Tuesday, January 12, 2016
ရခိုင်ဒေသတွင်း တိုက်ပွဲများရဲ့ နောက်ကွယ်
အိမ်ပြန်လိုသူများ
ကိုယ်ဝန်ရင့်မာကြီးကို ထမ်းပိုးလာသော ဒေါ်နီနီမြင့် စိုးရိမ်မိဆုံးသော အရာဟာ လမ်းပေါ်တွင် မွေးမည်ကို ကြောက် ရွံ့ခြင်း ပင် ဖြစ်ပါတယ်။ သူတို့ရွာရဲ့ တောအုပ်တစ်ဘက်မှာ ကျယ်လောင်သော သေနပ်သံများ ကြားမိတဲ့နေ့ကစပြီး သူတို့ သံတံတားကျေး ရွာသားတွေဟာ ဘေးကင်းရာ တစ်နေရာကို ပြောင်းရွေ့ဖို့ အစီစဉ်ချခဲ့ကြတာပါ။
“ စစ်ဝတ်စုံတွေ ဝတ်ဆင်ပြီး စစ်သားတစ်ရာလောက်က ရွာကို ဖြတ်ပြီးသွားခဲ့ကြတယ်။ ရွာက လူနှစ်ဦးကိုလည်း ခေါ်ဆောင်သွားခဲ့တယ်၊ ဒါနဲ့ ရွာက လူတွေက အကုန်ကြောက်ရွံ့ပြီး ဟွန်ဒါငယ်တွေနဲ့ အဖွဲ့လိုက်၊ အဖွဲ့လိုက် ထွက်ပြေးလာကြတာ။ ဒီကိုလည်းရောက်ရော နောက် တစ်နေ့ဆိုရင် ကလေးမွေးတော့တာပဲ”
ဒေါ်နီနီမြင့်တို့ရွာဟာ မြောက်ဦးမြို့နယ်ရဲ့ နယ်စွန်နယ်ဖျားတွေထဲက ကျေးရွာငယ်တစ်ခုပဲ ဖြစ်ပါတယ်။ ဝါးခုတ်တဲ့ လုပ်ငန်းနဲ့ တောင်ယာ လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ လက်ရှိ အခြေနေမှာ ဒေါ်နီနီမြင့် လိုလားတာက သူ့ရွာကို သူပြန်လိုတဲ့ စိတ်ပဲဖြစ်ပါတယ်။
“ ကျမမှာ ကလေးသုံးယောက်ရှိတယ်၊ အိမ်ရှင်က ဒီကလေး ကိုယ်ဝန်စတည် ကတည်းက နောက်အိမ်ထောင်ပြုခဲ့ပြီ။ တစ်ရွာတည်းနေ မိန်းမနဲ့ပဲ။ အဲဒီအချိန်ကတည်းက ကျမ သားသမီးတွေကို ကျမ ရှာကျွေးလာတာ”
ဒေါ်နီနီမြင့်တို့ မိသားစုရဲ့ အိမ်ထောင်ဦးစီး နောက်အိမ်ထောင်ပြုသွားတဲ့ အချိန်ဟာ မျိုးစောင့်ဥပဒေကို ပြဋန်းပြီး မြန်မာ ပြည်ဘက်မှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒေါ်နီနီမြင့်ကတော့ သူယောင်္ကျားကို မျိုးစောင့်ဥပဒေနဲ့ တရားစွဲဆိုနိုင်တယ်လို့ မသိသလို မျိုးစောင့်ဥပဒေဆိုလည်း သူတစ်ခါမှ မကြားဖူးပါဘူးလို့ ဆိုပါတယ်။
“ သူလည်း သူဘဝနဲ့ သူပါ။ ကျမ ခုအချိန်မှာ ဖြစ်ချင်နေတဲ့ စိတ်က ဒီမှာနေရင်လည်း စားနပ်ရိက္ခာတွေ ကူညီပေးကြပေမယ့် အဆင်ပြေပါတယ်။ ကျမရဲ့ ကလေးကို အောင်မြင်စွာ မွေးဖွားပေးခဲ့ကြလို့လည်း ကျေးဇူးတင်ပါတယ်”
ကလေးငယ် အိမ်မောကျနေရာမှာ ငိုသံထွက်လာလို့ ဒေါ်နီနီမြင့် နို့တိုက်မလို့ ပြင်ဆင်လိုက်ပါတယ်။
ဒေါ်နီနီမြင့်လို နောက်ထပ် အိမ်ပြန်လိုစိတ် ပြင်းပြနေကြတဲ့ သူတွေလည်း ရှိနေကြပါသေးတယ်။ အဲဒီအထဲမှာ စေတီတောင် ကျေးရွာမှာ စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြတဲ့ မအေးအေးဝင်းလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။
“ကျမတို့ ဒီမှာ စားသောက်ရတာတွေလည်း အဆင်တော့ ပြေပါတယ်။ ဒါပေမယ့် အပျိုကလေးတွေ ဆိုတော့ ဒီလို တဲလျားတန်းမှာ နေရတာကို လုံခြုံမှုရှိတယ်လို့ မထင်ကြဘူး။ ရွာထဲမှာ အသိရှိတယ်ဆိုတဲ့ သူတွေကျတော့ ရွာထဲမှာ သွားအိပ်ကြတယ်”
ကျန်းမာရေးကိစ္စဖြစ်တဲ့ အလေးအပေါ့ သွားတာတို့၊ ရေချိုးတာတွေကျတော့ လူမြင်ကွင်းတွေနဲ့ နီးစပ်နေပြီး သူတို့အနေနဲ့ လွတ်လပ်မှု မရှိကြဘူးလို့ မအေးအေးဝင်း အပါအဝင် စေတီတောင်ရွာက စစ်ဘေးရှောင် မိန်းကလေးတွေက ဆိုကြပါတယ်။
စေတီတောင်ရွာမှာ ရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း ကျီရာပြင်စစ်ဘေးရှောင် စခန်းတွေကလို ဘာဟီရွာ၊ သံတံတား စတဲ ကျေးရွာတွေက များပါတယ်။ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူအများစုဟာ အဝတ်အထည် အနည်းငယ်နဲ့ အစားအသောက် ချက်ပြုတ်ဖို့ အိုးခွက်အနည်းငယ်ကို ယူဆောင်လာခဲ့ကြပါတယ်။
ကျီရာပြင်နဲ့စေတီတောင် စစ်ဘေးရှောင်များရဲ့ ကျန်းမာရေး ကိစ္စတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကျီရာပြင် ဆေးပေးခန်းရဲ့ ကျန်းမာရေးမှူးကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ၂၄ နာရီစလုံး ကျန်းမရေးဝန်ဆောင်မှု ပေးနေတယ်လို့ ဆိုပါတယ်။
နှစ်ရွာစလုံးမှာ ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေအရ စစ်ပြန်ဖြစ်မှာကို သူတို့ ကြောက်ရွံ့နေကြပါတယ်။ သူတို့ ကြားသိရတဲ့ သတင်းတွေအရ သူတို့ကို နှစ်ဘက်သော စစ်တပ်တွေက ပေါ်တာဆွဲယူခြင်း၊ ရွာက စားနပ်ရိက္ခတွေကို အတင်းအဓ္ဓမ တောင်းယူလာရင် သူတို့ရင်ဆိုင်ရမယ့် အခြေနေတွေကိုပဲ ဖြစ်ပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ ကျနော်တို့ ရောက်ရှိ သတင်းယူနေတဲ့ အချိန်မှာ လူဦးရေ ၂၀၀ ကျော် ရောက်ရှိခဲ့ပြီးဖြစ်ပြီး ကယ်ဆယ်ရေး လာထောက်ပံ့နေတဲ့ မြို့နယ် အသီးသီးက လူမှုရေးအဖွဲ့စည်းတွေ ရောက်ရှိနေကြပါတယ်။
စစ်ပွဲတွေ ဘာကြောင့် ဖြစ်ရသလဲ
၂၀၁၆ သက္ကရာဇ်သို့ မကူးပြောင်းမည် ဒီဇင်ဘာ နောက်ဆုံးရက်များတွင် ရခိုင်ဒေသ မြောက်ဦး၊ ကျောက်တော်မြို့နယ်ရှိ ဒေသများတွင် ရက္ခိုင်တပ်မတော်နှင့် မြန်မာတပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံကြပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်သော တပ်များရဲ့ ဆိုင်ရာ သတင်း ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
စစ်ပွဲများရဲ့ စံအတိုင်း ပေါ်တာဆွဲမှု၊ အကြမ်းဘက်မှုစတဲ့ လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိကြပါတယ်။ တိုက်ပွဲဖြစ်ပွားမှုဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး AA က စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် မြန်မာ့တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံးသွားပြီး အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့တပ်မတော်က သတင်း ထုတ်ပြန် ထားပါတယ်။
AA ထံမှ အလောင်းသုံးလောင်းနှင့် သေနတ်တစ်လက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့လည်း ထိခိုက်ကျဆုံးတဲ့ စာရင်းတွေကို အစိုးရဘက်မှ သတင်းထုတ်ပြန်ပါတယ်။
AA နဲ့ အစိုးရတပ်တို့ကြား ရှစ်ရက်တာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရဲ့ အကျိုးရလဒ်အနေနဲ့ကတော့ မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးပွားရောက်ရှိလာကြခြင်းပါပဲ။
စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတိုင်းဟာ အကူညီ ရရှိကြခြင်း မဟုတ်ဘဲ အကူညီ ရရှိမှုနည်းပါးကြတဲ့ ကျေးရွာတွေလည်း ရှိတယ်လို့လည်း “ စစ်ဘေးရှောင်တွေ ကျွန်တော်တို့ရွာကို ရောက်နေကြတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့ရောက်နေတာ လေးရက်တောင် ရှိနေကြပါပြီ။ သူတို့က လူးချောင်းထဲမှာရှိတဲ့ အလယ်ရွာဆေးရွက်ကြီး စိုက်ခင်း လုပ်ကိုင်နေကြသူတွေပါ။ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အခုလို ဆင်းလာကြတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ရွာရဲ့မြစ်ကမ်းနံဘေးမှာ ယာယီတဲလေးတွေလုပ်ပြီးတော့ နေကြပါတယ်” လို့လည်း စင်္ဘောကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးက RiA ကို ပြောပါတယ်။
ရခိုင်ဒေသမှာ ရက္ခိုင်တပ်မတော်အနေနနဲ့ ဝင်ရောက်လာရခြင်းဟာ တန်းတူအခွင့်ရေးလိုချင်လို့ပဲလို့ AA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က ဆိုပါတယ်။
“လက်နက်ကိုင်ပြီး ရခိုင်ပြည်နယ်ထဲ ရောက်လာတဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူခံစားခွင့် ဆိုတာကို လိုချင်လို့ပဲ”
AA ကို ဘာကြောင်း ရခိုင်ဒေသမှာ အခြေချခွင့်မပြုရသလဲ
ရက္ခိုင်တပ်မတော်ဘက်ကလည်း သူတို့အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ပြီး နိုင်ငံရေးအရ ဖြေရှင်းရန် အသင့်ရှိနေတယ်လို့လည်း သူတို့ရဲ့ ကြေငြာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။ မြန်မာတပ်မတော် ဘက်ကတော့ နိုင်ငံရေးအရ ဆွေးနွေးအဖြရှာလိုတဲ့ AA ရဲ့ သဘောထားကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Voice ဂျာနယ်မှာ ခုလိုတုံပြန့်ပြောဆိုထားပါတယ်။
“မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့သစ်၊ အဖွဲ့ငယ် များစွာရှိသဖြင့် တစ်ဖွဲ့တိုင်းစီက တစ်နေရာစီ ယူနေပါက မဖြစ်နိုင်သဖြင့် တိုက်ပွဲများ ဖြစ်နေရခြင်းဖြစ်ကြောင်း၊ ယခင်က ရှိပြီးသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြီးသေးမီ နောက်ထပ် အဖွဲ့သစ်များ တိုးလာမည်ကို အလိုမရှိ” လို့ ဦးအောင်မင်းရဲ့ ပြောကြားချက်ကို ဖော်ပြထားပါတယ်။ AA ပေါ်ပေါက်လာခြင်းကိုလည်း လိုင်ဇာတိုက်ပွဲအပြီးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့ပဲဖြစ်တယ်လို့ သူက ဆိုထားပါသေးတယ်။
ပြည်တွင်းစစ်ထောင်ချောက်ထဲက ရခိုင်ဒေသ
ရက္ခိင်တပ်မတော်ဘက်ကတော့ အစိုးရ အနေနဲ့ AA ကို ရခိုင်ပြည်နယ်မှာ အခြေချခွင့်မပေးလိုတာဟာ သဘာဝသယံဇာတ ခွဲဝေမှုတွေနဲ့လည်း သက်ဆိုင်နိုင်တယ်လို့လည်း AA ရဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီ သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှု တစ်ခုမှာ ပြောဆိုထားပါတယ်။
“ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ အခြေစိုက်ပြီးတော့ လှုပ်ရှားလာမှာ စိုးရိမ်တာက ရခိုင့်သယံဇာတအရေး၊ အကျိုးစီးပွားတွေနဲ့လည်း တိုက်ရိုက် အချိုးကျပါလိမ့်မယ်။ အခုချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေကို သူတို့က စိတ်ကြိုက်စီမံတယ်။ ဒီအပေါ်မှာ ထောက်ပြပြီး သေသေချာချာ ပြောဆိုမယ့် အင်အားစုတွေ သိပ်မရှိဘူး။ ဒါကြောင့် သူတို့က နိုင်ငံရေးအရ အဖြေရှာလို့ ရပါလျက်နဲ့ စစ်ရေးအရ အင်အားတွေ သုံးတယ်။ ဒီအချက်က အဓိကကျတဲ့ အကြောင်းအရာတွေမှာ တချက်အနေနဲ့ ပါပါလိမ့်မယ်။”
ကျင်းပနေဆဲဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံမှာ AA တက်ရောက်ခွင့် မရှိတာကိုတော့ ဦးဖေသန်းက ခုလိုဆိုပါတယ်။
“ဖက်ဒရယ်စနစ်ကို သွားမယ့်နေရာမှာ ဟိုလူ့ကိုခွဲခြား ဒီလူ့ကိုခွဲခြား မလုပ်ဘဲနဲ့ အားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရောက်လာဖို့ တာဝန်သည် အစိုးရရဲ့ တာဝန်ဖြစ်တယ်။ AA ကိုလည်း ဖိတ်ခေါ်ဖို့လိုတယ်လို့ မြင်တယ်”
ရခိုင်ဒေသဟာ ပညာရှင် ပေါ်ကိုလီယာရဲ့ အဆိုအရ သဘာဝသယံဇာတ ထောင်ချောက်မိနေသလို လက်ရှိအခြေနေမှာလည်း ပြည်တွင်း စစ် ထောင်ချောက်ထဲကို ဝင်လာပါပြီ။ ဆင်းရဲမွဲတွေမှုထဲမှာ ထိပ်ဆုံးကပါတဲ့ ရခိုင်ဒေသဟာ သဘာဝဘေး၊ ဒေသတွင်း လူမျိုးရေး ပဋိပက္ခ စတာတွေနဲ့ ရုန်းမထွက်နိုင်တဲ့ ဒေသပဲ ဖြစ်ပါတယ်။
စစ်ပွဲတွေကို ရပ်တန့်ဖို့လည်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းမှာ ဆန္ဒပြပွဲတွေကိုပြုလုပ်နေကြပါပြီ။
စေတီတောင်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် မအေးအေးဝင်းကတော့ စိတ်အားငယ်မှုတွေ ပေါ်လွင်နေတဲ့ မျက်နှာအနေထားနဲ့ သူရဲ့ဆန္ဒကို မဝံ့မရဲ ဆိုပါတယ်။
“ ကျမ အိမ်ပြန်ချင်တယ်၊ ရွာမှာဆိုရင် ဝါးခုတ်၊ ထင်းရှာနဲ့ ဝင်ငွေရှိတယ်။ ဒီမှာက ထမင်း စားရေးသောက်ရေးတော့ အဆင်ပြေပါရဲ့။ ဒီလို တန်းလျားကြီးမှာ မနေတတ်ဘူး”
RiA သတင်းအဖွဲ့ ရေးသားသည်။
0 comments:
Post a Comment