၊ ရခိုင်တော်လှန်ရေး ခေါင်းဆောင်များပါ ကြိုးပမ်းခဲ့ကြသည်။ အကောင်ထည်လည်း ဖော်ခဲ့ကြသည်။

သို့သော် ရခိုင် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ခေါင်းဆောင်များ၏ အနောက်ဘက် စစ်မျက်နှာ ဖွင့်လှစ်ရေး ကြိုးပမ်းမှုများသည်လည်း ၀မ်းနည်းစွာပင် အသက်ခန္ဓာ ပေးဆပ်ရမှုဖြင့် နိဂုံးချုပ်ခဲ့ရသည်။ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း၊ ဆရာဦး စံကျော်ထွန်းနှင့် ဗိုလ်ရာဇာကဲ့သို့ တခေတ်တခါမှ တဦးပေါ်ထွန်း ခဲ့သော ခေါင်းဆောင်များသည် သူတို့၏ အိမ်ပြန် အိမ်မက်ဖြင့် ဘ၀နိဂုံးချုပ်ခဲ့ကြရသည်။

သို့သော် အဆိုပါ ခေါင်းဆောင်များ မစွမ်းဆောင်နိုင်ခဲ့သောကြောင့် နောက်လူများ မအောင်မြင်နိုင်ပြီလား၊ မလုပ်နိုင်တော့ပြီလားဟု စောဒကတက်ဖွယ် ရှိလာသည်။ လုပ်ကောင်း လုပ်လာနိုင်သည်၊ သို့သော်လည်း နည်းနာအသစ်များ လိုအပ်ပေလိမ့်မည်။ ယခုအချိန်ထိတော့ မဖြစ်နိုင်ဟုသာ ဆိုရမည် ဖြစ်သည်။ လက်ရှိ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ရေး စဉ်းစားချက်၊ အယူအဆမျိုးနှင့် ဆိုလျှင် မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်း မရှိချေ။ နည်းလမ်းဟောင်းအတိုင်းသာ စမ်းကြည့်ကြမည် ဆိုလျှင် ပေးဆပ်ရမည့် တန်ဖိုးလည်း နည်းမည်မဟုတ်ချေ။ ယနေ့ လက်နက်ကိုင် ရခိုင် စစ်ရေး ခေါင်းဆောင်များ၏ စဉ်းစားချက်သည် သာမန်လမ်းရိုးဟောင်းအတိုင်းသာ ဆက်လက်ရှိဆဲဖြစ်ပြီး၊ ရခိုင်လူမျိုးများ၏ စစ်ရေး ဗျူဟာပိုင်းသည်လည်း တိုးတက်လာမှု မရှိသေးချေ။ တနည်းအားဖြင့်ပြောရလျှင် အကန့်အသတ်စစ် (Limited War) အဆင့်သာသာ ရှိပြီး အမှန်တကယ် ကဏ္ဍစုံသုံးပြီး စစ်ဖက် အရပ်ဖက် မခွဲခြားကာ ရန်သူကို အသာစီးရ တိုက်ခိုက်နိုင်သည့် အကြွင်းမဲ့စစ် (All-out War) ဆင်နွှဲရန် အတွက်ဆိုလျှင် ဖြစ်ကို မဖြစ်နိုင်သည့် အနေအထားတွင် ရှိသည်။ သို့သော် အချို့သော စစ်ရေးလွန် ရခိုင်အမျိုးသားများက ထိုကဲ့သို့ ဖြစ်နိုင်မည်ဟု လွှဲမှားစွာ ယုံကြည်နေကြခြင်း ဖြစ်သည်။ ထိုသို့ ယုံကြည်ရန်လည်း စစ်ရေး အသားပေးသမားများက ၀ါဒဖြန့်ချီရေး နည်းနာများကို သုံးပြီး ပြုလုပ်နေကြသည်ကို တွေ့နေရသည်။ သတင်းတု၊ သတင်းလိမ်များဖြင့် မသိနားမလည်သူများကို ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေကြခြင်း ဖြစ်သည်။

(၂၀၁၀) ခုနှစ် အလွန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတွင် အထူးခြားဆုံး အပြောင်းအလဲ တခုမှာ (၁၉၄၉) မှ (၂၀၁၀) ၀န်းကျင်ထိ ကာလရှည်ကြာ စစ်ရေးအသားပြု ခုခံစစ်ဆင်နွှဲခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်ရေးထက် နိုင်ငံရေးကို အားပြုလာသည့် အလှည့် အပြောင်းတခုကို ချည်းကပ်လာသည့် အချက်ဖြစ်သည်။ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ န၀တ၊ နအဖ အစိုးရများနှင့် ငြိမ်းချမ်းရေး ယူခဲ့ကြသော်လည်း KNU သည် ပြည်တွင်း စစ်အား သူတွင် ရှိသည့် အင်အားဖြင့် ဆက်လက် ခုခံခဲ့ရသည်။ ထိုသို့ စစ်ရေးအသားပေးခြင်းကြောင့် အဖွဲ့အစည်းအတွင်း အယူအဆ မတူမှုများ ပေါ်ပေါက်ကာ ခွဲထွက်မှုများ၊ မကျေမလည်မှုများလည်း ရှိခဲ့သည်။

သို့သော် ယနေ့အချိန် ကရင်အမျိုးသားများ အစည်းအရုံး (KNU) ၏ ၂၁ ရာစု ပင်လုံညီလာခံ တွင် တင်သွင်းသည့် စာတမ်းတွင် “နိုင်ငံရေးဆွေးနွေးပွဲများတွင် မိမိတို့လိုလားသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး အတွက် တစ်ဆင့်စီတိုး တက် ဖြစ်ထွန်းမှု အခြေခံ (Progressive Realization) အရ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက် သွားမည်ဖြစ်သည်။”  ဆိုသည့် သူတို့၏ ရပ်တည်ချက်ကို တင်ပြလာခဲ့သည်။

အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းသည့် အချက်ဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့သည် လူမျိုးတမျိုး၏ ပေါ်လစီ အပြောင်းအလဲကို လှစ်ဟာ ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ကရင်အမျိုးသား အဖွဲ့အစည်းများ၏ စာတမ်းများအား စနစ်တကျ တင်ပြနိုင်သည့် စာတမ်းဟု နိုင်ငံရေး လေ့လာ သုံးသပ်သူများက တန်ဖိုးထားခြင်း ခံခဲ့သည်။ အဆိုပါ စာတမ်းများနှင့် ပတ်သက်ပြီး ကရင် တော်လှန်ရေးသမား မိတ်ဆွေတဦးက “ကရင်မှာ ခိုင်မာတဲ့ နိုင်ငံရေးမူဝါဒရှိတာ ကြာပြီလေ။ ချပြခွင့် မရလို့သာ အချိန်အကြာကြီး ကြာခဲ့ကြတာ။ အောင်မြင်မှု ရမည်လို့ ယုံကြည်တယ်” ဆိုခဲ့သည်။ တနည်းအားဖြင့် ပြောရလျှင် စစ်ရေး အသားပေး စဉ်းစားခြင်းမှ နိုင်ငံရေး အသားပေး စဉ်းစားခြင်းသို့ ပြောင်းလဲသွားခြင်းဟု ဆိုနိုင်သည်။ တော်လှန်ရေး အသုံးအနှုန်းနှင့် ပြောရလျှင် “စစ်ရေးချို နိုင်ငံရေး ပို” သည့် နည်းနာ ဖြစ်သည်။ ထိုသို့ ပြောင်းလဲသွားရခြင်း၏ အကြောင်းအရင်းကို မိမိတို့ထက် ပြည်တွင်းစစ်ကို အလူးအလဲ ခံခဲ့ရသည့် ကရင်များသာ ပိုသိပေလိမ့်မယ်။

သို့သော် သေချာ တွေ့မြင်နိုင်သည့် အချက်တခုက ပြည်တွင်းစစ်ကြောင့် ကရင်လူမျိုးများ သေကြေ ပျက်စီး၊ ခြေပြတ်လက်ပြတ် ဦးရေသည် မိမိတို့ ရခိုင်တို့ထက် ပိုများသည့် အချက်ပင် ဖြစ်သည်။ ထို့ကြောင့် စစ်ပန်းလာသည်၊ စစ်ကို ငြီးငွေ့လာသည်မှာ အဆန်းတော့ မဟုတ်ချေ။ စစ်ပွဲများကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ နောက်ကျကျန်ခဲ့ရသည်၊ အိမ်မဲ့ ယာမဲ့များဖြင့် စာမတတ်၊ ပေမတတ် ကရင်လူမျိုးများ ကစဥ့်ကလျား ဖြစ်ခဲ့ရသည်ကို ကရင်လူမျိုးများ လက်တွေ့ကျကျ တွေ့မြင်လာခဲ့ကြသည်။

သို့သော် ယနေ့အချိန် ကရင်က စစ်နားသည့် အချိန်တွင် ရခိုင်က စစ်တိုက်မည်လား ဆိုသည် မေးခွန်း မိမိခေါင်းထဲတွင် အလိုလို ရောက်လာသည်။ ထို့ကြောင့် မိမိအမြင်များကို ရေးကြည့်မိသည်။ ကရင် လူမျိုးကဲ့သို့ စစ်၏ ဆိုးမွေများကို ရခိုင်လူမျိုးများ နေ့စဉ် ရက်ဆက် ခံစားလာရလျှင် စစ်တိုက်ရေး ကြွေးကြော်သံများ အောင်မြင်နိုင်မည်လား။ စစ်ပွဲကြားတွင် ရခိုင်လူမျိုးများ ရှင်သန်ရန် အဆင်သင့် ရှိပြီလား စသည့် မေးခွန်းပေါင်းများစွာကို ဖြေကြည့်ရန် လိုအပ်လာသည်။ စစ်၏ အနိဌာရုံကို ကိုယ်တွေ့ ကြုံဖူးကြသူများသည်သာ စစ်တိုက်ခြင်းထက် ပိုကောင်းသည့် နိုင်ငံရေးနည်းနာကို ရှာဖွေလိုကြသည်သာ ဖြစ်သည်။

ရခိုင်လူမျိုးများအတွက် စစ်နှင့် ပတ်သက်သည့် စဉ်းစားစရာ အချက်တချက်ရှိနေသည်။ အသေအချာ မေးရမည့် မေးခွန်း ဆိုလျှင် ပိုမှန်မည်။ ရခိုင်လူမျိုးများသည် စစ်မက်ရေးကို စိတ်ဝင်စားသလား။ ရခိုင်လူမျိုး စစ်တိုက်သည့် အစဉ်အလာ ရှိသလား။ သမိုင်းကြောင်း ပြန်ကြည့်ပါက ရခိုင်လူမျိုးများသည် စစ်ရေးအသားပေးဖြင့် တိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့ခြင်း မရှိဘဲ ဥာဏ်အမြင်အမြော် အခြေပြုပြီး သံတမန် ဆက်ဆံရေး (Diplomacy)၊ စီးပွားရေး ပါဝါ (Economic Power) ကို အားပြုကာ ဒေသန္တရ၏ ပါဝါချိန်ခွင်ချာအား ထိန်းညှိထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ဘက်စုံ ထိန်းညှိမှု ပျက်ယွင်းပြီး အတွင်းစည်း ပြိုကွဲခြင်းကြောင့် ရခိုင့်ထီးနန်း၊ အချုပ်အခြာအာဏာ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ရခိုင့်တပ်မတော် ကျဆုံးခြင်းကြောင့် ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးသည် ဆိုသည့် အကောက်အယူသည် ၀ါဒဖြန့်ချီရေးသက်သက်၊ လူပြိန်းကြိုက်သက်သက် စကားသာဖြစ်သည်။

ထို့အပြင် အင်္ဂလိပ် လက်ထက်တွင်လည်း ရခိုင်စစ်မှုထမ်း၊ ရခိုင်အမျိုးသား စစ်ခေါင်းဆောင်များနည်းပါးပြီး အုပ်ချုပ်ရေး ယန္တရားများတွင် ပညာရှင်အဆင့်ဖြင့်သာ ၀င်ရောက်လုပ်ကိုင်ခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ရခိုင်လူမျိုးများသည် ဗြူရိုကရေစီ ယန္တရားကို လည်ပတ်ရေးကိုသာ စိတ်အားထက်သန်ကြသည်။ ယနေ့ ရခိုင်လူမျိုးများသည်လည်း စစ်ရေးရာ၊ စစ်ဗျူဟာ အကြောင်းများကို အထူးတလည် လေ့လာမှု မရှိကြချေ။

မိမိပြောသည့် အချက်ကို စာရှုသူအနေဖြင့် ယုံမှား သံသယဖြစ်မိလျှင် ရက်ပေါင်း (၃၆၅) ရက်အတွင်း စစ်နှင့် ပတ်သက်သည့် စာအုပ်၊ စာတမ်း၊ ဆောင်းပါး မည်မျှထိ လေ့လာ ဖတ်ရှုခြင်း ရှိ၊ မရှိ ဖြင့် ပြန်လည် ဆန်းစစ်နိုင်ပေသည်။ သို့သော် ရခိုင်ပြည်၏ ဆိုးရွားလှသော စီးပွားရေးအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုများကြောင့် ယနေ့ခေတ် ရခိုင်လူငယ်အချို့သည် စစ်ရေးနည်းဖြင့်သာ အရာရာကို ဖြေရှင်းနိုင်မည်ဟု ယူဆလာကြသည်။

သို့တည်းမဟုတ် စစ်ရေးဖြင့်သာ ရခိုင်လူမျိုးများအတွက် ဟန်ချက်တခုကို ပြန်လည် မြှင့်တင်ပေးနိုင်မည် ဟုလည်း ယုံကြည်နေကြသည်။ ရခိုင် လက်နက်ကိုင် တပ်ဖွဲ့များ အင်အားကောင်းလာလျှင် ဗမာအစိုးရမှ တူတူတန်တန် ဆက်ဆံလာမည်ဟုလည်း ထင်ကြသည်။ သူတို့၏ ယုံကြည်မှုအား အထောက် အပံ့ဖြစ်စေရန် “၀” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကို ညွှန်းပြတတ်ကြသည်။

သူတို့ ထောက်ပြသည့်အချက်မှာ UWSA ကဲ့သို့ လူအား၊ လက်နက်အား အင်အားတောင့်တင်းလာလျှင် ရခိုင်တို့အား မတို့ မထိရေး ဆိုသည့် အယူအဆဖြစ်သည်။ သို့သော် သူတို့ အနေဖြင့် မရှင်းမလင်း ဖြစ်စေမည့် အချက်မှာ UWSA ၏ လူအင်အား၊ လက်နက်အင်အားကြောင်းလား၊ တရုတ်ပြည်၏ အရှိန်အ၀ါကြောင့်လား ဆိုသည်ကို ခွဲခွဲခြားခြား တွေးမိပုံ မရချေ။

သည်နေရာတွင် “၀” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) အကြောင်းကို အနည်းငယ် ရှင်းပြလိုပါသည်။ ပြောရမည်ဆိုလျှင် “UWSA” သည် န၀တ၊ နအဖ တို့၏ ထုတ်ကုန်တခု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ထိုသို့ ကောက်ချဆွဲခြင်းကြောင့် “၀” အမျိုးသားများ၏ အမျိုးသားတန်းတူရေး လွတ်မြောက်ရေးကို နှိမ့်ချပြောလိုခြင်း မဟုတ်ချေ။ အမှန်တကယ်လည်း ထိုကဲ့သို့ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“၀” ပြည် ပန်ဆမ်းရှိ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ဌာနချုပ်ကို “၀” ခေါင်းဆောင်များ အာဏာ သိမ်းလိုက်ခြင်းဖြင့် တချိန်က အစိုးရ၏ ထိပ်တန်း ရန်သူဖြစ်ခဲ့သော ဗမာပြည် ကွန်မြူနစ် အရေးတော်ပုံကြီးသည် နိဂုံးချုပ်သွားခဲ့သည်။ ထိုကဲ့သို့ တပ်တွင်း အာဏာ သိမ်းမှုကို မြန်မြန်ဆန်ဆန် ဖြစ်စေရန် တရုတ်ပြည်၏ မီးစိမ်းပြမှု ရှိခဲ့သည်ဟုလည်း သုံးသပ်ကြသည်။

ထိုကဲ့သို့ ဗမာအစိုးရအား နေရာအနှံ့ ထိုးစစ်ဆင်နိုင်ခဲ့သော ဗကပ အမြစ်ပြုတ်သွားအောင် တခန်း တနေရာမှ ပါဝင်ခဲ့သည့် UWSA အား ဗမာစစ်အုပ်စုမှ ကောင်းချီးသြဘာပေးခဲ့သလို တရုတ် အစိုးရကလည်း ဗကပ နေရာတွင် ဆက်လက် မွေးမြူထားရမည့် မြန်မာပြည်ထဲမှ တရုတ်၏ လက်တံတခုဟု ရှုမြင်ခဲ့သည်။ ထို့ကြောင့် UWSA အား တရုတ်အစိုးရက ပိုးမွှေးသလို မွေးကာ ရုပ်ဝတ္ထု၊ နည်းပညာ အကူအညီများလည်း ပေးခဲ့သည်။ ထိုသို့ ဗမာအစိုးရနှင့် UWSA ငြိမ်းချမ်းရေး ရယူပြီးသည့် နောက်တွင် စစ်ရေးအရ ထိပ်တိုက်တွေ့မှုများအား UWSA အနေဖြင့် ရှောင်ရှားကာ မြန်မာ့နိုင်ငံရေးနှင့် ခပ်ခွာခွာနေထိုင်ခဲ့ပြီး တရုတ်စတိုင် ဖွံ့ဖြိုးရေးလုပ်ငန်းများအား “၀” ပြည်တွင် အကောင်အထည် ဖော်ခဲ့သည်။ တနည်းအားဖြင့် ပြောရလျှင် UWSA ခေါင်းဆောင်များသည် နိုင်ငံရေးအမြော်အမြင် ရှိရှိဖြင့် အလှည့် အပြောင်းကာလ (Turning Point) တခုကို ကာလရှည်ကြာ စောင့်ဆိုင်းကာ သူတို့ လိုချင်သော “၀” ပြည်နယ် ရရှိရေးကို မျှော်မှန်းထားခဲ့သည်။

“၀” ပြည်နယ် ရရှိရေးအတွက် “၀” ခေါင်းဆောင်များသည် ဗဟိုအစိုးရအား ယနေ့အချိန်ထိ စစ်ရေးနည်းဖြင့် မည်သည့်အခါမျှ ခြိမ်းခြောက် တောင်းဆိုခဲ့ခြင်း မရှိခဲ့ချေ။ ထို့အခြေအနေအား စောဒက တက်လိုသူများက UWSA အင်အားကောင်း၍ ဗမာအစိုးရ မတိုက်ရဲခြင်း ဖြစ်ကြောင်း ကောက်ချက်ဆွဲကောင်း ဆွဲမည်။

မိမိအမြင်မှာတော့ တရုတ်ပြည်ကြောင့်သာ UWSA နှင့် စစ်ရေး ထိပ်တိုက်တွေ့မှု ကင်းလွတ်ခြင်း ရနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ တရုတ်ပြည်အား မြန်မာအစိုးရ ကြောက်ရခြင်း အကြောင်းတရားသည်လည်း စစ်အာဏာရှင်အုပ်စု၏ ထုတ်ကုန်ဟုသာ ဆိုချင်သည်။ တခါတရံ လက်တွေ့ ဖြစ်ရပ်များသည် နိုင်ငံတကာ စစ်ရေး လေ့လာသူများ သုံးသပ်ချက် မှားလောက်အောင် အပြောင်းအလဲများ ဖြစ်တတ်သည်။ ဥပမာအနေဖြင့် သီရိလင်္ကာမှာ တမီးလ်ကျား သူပုန်များအား သီရိလင်္ကာအစိုးရမှ မည်သည့်အခါမျှ တိုက်ခိုက်ချေမှုန်း၍ ရနိုင်တော့မည် မဟုတ်ဟု သုံးသပ်ကြခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်၏ အခန်းကဏ္ဍာကို နားလည် သဘောပေါက်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည် အစိုးရသည် တရုတ်နှင့် ပြန်လည် သင့်မြတ်ရေး ခြေလှမ်းကောင်းများ လှမ်းလာသည်ကို တွေ့နေရသည်။

အကျိုးဆက်အနေဖြင့် လွန်ခဲ့သော (၄) လခန့်က UWSA က ဦးဆောင်ပြီး တစင်ထောင်ရန် ကြံရွယ်ထားသော် စင်ပြိုင် မဟာမိတ် ဇာတ်လမ်းသည်လည်း မှေးမှိန်သွားခဲ့ရသည်။ အဆိုပါ ဂယက်သည် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်း တခုဖြစ်သည့် ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) ကိုလည်း ရိုက်ခတ်မှု ရှိခဲ့သည်။ ဆိုလိုသည်က အဖွဲ့အစည်းတခု၏ သမိုင်းဖြစ်သန်းမှု၊ ထူးခြားဖြစ်စဉ်များ အပေါ်တွင် အလေးမပြုဘဲ UWSA ကဲ့သို့ ရခိုင်လက်နက်ကိုင်များအား တည်ဆောက်လိုက်လျှင် ဆိုသည့် လိုသလို ကောက်ချက်အမှားများ မဆွဲမိစေရန် UWSA သမိုင်းကြောင်းထဲမှ အစအန အချို့ကို ဆွဲထုတ်ပြခြင်းသာ ဖြစ်သည်။

ယနေ့အချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး၏ မျှော်မှန်းချက်သည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေး ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားများပါ၊ မြန်မာ့ တပ်မတော်ဘက်ကပါ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအား စစ်ဇာတ် မသွင်းရန် အရေးကြီးသည်။ တဘက်နှင့် တဘက် မလွှဲသာ မရှောင်သာ၍ ထိပ်တိုက် တိုက်ပွဲများ ဖြစ်ပွားလျှင် သေဆုံးသူ စစ်သည်များ၏ ပုံများကို ထုတ်ပြပြီး စစ်ရေးဆန်ဆန် ၀ါဒဖြန့်ချီမှုများ မလုပ်မိရန် အထူးလိုအပ်သည်။

သို့သော် မိမိတို့ ရခိုင်လူမျိုးများနှင့် ဆက်နွယ်သည့် လူမှု စာမျက်နှာများပေါ်တွင် စစ်ရေးအားသန်သည်ဟု ဆိုရမည့်သူများက အားအားရှိရှိ သတင်းတု၊ ပုံအတုများဖြင့် တိုင်းရင်းသား မဟာမိတ်များ ပူးပေါင်း စစ်ဆင်ကြတော့မည်၊ ထိုနေရာတွင် တိုက်ပွဲဖြစ်၊ သည်နေရာတွင် တိုက်ပွဲဖြစ် ပုံစံမျိုးဖြင့် ရခိုင်လူ့အဖွဲ့အစည်းအား စစ်ဇာတ်သွင်းပြီး စစ်ဝါဒ မှိုင်းတိုက်နေသည်များကိုလည်း တွေ့နေရသည်။

အကျိုးဆက်အနေဖြင့် ရခိုင်လူငယ် အတော်များများသည် အဆိုပါ သတင်းများအား ယုံမှတ်ကာ နိုင်ငံရေးနှင့် ဝေးသထက် ဝေးလာသည်။ နိုင်ငံရေးကို လေ့လာရကောင်းမှန်း မသိဖြစ်လာသည်။ သတင်းလိမ်၊ သတင်းအတုများတွင် ပျော်မွေ့ကာ စဉ်းစား ဆင်ခြင်နိုင်စွမ်းလည်း လျော့နည်းလာသည်။ နိုင်ငံရေးကို အဓိက ဆောင်ရွက်နေကြသည့် ပြည်တွင်း နိုင်ငံရေးသမားကြီးများအား သူတို့၏ အကျိုးအပဲ့ အတွေးအခေါ်များဖြင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာကြသည်။

နိုင်ငံရေးသမားများသည် စစ်ခေါင်းဆောင်များထက် အရည်အချင်း မရှိသလို ၀ါဒဖြန့်ချီရေး သမားများက ပုံဖော်လာကြသည်။ ထို့အတွက်ကြောင့် ရခိုင်နိုင်ငံရေး ပါတီများတွင် အရည်အချင်းရှိရှိ လူငယ်နိုင်ငံရေးသမားများ ဆိတ်သုဉ်းလာခဲ့ရသည်။

ရခိုင်လူ့အဖွဲ့အစည်း နိုင်ငံရေး၏ ပင်ကိုယ် အနစ်သာရ ကင်းမဲ့လာခဲ့သည်။ ၀ါဒမှိုင်းတိုက်သမားများ၏ လုပ်ရပ်များက ရခိုင်ပြည်အား ယနေ့၊ နက်ဖန် တက်သိမ်းပိုက်ပြီး ရခိုင်သမ္မတနိုင်ငံ ထူထောင်မည့် ပုံစံ ဖြစ်လာသည်။ အဆိုပါလုပ်ရပ်များ ရခိုင်လူမျိုးများ၏ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရရေးနှင့် အမျိုးသား တန်းတူရေး ကြိုးပမ်းမှုအား လမ်းလွှဲစေခြင်း ဖြစ်သည်။ ပြည်သူလူထုအား အတွေးအခေါ်မှား၊ အယူအဆမှား၊ စိတ်ကူးယဉ်ခိုင်းနေခြင်းသာ ဖြစ်သည်။ ရခိုင့်တော်လှန်ရေးအား ကိုယ့် ကျိုးစီးပွားအတွက် ပုံဖော်နေခြင်းမျှသာ ဖြစ်သည်။ ၀မ်းနည်း စရာကောင်းသည့် အချက်တခုမှာ အသိအမြင် ဗဟုသုတ နည်းပါးသူများသည် မဟုတ်မမှန် သတင်းများ ဖြန့်နေကြသူများ၏ အသုံးချခံ ဖြစ်နေရသည့် အချက် ဖြစ်သည်။ ထို့ကြောင့် ခေတ် ရှေ့ပြေးသည့် ပညာတတ်၊ နိုင်ငံရေး လေ့လာထားသူများက ၀ိုင်းဝန်းတိုက်ဖျက်ရန် အထူးအရေးကြီးသည်။ ရခိုင့်နိုင်ငံရေး အားကောင်းလာရန်လည်း ပြန်လည် တည်ဆောက်ကြရမည် ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်က မိမိရင်ထဲတွင် ယနေ့တိုင် စွဲမြဲစွာ ကျန်နေခဲ့သည့် ကိုယ်တွေ့အဖြစ်ပျက်တခု အကြောင်း ဖြစ်သည်။ အဖြစ်အပျက်ဆိုသည့်ထက် ပြောစကားများ ဆိုလျှင် ပိုမှန်ပါသည်။ လွန်ခဲ့သော (၁၆) နှစ်၊ (၂၀၀၀) ခုနှစ်ဝန်းကျင်က ရန်ကုန်၊ အမေရိကန် စင်တာအား မိမိနှင့်အတူ ညီအစ်ကိုလို ခင်ရသည့် အစ်ကိုနှစ်ဦး စာအုပ်ငှားရန် သွားရောက်ခဲ့ကြသည်။ စာကြည့်တိုက် စာအုပ်စင်မှ ဂန္ဒီရေးသားသည့် Non-violent resistance စာအုပ်အား ဆွဲယူလိုက်သည့်အခါ မိမိနှင့် အတူပါလာသည် အစ်ကိုတဦးက “ဂန္ဒီက အခြောက်ကြီးလိုပဲ။ သတ္တိမရှိလို့ အကြမ်းမဖက်နည်းနှင့် လုပ်ခဲ့တာ” ဟု ပြောရာ ကျန်အစ်ကိုတဦးက “မင်းတို့၊ ငါတို့ထက် သတ္တိရှိလို့ လက်နက်ကိုင်ထားတဲ့ အကောင်တွေကို လက်နက်မပါ၊ အကြမ်းမဖက်နည်း သုံးပြီး တော်လှန်ခဲ့တာကွာ။ လက်နက်ကိုင်ထားတယ် ဆိုတာ ကြောက်လို့ကို ကိုင်ထားတာ” ဟု ပြောလိုက်သည့် စကား ဖြစ်သည်။ ထိုစကားသည် မိမိရင်ထဲတွင် ယနေ့အချိန်ထိ စိုးမိုးထားဆဲ ဖြစ်သည်။ ယနေ့အချိန်တွင် ဂန္ဒီအား အခြောက်ကြီးဟု ပြောခဲ့သော အစ်ကိုသည် နိုင်ငံရေး သမားယောင်ယောင်၊ စီးပွားရေး သမားယောင်ယောင် ဖြစ်နေပြီး၊ ဂန္ဒီ၏ သတ္တိအား တန်ဖိုးထား လေးစားခဲ့သည့် အစ်ကိုမှာ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတခုတွင် စစ်ရေး ရာထူးတခုဖြင့် တာဝန် ထမ်းဆောင်လျက်ရှိနေသည်။ ထိုနှစ်ဦး၏ စကားနှင့် လုပ်ရပ်သည် လားရာ မတူချေ။ စစ်ရေး တာဝန်ထမ်းဆောင်နေသော အစ်ကိုအား လွန်ခဲ့သည့် နှစ်က အဆိုပါဖြစ်အား ပြန်ပြောင်းပြောခဲ့ရာ ဂန္ဒီအပေါ်ထားသည့် သူ၏ အမြင်သည် မပြောင်းလဲဘဲ ဆက်လက် တည်ရှိနေသည်ကို တွေ့ရ၍ အံသြမိသည်။ သူက စစ်ရေး အားသာချက်အား နိုင်ငံရေးအတွက်သာ သုံးရုံသာ သုံးလိုသူသာ ဖြစ်သည်။

တရုတ်ခေါင်းဆောင် မော်စီတုန်း ပြောသလို “နိုင်ငံရေးသည် သွေးမထွက်သော စစ်ပွဲဖြစ်ပြီး၊ စစ်ပွဲသည် သွေးထွက်သည့် နိုင်ငံရေး ဖြစ်သည်” ဆိုသည့် လမ်း (၂) သွယ်တွင် မိမိအနေဖြင့် “နိုင်ငံရေးသည် သွေးမထွက်သော စစ်ပွဲ” အယူအဆအား ပိုမိုနှစ်သက်မိပါကြောင်း။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top