လင်းကျော်အောင်၊ မေ ၁၁ ရက်
အရှေ့တောင်အာရှမှာ ဒီမိုကရက်တစ်ဆန်ရင် မိတ်ဆွေတွေ ဆုံးရှုံးနိုင်ပါတယ်။
လွန်ခဲ့တဲ့ (၅) နှစ်ခန့်က အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့တဲ့ ပစိတ်ကျွန်းက အရှေ့တီမော နိုင်ငံလေးဟာ အခု အချိန်မှာ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ဖို့ ပိုမို ဆန္ဒပိုင်းဖြတ်ထားပါပြီ။
အရှေ့တီမော အာဆီယံ အဖွဲ့ဝင် ဖြစ်လိုတဲ့ဆန္ဒဟာလည်း ရိုးရိုးရှင်းလေးပါ။။ အာဆီယံရဲ့ (၁၉၆၇) ဘန်ကောက် ကြေညာချက်အရ စီးပွားရေး၊ နိုင်ငံရေး မဟာမိတ်ပြုဖို့အတွက် အာဆီယံကို ဖွဲ့စည်းတဲ့အခါ လျှောက်ထားတဲ့ နိုင်ငံဟာ ပထ၀ီအနေအထားအရ အရှေ့တောင်အာရှမှာ ရှိရမယ်ဆိုတာ အဓိကအချက်ပါပဲ။ ဒါပေမယ့် (၂၀၀၇) အာဆီယံ ကြေညာစာတမ်းမှာ သတ်မှတ်ပြဌာန်းချက် အသစ်တွေ ပါဝင်လာပါတယ်။ ပထ၀ီအနေအထားအရ အရှေ့တောင်အာရှမှာ ရှိရမည့် အပြင် လက်ရှိအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အများသဘောတူ (Consensus) ကို ရယူဖို့ လိုအပ်လာပါတယ်။ ဒါဟာ အရှေ့တီမော အနေနဲ့ အဖွဲ့ဝင်ဖြစ်ရေးအတွက် အဓိက ပြဿနာတက်နေတဲ့ ကိစ္စပါ။
အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ရေးကို ရှေ့တီမောနဲ့ရန်သူတော်ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား အပါအ၀င် တခြားသော အဖွဲ့ဝင်နိုင်ငံအချို့က ထောက်ခံအားပေးကြပေမယ့် စင်္ကာပူနှင့် လာအို အစိုးရတွေက အရှေ့တီမောရဲ့ နိမ့်ကျနေတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက အာဆီယံအဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်တွေကို အရှေ့တီမောအနေနဲ့ အပြည့်အ၀ လိုက်နာနိုင်ဖို့ အဟန့်အတားဖြစ်စေတယ်၊ အဲဒီအပေါ် စိုးရိမ်မိကြောင်း ပြောပါတယ်။ ဒီနှစ်နိုင်ငံရဲ့ အသံက သံသယဖြစ်စရာ ကောင်းပါတယ်။ ဒီလို ဆင်ခြေဟာ ယုံကြည်လက်ခံစရာတော့ မကောင်းပါဘူး။ (၁၉၉၀) ၀န်းကျင်က အာဆီယံအဖွဲ့ဝင်တွေ အဖြစ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ကို အဖွဲ့ဝင် အဖြစ် လက်ခံခဲ့စဉ်တုန်းက သူတို့နိုင်ငံတွေရဲ့ နိမ့်ကျတဲ့ စီးပွားရေး အနေအထားအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အချက်ဟာ အဖွဲ့ဝင် ဖြစ်လာရေးအပေါ် ကြန့်ကြာမှု မဖြစ်စေခဲ့ပါဘူး။ ဒါ့အပြင် ယနေ့ အရှေ့တီမောရဲ့ လူသား ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာထက် မြင့်ပါတယ်။ ဒါဟာ စီးပွားရေး ဖွံ့ဖြိုးမှုတခုတည်းထက် ကျယ်ကျယ်ပြန့်ပြန့် တွက်ချထားတဲ့ ညွှန်းကိန်း တခုပါ။ တဦးချင်း ၀င်ငွေအရ ပြောရင်လည်း အရှေ့တီမောဟာ လက်ရှိ အဖွဲ့ဝင်များ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ရဲ့ ထိပ်မှာ ရှိနေပါတယ်။
အရှေ့တီမောရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကြောင့် အဖွဲ့ဝင်ဖြစ်ရေး ကြန့်ကြာနေတာ မဟုတ်ဘူးဆိုရင် စင်ကာပူနဲ့ လာအိုမှာ တခြား အကြောင်းပြချက်တွေ ရှိနိုင်ပါတယ်။ ရှိလည်း ရှိပါတယ်။ အရှေ့တီမောကို အဖွဲ့ဝင် မဖြစ်လိုတဲ့ အဓိက အကြောင်းအရင်းက အရှေ့တီမောဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးမှာ ရှေ့တန်းက မားမားမတ်မတ် ပွင့်ပွင့်လင်း ပြောတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေလို့ပါပဲ။
လွတ်လပ်ရေး ရပြီး (၁၄) နှစ်အကြာ အရှေ့တီမောနိုင်ငံရဲ့ နိုင်ငံရေးဟာ ပါတီစုံ နိုင်ငံရေး ဖြစ်ပါတယ်။ (၁၄) နှစ်တာ ကာလအတွင်း သမ္မတ ရွေးကောက်ပွဲ (၂) ကြိမ်၊ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ (၂) ကြိမ်နဲ့ လူထုဆန္ဒ ခံယူပွဲ တကြိမ် ကျင်းပနိုင် ခဲ့ပါပြီ။ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကလည်း လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ (၂၀၀၂) ခုနှစ်က အရှေ့တီမောမှာ လူ့အခွင့်အရေးနဲ့ တရားမျှတရေး အတွက် အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတိုင်ကြားရန် အစိုးရက အရာရှိ တစ်ဦးကို ခန့်အပ်ခဲ့သည်။ အဆိုပါ လုပ်ရပ်အား ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းများနှင့် ကမ္ဘာ့ အမျိုးသား လူ့အခွင့်အရေး အင်စတီကျူးရှင်းကလည်း အလေးအနက်ထား အသိအမှတ်ပြုခြင်း ခဲ့ကြတယ်။ ပြည်တွင်းနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ လူ့အခွင့်အရေး တိုးတက်မြင့်မာရေးနဲ့ တက်ကြွတဲ့ လူထုအဓိက အဖွဲ့အစည်းတွေ့ အားကောင်းဖို့ အရှေ့တီမောဟာ ကြိုးပမ်းလျှက်ရှိနေပါတယ်။ နောက်ပြီး အရှေ့တီမောဟာ ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်း အများအပြားမှာ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်နေပြီး အမျိုးသားလူ့အခွင့်အရေး အင်စတီကျူးရှင်း ဖိုရမ်နဲ့ အာရှပစိတ်ဖိတ် ဖိုရမ်တွေမှာ တာဝန်သိသိနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေပါတယ်။
အီကိုနောမစ် မဂ္ဂဇင်း (EUI) ရဲ့ (၂၀၁၅) ဒီမိုကရေစီ ညွှန်းကိန်းအရ အရှေ့တီမောဟာ အာဆီယံနိုင်ငံ (၉) နိုင်ငံရဲ့ ထိပ်မှာ ရပ်တည်ခဲ့ပါတယ်။ (ဘရူနိုင်းကို ထည့်သွင်း မတွက်ချထားပါ)။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲမှ သုံးနိုင်ငံ ဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာကို ဒီမိုကရေစီနဲ့ အာဏာရှင် အငွေ့အသက်များ လွှမ်းခြုံနေတဲ့ ကပြားအစိုးရအဖြစ် သတ်မှတ်ပါတယ်။ ဗီယက်နမ်နဲ့ လာအို နှစ်နိုင်ငံကိုတော့ လုံးလုံးလျားလျား အာဏာရှင်နိုင်ငံတွေ အဖြစ် အဆင့် သတ်မှတ် ထားပါတယ်။
တခြားသော နိုင်ငံအများစုလိုပါပဲ၊ အရှေ့တီမောရဲ့ ဒီမိုကရေစီဟာ ပြီးပြည့်စုံတဲ့ စနစ်တခုတော့ မဟုတ်ပါဘူး။ Freedom House က နောက်ဆုံး ထုတ်ပြန်တဲ့ ကမ္ဘာကြီးရဲ့ လွတ်လပ်မှု အစီအရင်ခံစာအရ အရှေ့တီမောကို တစိတ်တပိုင်း လွတ်လပ်မှု ရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပါတယ်။ လွတ်လပ်ရေးရပြီး (၁၄) နှစ်တာကာလ နိုင်ငံရေးအရ အောင်မြင်မှုတွေက အံသြစရာတခုပါ။ ဒီတချက်တည်းအပေါ် အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရှေ့တီမောကို မချီးကျူးရင်တောင် ထည့်သွင်း စဉ်းစားဖို့ သင့်ပါတယ်။
တကယ်ဆိုရင် အရှေ့တီမောရဲ့ ဒီမိုကရေစီ စွမ်းဆောင်ရည် မြင့်မားမှုဟာ အာဆီယံအဖွဲ့ဝင် ဖြစ်လိုတဲ့ နိုင်ငံတနိုင်ငံအတွက် အားသာချက်ပဲ ဖြစ်သင့်ပါတယ်။ အာဆီယံ ကြေညာစာတမ်းနဲ့ တခြားသော အာဆီယံရဲ့ အရေးကြီး စာတမ်းတွေမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် လိုလားနှစ်သက်မှုတွေကို ရွမ်းရွမ်းဝေေ၀ ရေးသားထားတာ တွေ့ရပါတယ်။ အာဆီယံ အနေဖြင့် (၂၀၀၉) ခုနှစ်လောက်က သီးသန့် အာဆီယံ လူ့ခွင့်အရေး အဖွဲ့ဖြစ်တဲ့ အာဆီယံနိုင်ငံများရဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့တောင် ထူထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အရှေ့တီမောရဲ့ ဒီမိုကရေစီ စွမ်းဆောင်မှုတွေဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ဖြစ်ဖို့ အဟန့်အတား ဖြစ်နေပြီး သူ့ရဲ့ အရည်အချင်းက စည်းအပြင်ရောက်လူလို ဖြစ်စေပါတယ်။
အာဆီယံဆိုတာ အဖွဲ့ဝင်နိုင်ငံများရဲ့ သဘောတူညီမှု၊ တနိုင်ငံချင်းစီရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာ ရမည့်ဆိုတဲ့ မူအပေါ်မှာ ဖွဲ့စည်းထားတဲ့ အစိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတခုပါ။ အဲဒါကြောင့် တနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ၀င်မစွက်ဖက်ရေးမူ အပေါ် ရပ်တည်နေတာကြာင့် ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားလုံး လှလှလေးတွေဟာ အနှောင့်အယှက်များ သဖွယ် ဖြစ်နေပါသေးတယ်။ အာဆီယံရဲ့ အသစ်စက်စက် လူ့အခွင့်အရေး အဖွဲ့အပေါ် ပညာရှင်တွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက အဆံမပါတဲ့ သင်္ကြန်အမြောက်လို့ ပြောကြတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ အဆိုပါ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်တဲ့ မည်သည့် ကြေညာချက်တွေမဆို အဖွဲ့ဝင်နိုင်ငံ တနိုင်ငံက ဗီတိုအာဏာသုံး ပယ်ချနိုင်ပါတယ်။ တနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ၀င်ရောက်စွက်ဖက်ခွင့်မရှိတဲ့ အခြေအနေမှာ လူ့အခွင့်အရေး အဖွဲ့ဆိုတာ ဟန်ပြသက်သက်သာ ဖန်တီးထားထားတာ အဖွဲ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ပါပဲ။
ဒါကို အရှေ့တီမော နိုင်ငံရေးသမားတွေက သဘောပေါက်ကြပုံ မပေါ်ပါဘူး။ တခါတခါ သူတို့နိုင်ငံရဲ့ ဒီမိုကရေစီ အရည်အသွေးကို အဖိုးတန်ပစ္စည်းတခုကဲ့သို့ ထုတ်ထုတ် ပြတတ်ကြပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမြင်ကောင်းရုံ ဟန်ပြသက်သက် လက်ခံပြနေကြတယ်ဆိုတာကို ရိပ်စားမိပုံ မပေါက်ပါဘူး။ အရှေ့တီမောရဲ့ သမ္မတဟောင်း ဂျိုးဇက် ရာမိုးစ်ဟောတာဟာ မြန်မာပြည် လူ့ခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အခါအခွင့်သင့်ရင် ပွင့်ပွင့်လင်း ပြောဆို ထောက်ပြတတ်ပါတယ်။ (၂၀၁၅) ခုနှစ် သူက ရိုဟင်ဂျာလူမျိုးတွေ ခံစားနေရာတာဟာ “လူမျိုးတုန်းသတ်ဖြတ်မှုထက် မလျော့” ဟု အခြားသော နိုဗယ်လ်ဆုရှင်များနှင့် အတူ ပြောခဲ့ပါတယ်။ (၂၀၁၄) က အရှေ့တီမော အခြား သမ္မတဟောင်း တယောက်ဖြစ်တဲ့ ချာနာနာ ဂတ်စမို က ဘာလီ ဒီမိုကရေစီ ဖိုရမ်မှာ အာဆီယံနိုင်ငံများအနေဖြင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် နည်းလမ်းသစ်များ ရှာရန် လိုအပ်ကြောင်း၊ ကမ္ဘာလုံးလက်ခံထားတဲ့ နှုန်းစံများကို မျက်ခြည်မပြတ်ရန်၊ အဆိုပါ စံနှုန်းများသည် လူ့ဂုဏ်သိက္ခာအတွက် အာမခံတဲ့ စံနှုန်းများ ဖြစ်ကြောင်း ပြောသွားပါတယ်။
တချိန်တည်းမှာ မြန်မာပြည်မှာ ရိုဟင်ဂျာလူနည်းစုများ အပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံခံနေရမှု၊ အင်ဒိုနီးရှား အနောက်ဘက် ပါဗူး ဒေသတွင် လူသိန်းပေါင်းများစွာ အသတ်ခံရမှု၊ (၂၀၁၂) က လာအိုလူမျိုး တက်ကြွလှုပ်ရှားသူ ဆင်ဘက်ဆင်ဖုန်း ပျောက်ဆုံးသွားမှုနှင့် (၂၀၁၄) ခုနှစ်က ထိုင်းနိုင်ငံအတွင်း စစ်တပ်အာဏာ သိမ်းမှုတို့ အပေါ် အာဆီယံနိုင်ငံများ အနေဖြင့် တုန့်ပြန်ပြောဆိုသံ များများစားစား ထွက်မလာခဲ့ချေ။ အဆိုပါ နောက်ခံအခြေအနေများ အောက်တွင် အရှေ့တီမောရဲ့ ဒီမိုကရေစီ အရည်အသွေးက ဘာကြောင့် ပြဿနာတရပ် ဖြစ်လာနေသလဲ ဆိုတာ ရှင်းသွားပါတယ်။ အာဆီယံတွင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပူတပြင်း မြင့်တင်သည့် လုပ်ရပ်များသည် ဒီမိုကရေစီ အားနည်းတဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ဒယိမ်းဒယိုင် ဖြစ်သွားစေနိုင်ပါတယ်။
ဒါပေမယ့် အရှေ့တီမောအနေဖြင့် သူရဲ့ နိုင်ငံတကာမှာ ရရှိထားတဲ့ ဂုဏ်သိက္ခာကို အပွန်းအပဲ့ ဖြစ်စေမည့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပေါ် ဈေးဆစ်မှုမည့် ကိစ္စရပ်များကို မပြုသင့်ချေ။ ယင်းအစား ၎င်းစံနှုန်းများအပေါ် တံခွန်ထူကာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် ချီတက်သင့်ပါတယ်။ အဖွဲ့ဝင်ဖြစ်ရေး လိုအပ်ချက်များကို ပြည့်မှီအောင် ဆောင်ရွက်မယ်၊ အာဆီယံ အစည်းအဝေးများကို တက်ရောက်ပြီး တာဝန်ယူနိုင်တာတွေကို ယူမယ်၊ နောက်ပြီး စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ဆက်လက်ကြိုးပမ်းမယ် စသည့် အစီအစဉ်တွေကို လက်တွေ့အကောင်အထည် ဖော်သင့်ပါတယ်။ အဲဒီပစ်မှတ်တွေကို ရောက်ပြီဆိုရင် အာဆီယံ အဖွဲ့ဝင်တွေအနေနဲ့ အရှေ့တီမော အပေါ် အာဆီယံဖြစ်ရေး အချိန်ဆွဲဖို့ အကျပ်ဆိုက်စေပေလိမ့်မယ်။ အဲလို အခြေအနေမှာ အရှေ့တီမောရဲ့ ဒီမိုကရေစီ စံနှုန်း ပြည့်ဝမှုဟာ အရှေ့တီမောအတွက် ပြဿနာ တရပ် မဟုတ်တော့ပါဘူး။
အာဆီယံအဖွဲ့အနေဖြင့်လည်း ကိုယ့်ရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်သင့်ပါတယ်။ အရှေ့တီမောကို အာဆီယံ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆန့်ကျင်နေကြတဲ့ နိုင်ငံတွေ နားမလည်တာ တခုက သူ့ကို ၀င်ခွင့် ပေးလိုက်လျှင် သူတို့အတွက် အကျိုးစီးပွား ဖြစ်လာမယ်၊ အထူးသဖြင့် လုံခြုံရေးအမြင်အရ အကျိုးရှိတယ်ဆိုတာကို သဘော မပေါက်တာပဲ ဖြစ်ပါတယ်။ အခုအခါ အရှေ့တိမောကို အာဆီယံကလည်း ဥပေက္ခာပြုမယ်၊ သြစတြေးလျနဲ့လည်း အရှေ့တီမောနဲ့ ဆက်ဆံရေး မပြေလည်မှုတွေကြောင့် အရှေ့တီမောအနေနဲ့ တရုတ်ဘက်ကို လှည့်သွားနိုင်ပါတယ်။ တရုတ်ဟာလည်း ဒေသတွင်းမှာ သူ့အကျိုးစီးပွားအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ် မှာ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ အရှေ့တီမောကို အာဆီယံအနေဖြင့် အထီးကျန်အောင် လုပ်ထားမယ်ဆိုရင် တရုတ်ရဲ့ လွှမ်းမိုးမှုအောက် တဖြည်းဖြည်း ရောက်သွားနိုင်ပါတယ်။ အာဆီယံအနေဖြင့်လည်း ဒါဟာ ဒေသတွင်း စိန်ခေါ်မှုတွေကို ထိထိရောက် ကိုင်တွယ်ဖို့ ပြင်ဆင်ထားမှု မရှိဘူး ဆိုတဲ့ သက်သေ တခုပါပဲ။
အာဆီယံအနေဖြင့် အဖွဲ့အစည်းကို မူအပေါ်မှာ အခိုင်အမာ ရပ်တည်မယ့် အဖွဲ့အစည်းတခုအဖြစ် အမှန်တက် ရည်ရွယ်ထားတယ်ဆိုရင် အရှေ့တီမောရဲ့ နိုင်ငံရေးအရ စွမ်းဆောင်မှုတွေဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအတွက် အကျိုးရှိစေတဲ့အရာတခုပါ။ သူရဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာ၊ အင်ဒိုနီးရှားနဲ့ ငြိမ်းချမ်းစွာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေဟာ ရိုးသားပြီး အရေးပါတဲ့ မိတ်ဆွေကောင်း ဖြစ်လာဖို့ အရိပ်အယောင်တွေ ပါပဲ။ အရှေ့တီမောဟာ အာဆီယံအတွက် လက်လွှတ်မခံသင့်တဲ့ အလားအလာကောင်းတဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံပါပဲ။
(ပုံ - (၂၀၀၈) ခုနှစ် ဧပြီလ (၁၇) ရက်က သြစတြေးလျမှ ပြန်လာတဲ့ တီမော သမ္မတ ဂျိုးဇက် ရာမိုးစ်ဟော်တာကို တီမောလစ် အလံငယ်များဖြင့် ဝှေ့ယမ်း ကြိုဆိုနေကြသော ကျောင်းသူ၊ ကျောင်းသားလေးတွေ)
(Foreign Policy မှာ Cristian Talesco ရဲ့ How East Timor’s Democracy Is Making it an Outcast ကို လင်းကျော်အောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
0 comments:
Post a Comment