Wednesday, January 13, 2016

ဒိုင်းနက် (ခေါ်) သက္ကမ အမျိုးသားတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်ရေး ဘယ်လို ရယူကြမလဲ

မိုးအောင်/Root Investigative Agency

အလံတော်ပေါ်မှာ ဆင်ပုံနှစ်ပုံနဲ့ ပန်းခက်ပန်းနွယ်တွေပါတဲ့ ရောင်စုံ အလံဟာ လေထဲမှာလွင့်ပျံနေပါတယ်။

နှင်းတွေဝေဆိုင်းနေတဲ့ ဘဲငါးရာတောင်ခြေအောက်မှာ အန္ဒိယ သံစဉ်နွယ်တဲ့ တေးဂီတဟာ ရိုးရာဝတ်စုံ ဝတ်ဆင်ထားကြတဲ့ လူငယ်တွေကို ရွှင်လန်း တက်ကြွနေကြတာကို တွေ့မြင်ရပါတယ်။ အလံတော်မှာပါတဲ့ တံဆိပ်ကို နဖူးပေါ်မှာ ပိတ်သားအဖြူနဲ့ စည်းထားသူတွေနဲ့ ညာဘက် လက်မောင်းပေါ်မှာ ချည်နှောင်ထားသူ လူငယ်တစ်ချို့ဟာ ပွဲတော်ကျင်းပမယ့် အစီစဉ်တွေအတွက် လိုအပ်တာတွေကို ပြုလုပ်နေကြပါတယ်။


ဘဲငါးရာတောင် ရွာအနီး သက္ကမလူမျိုး ခေါ်ဒိုင်းနက်လူမျိုးတွေ နေထိုင်ကြတဲ့  ရှင်တော် ကျေးရွာအတွက် ဒီမြင်ကွင်းတွေဟာ ထူးခြား ဆန်းကြည်တဲ့ မြင်ကွင်းတွေလိုပဲ ဆိုကြရမှာပါ။

ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်အနှံ့အပြားက သက္ကမ လူမျိုးတွေဖြစ်တဲ့ ဒိုင်းနက်လူမျိုးတွေဟာ ရှင်တော်ကျေးရွာကို ရောက်ရှိနေကြပြီး ဒီရွာအနီးမှာပဲ သက္ကမလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ကျင်းပကြမှာ ဖြစ်လို့ပဲဖြစ်ပါတယ်။

အနိုင်ရရှိသူတွေရဲ့ သမိုင်းရေးဟန်အရ လူမျိုးအမည် ပျောက်ဆုံးခံခဲ့ရဲ့ခြင်းထဲမှာ ဒိုင်းနက်ခေါ်သက္ကမ လူမျိုးတွေလည်း ပါဝင်ခဲ့ပါတယ်။ မိမိကိုယ်ကို ဒိုင်းနက်အမည်ထက် သက္ကမလူမျိုးလို့ အမည်ခံတဲ့ ရှင်တော်ကျေးရွာနေ အမျိုးသမီးငယ် မအေးအေးသန်းက ဇန်န၀ါရီ ၇ ရက်နေ့ သက္ကမအမျိုးသားနေ့ဟာ သူ့အတွက်ထူးခြားတဲ့ နေ့တစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီလိုပွဲတော်မျိုးဟာ ကျမတို့လူမျိုးတွေရဲ့ ရိုးရာအကတွေကို ဖော်ထုတ်ခွင့်ရလာနိုင်စေတဲ့ ပွဲတော်တွေပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မှာက လူတွေက ကျမတို့ကို ဒိုင်းနက်လို့ပဲ လူအသိများကြတယ် သက္ကမ ဆိုပြီးတော့ မသိကြဘူး၊ ပြီးတော့ ဒီ သက္ကမ အမျိုးသားပွဲဟာ ကျမ ပထမဆုံး တက်ရောက်ခွင့်ရတဲ့ ပွဲတော်ပဲဖြစ်တယ် အရမ်းလည်း ပျော်တယ်”

မျက်နှာပေါ်မှာ ရွှင်လန်းတက်ကြွမှုအစုံနဲ့ သူရဲ့ရိုးရာဝတ်စုံကို အပေါ်က ညာစလွယ် ခြုံလွာကို ကိုင်တွယ်ရင်း မအေးအေးသန်းက ဆိုပါတယ်။

သက္ကမလူမျိုး ခေါ် ဒိုင်းနက် အမျိုးသားနေ့ကို ယခုနှစ် ၂၀၁၅ ခု ဇန်နဝါရီလ ၇ ရက်နေ့က ယိုးတရုပ်ကျေးရွာအနီး ရှင်တော်ကျေးရွာမှာ ငါးကြိမ် မြောက် ကျင်းပခဲ့ကြပါတယ်။

စစ်ပွဲကြောင့် အမည်ပျောက်ခဲ့ရသူများ

သက္ကမ အမျိုးသားနေ့ကို ကျင်းပရာမှာ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ရှိတဲ့ သက္ကလူမျိုးတွေ အများဆုံးနေထိုင်တဲ့ အရပ်ဒေသမှာ အလှည့်ကျ ကျင်းပခဲ့ကြတာ ဖြစ်ပြီး မင်းပြား၊ ကျောက်တော်၊ အမ်း၊ မြောက်ဦးစတဲ့ မြို့များမှာလည်း ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သက္ကမလူမျိုးတွေ အနေနဲ့ ဒီလိုအမျိုးသားနေ့ကို ကျင်းပခွင့်ကြုံတာဟာ သက္ကမလူမျိုးတွေအတွက် ပထမဆုံး ကာလတွေပဲဖြစ်တယ် လို့ သက္ကလူမျိုး သမိုင်းကို ဆယ့်ငါးနှစ်တိုင်တိုင် ဖော်ထုတ်လေ့လာခဲ့တဲ့ သက္ကမလူမျိုး ဦးဇောတိပါလက ပြောပါတယ်။

“ လူမျိုးတစ်မျိုးဖြစ်ရင် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုတွေရှိရမယ်။ ခုက ဦးဇင်းတို့မှာ အကုန်လုံးရှိတယ်။ တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် သီးသန့်ရပ်တည်နိုင်တယ်။ ခုက ဟိုမျိုးနွယ်ထဲ ပါလိုက်။ ဒီမျိုးနွယ်ထဲပါလိုက်နဲ့ ရောကုန်ပြီ။ ဒါကြောင်း လူမျိုးတစ်မျိုးရဲ့ လက္ခဏာ ဖြစ်တဲ့ အမျိုးသားရေးပုံရိပ်တွေဟာ လိုအပ်တယ်။ ဒါကြောင့် ဦးဇင်းတို့အနေနဲ့ ဒီ သက္ကမ အမျိုးသားနေ့ကို ကျင်းပရကြတာပဲ”

သက္ကမ လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဆိုင်ရာ မှားယွင်းသတ်မှတ်မှုအရ တစ်ခါတစ်ရံ သက်လူမျိုးများနဲ့လည်း မှားယွင်း ထင်မြင်ကြတယ် လို့လည်း ဆရာတော်က မိန့်ပါတယ်။

အမျိုးသားနေ့အဖြစ် ရွေးချယ်ရာမှာလည်း သူတို့ လူမျိုးတွေ စစ်ရှုံးပြီး ဒိုင်းနက်လို့ အမည်တွင်ခဲ့ရတဲ့ ရက်ကိုပဲ ရွေးချယ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

သက္ကမ လူမျိုးတွေဟာ သမိုင်းအရ သာကီနွယ်ဝင် မျိုးနွယ်တွေ ဖြစ်ကြပြီး လွန့်ခဲ့တဲ့ နှစ်ပေါင်းခြောက်ရာကစပြီး နရသီဟပတေးမင်း လက်ထက်မှာ စစ်ပွဲများကို ဒိုင်းလက်နက် အထူးပြုနိုင်ခဲ့ကြပြီး တစ်ကြိမ်စစ်ရှုံးရာမှာ ပုံစံမျိုးစုံဖြင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ရခိုင်ဘုရင်က ဒိုင်းလက်နက်အခွန်များ ဆက်သရမည် ဆိုပြီး နေခွင့်ပြုရာမှ ဒိုင်းနက်လူမျိုးအမည် တွင်လာခဲ့တယ် လို့ သက္ကမလူမျိုးတွေကနေ ဒိုင်းနက်အဖြစ် ဆင်းသက်လာပုံကို ရှင်းပြပါတယ်။

သက္ကမလူမျိုး အနေနဲ့ ကိုယ်ပိုင်ရှိနေတဲ့ သက္ကမဘာသာ အက္ခရာဆိုရင်လည်း မြန်မာစာအရေးသားတွေရဲ့ မူလ အက္ခရာတွေပဲ ဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

ဒီလိုကိုယ်ပိုင် သက္ကမစာတွေကို သင်ကြားခွင့်ရရှိရေးနဲ့ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းမှာ အမည် မှားယွင်းပါရှိတဲ့ ဒိုင်းနက် လူမျိုးကိုလည်း သက္ကမ လူမျိုးအဖြစ် ပြောင်းလဲရန် ကြိုးစားသွားမယ်လို့လည်း သက္ကမ အမျိုသားနေ့ကို စီစဉ်ကျင်းပသူ ဒေါက်တာ လှမင်းစိန်က ပြောပါတယ်။

“ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ကိုယ်ပိုင်ဘာသာစကားတွေကိုလည်း သင်ကြားခွင့်ရကြပြီးဆိုတော့ ကျနော်တို့လည်း သင်ကြားပေးနိုင်ခွင့်ရဖို့ အတွက် ကြိုးစားနေကြပါတယ်၊ သန်းခေါင်စာရင်းမှာလည်း ဒိုင်းနက်လူမျိုး အမည်ပါရှိတာကို သက္ကမ လူမျိုး အဖြစ် ပြောင်းလဲဖို့ ကြိုးစားသွားမှာပါ “

သက္ကမလူမျိုး အမျိုးသားနေ့ကို ကျင်းပရတာဟာလည်း နိုင်ငံရေးအရ သက္ကလူမျိုးတွေကို အမျိုးသားရေးစိတ်ဓါတ် တက်ကြွလာစေအောင် ပြုလုပ်ရတာလည်း ဖြစ်တယ်လို့  အမျိုးသားနေ့ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။

အစိုးရနဲ့ကင်းကွာခြင်း

မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ ဖြစ်လေ့ရှိတဲ့ လူအခွင့်ရေးတွေဆုံးရှုံးခံရတဲ့ အထဲမှာသက္ကမ လူမျိုး တွေပါဝင်နေတယ်လို့ ၎င်းအမျိုးသားများက ဆိုပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာလည်း လူမျိုးရေးအရ ခွဲခြားဆက်ဆံတာ မဟုတ်တဲ့ ခွဲခြားဆက်ဆံမှု အသေးစားလေးတွေ ရှိနေတယ်လို့လည်း ယိုးတရုပ်ကျေးရွာက တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုဌေးဝင်းက သူတို့လူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှုများ အခြေနေကို သုံးသပ်ပြပါတယ်။

“ ကျနော်တို့ လူမျိုးတွေက ပညာရေးကို စီးပွားရေး၊ အခြေနေအရ သင်ကြားမှုတွေလည်း နည်းပါးကြတယ်။ တချို့အခြေနေတွေမှာ ဆိုရင် တစ်ဘက် လူမျိုးက ကျနော်တို့ကို ခွဲခြားဆက်ဆံတာ မဟုတ်ပေမယ့် ခွဲခြားဆက်ဆံသလိုမျိုး ဖြစ်သွားတာတွေရှိတယ်။”

ကိုဌေးဝင်း ပြောသလို ပညာတတ်တွေနည်းပါးပြီး ဆင်းရဲတဲ့သူတွေ များတယ်လို့လည်း နောက်ထပ်ပြောဆိုလာသူမှာ ငါးကြိမ်မြောက် သက္ကမ အမျိုးသားနေ့ကို တက်ရောက်လာတဲ့ မီဇိုရန်ပြည်နယ်က သက္ကမလူမျိုး တိုင်းရင်းသားရေးရာ ဝန်ကြီး မစ္စတာ ကူလီကူမာကာ ဆိုပါတယ်။

“ ကျနော် ဒီရှင်တော် ကျေးရွာကို ရောက်တုန်း လေ့လာကြည့်မိသလောက် ကျနော်တို့ လူမျိုးတွေဟာ အရမ်းဆင်းရဲနေပြီး နိုင်ငံ အစိုးရဲ့ ကူညီ စောင့်ရှောက်မှုတွေနဲ့ ကင်းကွာလွန်းနေတယ်ဆိုတာကို တွေ့ရတယ်၊ ကျနော့် အနေနဲ့ ဒီကပြန်ရင် မြန်မာအစိုးရကိုလည်း တိုက်တွန်းသွားမှာပါ သက္ကမ လူမျိုးတွေကိုလည်း အစိုးရဌာနဆိုင်ရာတွေမှာ အလုပ်အကိုင်တွေ ရရှိအောင်လုပ်ပေးဖို့လို အပ်တယ်”

ပွဲတော်ကို တက်ရောက်လာတဲ့ သက္ကမ လူမျိုးတွေကို RiA ရဲ့ မေးမြန်းချက်တစ်ချို့အရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ဆန္ဒမဲတွေ ထည့်ခွင့် ရရှိခဲ့ကြပေမယ့်  နိုင်ငံရေးအရ မျှော်လင့်လို့မဟုတ်ဘဲ တာဝန်ဝတ္တရား တစ်ခုအနေနဲ့သာ ဆန္ဒမဲပြုမိခဲ့ကြတယ် ဆိုတာကို သုံးသပ် တွေ့ရှိရပါတယ်။

ဒီလို သက္ကမလူမျိုးတွေအနေနဲ့ နိုင်ငံရေးသိစိတ်တွေ ကြွယ်ဝလာပြီး ၂၀၂၀ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူတွေ ပေါ်ထွန်းလာအောင် သက္ကမလူမျိုး ပညာတတ်တွေ လူငယ်တွေ ပေါ်လာအောင် ကြိုးစားသွားမည်လို့လည်း ဒေါက်တာ လှမင်းစိန်က အနီးအနားမှာ ရှိတဲ့ လူငယ်တွေရဲ့ မျက်နှာကိုကြည့်ပြီး ပြောကြားခဲ့တာကို တွေ့ရပါတယ်။


“ ဆရာတော်တို့က ညာဘက်လက် အနေနဲ့ သမိုင်းယဉ်ကျေးမှု ရိုးရာတွေကို ဖော်ထုတ်ဖို့ကြိုးစားကြသလို ကျနော်တို့ဘက်လည်း ဘက်ဘက်လက် အဖြစ် သက္ကမ လူငယ်တွေကို နိုင်ငံရေးအသိစိတ် ကြွယ်ဝပြီး ပညာတတ်တွေအဖြစ် ရောက်ရှိလာအောင် ကြိုးစား သွားမှာပါ၊ ဒါမှလည်း ကျနော်လူမျိုးတွေရဲ့ သမိုင်းပီပြင်လာမှာပါ”

မကြာမည် ကာလမှာ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ သက္ကမလူမျိုးခေါင်းဆောင်တွေ ပါဝင်တဲ့ သက္ကမဖိုရမ်၊ ဒါမှမဟုတ် ညီလာခံ တစ်ခုကို ကျင်းပနိုင်အောင် စီစဉ်နေတယ်လို့လည်း ဒေါက်တာလှမင်းစိန်က ဆိုပါတယ်။

ပြောင်းရွေ့လာသူများ

သက္ကမလူမျိုးတွေဟာ မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မီဇိုရန်ပြည်နယ်တွေမှာလည်း ရှိတယ်လို့လည်း သက္ကမ လူမျိုး သမိုင်းပညာရှင် ဦးဇောတိပါလက ဆိုပါတယ်။

သက္ကမ လူမျိုးများဟာ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ခဲ့ကြပြီး အရှေ့ပါကစ္စတန်ရဲ့လူဦးရေ ပေါက်ကွဲမှုအရ နယ်မြေမလုံခြုံမှုများကြောင့် မြန်မာနိုင်ငံဘက်သို့ ပြောင်းရွေ့လာကြသူများလည်း ရှိကြတယ်လို့လည်း ဆရာတော်ရဲ့ ပြောပြချက်အရ သိရပါတယ်။

၂၀၁၂ ရခိုင်အဓိကရုဏ်း နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်ရောက်လာကြတဲ့ သက္ကမလူမျိုးတွေလည်း မောင်တော၊ ဘူးသီးတောင်ဘက်မှာ ရောက်ရှိနေ တာကို တွေ့ရပါတယ်။ ပြောင်းရွေ့လာသူ လူအများစုဟာ မြန်မာဘာသာ၊ ရခိုင်ဘာသာ စကားကို ပြောဆိုတတ်ခြင်း မရှိဘဲ သက္ကမ ဘာသာစကားကိုသာ ပြောဆိုကြပါတယ်။

နိုင်ငံတော်အစိုးရရဲ့ အစီစဉ်တွေအရ သက္ကမတချို့ဟာ နတလ ကျေးရွာများမှာ နေထိုင်ကြတာတွေရှိသလို၊ အဆင်ပြေသလို နေထိုင်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ အလုပ်အကိုင်အခွင့်လမ်းတွေ လိုလားကြတဲ့ သက္ကမ လူမျိုးတချို့အတွက်ဆိုရင် လူကုန်ကူးမှု အန္တရာယ် ဒဏ်ခံရနိုင်ဖွယ် အဆင့်အနီးဆုံးမှာ ရှိနေတာကို တွေ့မြင်ရပါတယ်။

နယ်စပ်ဒေသလူမျိုးများ ဖွံဖြိုးရေးဌာနက တာဝန်ရှိသူ တစ်ဦးကတော့ ဒီနေ့အချိန်ထိ နတလ ကျေးရွောတွေက သက္ကမလူမျိုး(ခ) ဒိုင်းနက် လူမျိုးတွေ လူကုန်ကူးခံရတာတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ဆရာတော် ဦးဇောတိပါလရဲ့ အဆိုအရ သက္ကမလူမျိုးတွေဟာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ လူဦးရေလေးသောင်း နီးပါးရှိတယ်လို့ ဆိုပါတယ်။

သက္ကမလူမျိုးတွေရဲ့လူအခွင့်ရေး၊ အမျိုးသားအခွင့်ရေး စတာတွေကို ကာကွယ်နိုင်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နိုင်မည့် ဒိုင်းနက် အမျိုးသား ပါတီလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ တည်ထောင်ခဲ့တယ်လို့ ဒေါက်တာလှမင်းစိန်က ဆိုပါတယ်။

ငါးကြိမ်မြောက် ကျင်းပတဲ့ သက္ကလူမျိုး အမျိုးသားနေ့မှာတော့ လာမယ့် အစိုးရသစ်လက်ထက်မှာ သူတို့လူမျိုးတွေရဲ့ အခွင့်ရေးကို ဘယ်လို တောင်းဆိုရမလဲ ဆိုတာကို ဆုံးဖြတ်ခဲ့ကြတယ်လို့ သူကဆိုပါတယ်။

နောင်လာမယ့် နှစ်မှာ ကျင်းပမယ့် သက္ကမ အမျိုးသားနေ့ကိုတော့ ဘူးသီတောင်မှာ ကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေး အဖွဲ့က ဆိုပါတယ်။

ဒိုင်းနက် (ခေါ်) သက္ကမ အမျိုးသားတွေ အနေနဲ့ ရာစုနှစ်ချီပြီး ဆုံးရှုံးခဲ့ရတဲ့ လူသားတစ်ဦးရဲ့ ရပိုင်ခွင့်အပေါ် အဆုံးသတ်ဖို့ အချိန်တန်ပြီဖြစ်တယ်လို့ ၅ ကြိမ်မြောက် အမျိုးသားနေ့ကို တက်ရောက်ခဲ့သူ ဦးထွန်းမင်းက ခုလိုပြောကြားခဲ့ပါတယ်။

“ ဒီကောင်တွေက ဒိုင်းနက်တွေပါ။ လူမှ မဟုတ်တာကွ ဆိုတဲ့ လူအချင်းချင်း ခွဲခြားခံခဲ့ရတဲ့ သက္ကမ အမျိုးသားတွေရဲ့ နာကျင်ခဲ့ရမှုတွေကို ကျနော်တို့ အဆုံးသတ်သွားမှာပါ”

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top