ပုဏ္ဏားကျွန်းမြို့/RiA ၊ ဇန်န၀ါရီ ၁၃ ရက်
ရခိုင်ပြည်နယ်မှာ ကဏန်းများကို ဈေးကောင်းပေးဝယ်ယူမှုတွေ ရှိနေတာကြောင့် ကဏန်းလုပ်ငန်းဆောင်ရွက်သူတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
ယခင်က ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ ကဏန်းတွေကို ရန်ကုန်နှင့် နယ်စပ်အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချနေခဲ့ရာမှ ယခုအခါ ကဏန်းပျော့လုပ်ငန်းကို ဒေသတွင်းမှာ ထုတ်လုပ်မှု မြင့်တင်လိုက်တဲ့အတွက် ဈေးကွက် ၀ယ်လိုအား ပိုမို မြင့်တက်လာတာဖြစ်ကြောင်း ကဏန်းပျော့ ထုတ်လုပ်သူတွေက ပြောပါတယ်။
“အခုဆိုရင် ကျွန်တော်တို့ဒေသတွေမှာ ဂဏန်းရှာတဲ့အလုပ်ကို ပိုပြီးတော့ လုပ်ကိုင်လာကြပါတယ်။ ဟိုတုန်းကလည်း ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြပေမယ့် အခုလိုမျိုး ဂဏန်းသီးသန့်ရှာတဲ့ သူတွေမရှိဘူး။ အခုက ဂဏန်းရှာတဲ့ သူ တစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သုံးသောင်းကျပ်ထိရကြပါတယ်။ တစ်လမှာ ၁၈ ရက်လောက်တော့ ရှာလို့ရပါတယ်။ ကျန်ရက်တွေက ဒီရေကြီးတဲ့အချိန်တွေကြောင့် မရှာကြဘူး။ ပြီးတော့ ဒီနေ့ရတဲ့ ဂဏန်းကို ဒီနေ့ ရောင်းဖို့အတွက် နေရာရှိတယ်။ ဈေးကောင်းလည်းရတယ် ဆိုတော့ ငါးရှာတာထက်ပိုပြီးတော့ တွက်ခြေကိုက်တာပေါ့။” လို့ ပုဏ္ဏားကျွန်းမြို့နယ်က ကဏန်းရှာဖွေသူတစ်ဦးဖြစ်တဲ့ ဦးထွန်းလှဖြူက RiA ကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ကဏန်းအ၀ယ်ဒိုင်များ ဖွင့်လှစ်ထားပြီး ကဏန်းပျော့လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေတာကြောင့် အဆိုပါဒေသက ထွက်ရှိတဲ့ ကဏန်းဝယ်လိုအား မြင့်မားလာရခြင်းဖြစ်ကြောင်း သိရပါတယ်။
“အရင်ကဆိုရင် ဂဏန်းရှာတဲ့သူတွေ နည်းပေမယ့် ဝယ်ရတာ ပိုကိုက်တယ်။ အခုနောက်ပိုင်းမှာတော့ သိပ် မကိုက်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တရုတ်တွေလာပြီးတော့ ဂဏန်းပျော့တွေ လုပ်နေကြတယ်။ သူတို့ဆီကိုပဲ တိုက်ရိုက်ရောင်းနေတော့ ကျွန်တော်တို့ အဝယ်ဒိုင်တွေက သိပ်မရဘူး။ ပြီးတော့ ဈေးကြီးပေးပြီးတော့လည်း ဝယ်နေရတယ်ဆိုတော့ အမြတ်အစွန်းသိပ်မရှိဘူး။ ဂဏန်းအသေးတစ်လုံးကို ၅၀၀ အထိပေးရတယ်။ အကြီးဆိုရင် ၁၀၀၀ ကျပ်ထိတောင်ဈေးပေါက်နေတယ်။” လို့ သင်ပုန်းတန်းကျေးရွာနေ ကဏန်းပျော့ထုတ်လုပ်သူ ဦးကျော်သာက RiA ကို ပြောပါတယ်။
ရခိုင်ဒေသက ထွက်ရှိတဲ့ ကဏန်းများ ဈေးကောင်းရနေရခြင်းမှာ ပြည်ပနိုင်ငံတွေက တိုက်ရိုက်ဝယ်လိုအား မြင့်မားလာခြင်းကြောင့် ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တိုက်ရိုက် တင်ပို့ခွင့် ရရှိလာခြင်းကြောင်းလည်း ဖြစ်တယ်လို့ ကဏန်းပျော့ထုတ်လုပ်သူများက ပြောပါတယ်။
0 comments:
Post a Comment