Monday, June 13, 2016

အစိုးရသစ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မပြီးဆုံးသည့် အနောက်ဘက် ဇာတ်လမ်း

ယခု ဆောင်းပါးသည် Root Investigative Agency – RiA ၏ အာဘော်မဟုတ်ပါ၊ Richard Cockett ၏ Aung San Suu Kyi Is in Power. So Why Is She Ignoring Her Country’s Most Vulnerable People? ကို မိုးမိုးကျော် က ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပြီး စာဖတ်သူပရိသတ်များ သိရှိနိုင်ရန် ဖော်ပြခြင်းမျှသာ ဖြစ်သည်။

Photo credit: Lauren DeCicca/Getty Images

မိုးမိုးကျော် ၊ ဇွန် ၁၃ ရက်

အောင်ဆန်းစုကြည် အာဏာရရှိလာပြီဖြစ်သော်လည်း တိုင်းပြည်၏ အဖိနှိပ်ခံရဆုံး လူများအား အဘယ်ကြောင့် လျစ်လျူရှုထားပါသနည်း။

ရိုဟင်ဂျာများအတွက် အသစ်တက်လာသည့် ဒီမိုကရေစီအစိုးရသည် စနစ်ဟောင်း အာဏာရှင်အစိုးရထက် အနည်းငယ်သာ ပိုကောင်းသည်။

မြန်မာပြည်တွင် အစိုးရသစ် တက်လာပြီး ရှင်းသွားသည့် ကိစ္စတခုက တိုင်းပြည်၏ တသန်းခန့်သော ရိုဟင်ဂျာဆိုသူများအပေါ် မျှော်လင့်ချက် မျာများစားစား မရှိဆိုသည်ကို တွေ့မြင်လာရသည်။ 

မြန်မာပြည်အနောက်ဘက်တွင် နေထိုင်ကြသူများသည် အမျိုးသားဒီမိုကရေစီချုပ် အဖွဲ့ချုပ်က လွှမ်းမိုးသည့် အစိုးရသစ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။

အထူးသဖြင့် နိုဘယ်ဆုရရှိထားသူ တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရဖြစ်သောကြောင့် ၀မ်သားအားရ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း “ကမ္ဘာ့ အဖိနှိပ်ခံရဆုံး လူနည်းစုဟု ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် ရခိုင်ပြည်နယ် အနာက်ဘက်တွင် နေထိုင်ကြသည့် မူဆလင်များအတွက် မြန်မာပြည်၏ ခေတ်သစ်အခြေအနေသည် စိတ်ပျက်စရာအဖြစ် ပြောင်းလဲလျက်ရှိနေသည်။ ပို၍တောင် ဆိုးဝါးလာမည့် အနေအထားရှိသည်။

ရိုဟင်ဂျာ လူမျိုးများသည် ယခင် စစ်အစိုးရနှင့် ဒေသခံ ရခိုင်လူမျိုးများ၏ ဖိနှိပ်မှုများ၊ ဘေးဖယ်ခံရမှုများနှင့် လူမျိုးရေးအရ သုတ်သင် ရှင်းလင်းခံရမှုများကို  ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ခံစားခဲ့ရပြီးဖြစ်သည်။ အချို့ကလည်း လူမျိုးတုန်း သုတ်သင်ခံရသည်ဟုလည်း ဆိုကြသည်။ မြန်မာပြည်၏ ခေါင်းဆောင်သစ် ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများ ကြုံတွေ့နေရာ ဒုက္ခများနှင့် ပတ်သက်ပြီး စိတ်နှစ်ခွ ဖြစ်နေသည်ကို လူတိုင်းသိကြသည်။ သူမအနေဖြင့် သူတို့ကို သူတို့ ခေါ်ဆိုကြသည့် အမည်ကိုတောင် ခေါ်ဆိုရန် ငြင်းဆန်ခဲ့သည်။ အကြောင်းအရင်းမှာ သူမ၏ ပါတီ တောင်ပြိုကမ်းပြို အနိုင်ရအောင် လုပ်ပေးခဲ့ကြသည့် အစ္စလာမ်လွှမ်းမိုးရေးကို ကြောက်ရွှံနေကြသည့် ဗုဒ္ဓဘာသာအများစု၏ ထိုးနှက်ဝေဖန်မှုဒဏ်ကို ကြောက်ရွှံနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း (၁၉၆၀) နောက်ပိုင်းတွင် ပထမဆုံး တက်လာသည့် အရပ်သားအစိုးရသည် ယခင် လူများကို သတ်ဖြတ်တတ်သည့်၊ ခိုးတတ်သည့် စစ်ဗိုလ်များထက် ကောင်းနိုင်ပါမည်လား။
မကောင်းနိုင်ဟု ယူဆနိုင်သည်။ ပထမဆုံးအနေဖြင့် မေလ အလယ်လောက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံခြားရေး ၀န်ကြီးဌာနသည် အမေရိကန်သံရုံးကို အငြင်းပွားဖွယ်ရှိပြီး၊ ရခိုင်ပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် အထောက်အကူ မဖြစ်သည့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို မသုံးရန် ပြန်ကြားခဲ့သည့် သတင်းဖြစ်သည်။ ၎င်းကို အမေရိကန် သံရုံးကလည်း ငြင်းပယ်လိုက်သည်။ ရခိုင်လူမျိုးများကလည်း ရိုဟင်ဂျာဆိုသည့် စကားလုံးထက် ဘင်္ဂလီဆိုသည့် အသုံးအနှုန်းကို ပိုလိုလားကြသည်။ ထိုသို့ ခေါ်ဆိုခြင်းက သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် သူများကို အဓိပ္ပါယ်သက်ရောက်မှု ဖြစ်သည်။ သို့သော်လည်း ရိုဟင်ဂျာလူမျိုးများကို မြန်မာ့လူမှု အဖွဲ့အစည်း၏ ပင်မ လမ်းကြောင်း ဖယ်ထုတ်ထားခြင်း အဓိက အချက်အနေဖြင့် ပါဝင်လျက် ရှိနေသည်။

မေလ (၂၂) ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်ကို အလည်အပတ် ရောက်ရှိလာရာ ထိုကိစ္စနှင့် တဖန် ပြန်လည် ထိတွေ့လာရသည်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ အစိုးရသစ်သည် စိတ်ခံစားချက် ဖြစ်လွယ်သည့် ရိုဟင်ဂျာ အသုံးကိုရော၊ ဘင်္ဂလီ အသုံးကိုပါ မသုံးဖို့ အခိုင်အမာ သဘောထားရှိသည်ဟု ပြောဆိုခဲ့သည်။

သည်အချက်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူမျိုးကြီးဝါဒီ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများ၊ စစ်သားများနှင့် လွှတ်တော်အမတ်များ ဘင်္ဂလီဆိုသော အသုံးအနှုန်းကို မသုံးကြဖို့ မည်သည့်အခါမျှ မတိုက်တွန်းခဲ့ကြောင်း ပေါ်လွင် ထင်ရှားနေပေသည်။ ထို့အပြင် ရိုဟင်ဂျာများအပေါ် အာဏာပိုင်များ၏ ပြုမှု ဆက်ဆံပုံများ တိုးတက် ကောင်းမွန်လာမှု မရှိဘဲ၊ မကြာသေးမီက အမေရိကန် သမ္မတ အိုဘားမားက မြန်မာပြည်၏ ဒီမိုကရေစီ စနစ်ဆီသို့ ဦးတည်လာမှု ဆုလာဘ်အဖြစ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ပြန်လည် ရုပ်သိမ်းပေးလိုက်ခြင်းက ရိုဟင်ဂျာများအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။

ထို့အပြင် အစိုးရသစ်အနေဖြင့် ကချင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသားလူမျိုးများနှင့် မကြာမီပြုလုပ်ကျင်းပရန် စီစဉ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရိုဟင်ဂျာများကို ဖယ်ထုတ်ထားခြင်းကလည်း သက်သေတခုဖြစ်သည်။ သည်ဖြစ်စဉ် ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှ အမွေဆက်ခံခဲ့ရခြင်းဖြစ်ပြီး (၁၉၄၈) လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာသည့် ပြည်တွင်းစစ်၏ ဆိုးမွေကို အဆုံး သတ်နိုင်ရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သည် ငြိမ်းချမ်းရေး ညီလာခံကို ဒုတိယ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဟု သုံးသည်။ သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဌာနေတိုင်းရင်းသားများ (၁၉၄၇) ခုနှစ်တွင် သဘောတူ ညှိနှိုင်းခဲ့ကြသည့် ပင်လုံ ညီလာခံကို အကြောင်းပြု၍ ခေါ်ဆိုခြင်းလည်း ဖြစ်သည်။

သို့သော်လည်း မကြာခင်က ပြုလုပ်ခဲ့ကြသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အငြင်းပွားစရာ ဖြစ်နေပြီး စစ်အုပ်ချုပ်ရေး လက်ထက်က အတည်ပြုခဲ့သည့် (၁၉၈၂) နိုင်ငံသားဥပဒေက ဖွင့်ဆိုထားသည့် ဌာနေ တိုင်းရင်းသားများသာ ပါဝင်ခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ထိုဥပဒေအရ နိုင်ငံသားများ မဟုတ်ကြချေ။ ထို့အပြင် သူတို့သည် ယခုသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင်လည်း မည်သည့်အခါမှ ပါဝင်ခွင့် မရကြချေ။

ဖြစ်လာနိုင်ဖွယ် အလားအလာတခုက အစိုးရသစ်သည် ရိုဟင်ဂျာအရေးကို အရေးမပါသည့် ကိစ္စရပ်တခုအဖြစ် သဘောထားချင်ပုံ ရသည်။ မြန်မာနိုင်ငံ သမ္မတသစ် ဦးထင်ကျော်သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီကို အစိုးရအရာရှိ (၁၇) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည်။ သို့သော်လည်း ရိုဟင်ဂျာများက ယခုလုပ်ရပ်သည် ခိုင်မာမာဆုံးဖြတ်ချက် မချက်နိုင်အောင် အချိန်ဆွဲသည့် ဗြူရိုကရေစီ ဆန်ဆန် ပြုလုပ်ခြင်းမျှသာ ဖြစ်သည်မည်က စိုးရိမ်ကြပြီး ကော်မတီကို မည်သည့်အကြံပြုချက်မျှ မပေးနိုင်မည်ကို တွေးပူနေကြသည်။ တချိန်တည်းမှာ အစိုးရသစ်သည် အခြားတိုင်းရင်းသားများ လိုလား တောင်းဆိုနေသည် ဖယ်ဒရယ်ပုံစံ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရေးခြင်းဖြင့် သင့်မြတ်ရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အဖွဲ့ဝင်များထဲတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များက အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြသည့် ကချင်၊ ကရင်နှင့် အခြားတိုင်းရင်းသားများကို စာနာနားလည်ကြသည် အများအပြားရှိသည်။ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် နေရာများတွင် တိုင်းရင်းသားများလည်း ကိုယ်စားပြုပါဝင်လျက်ရှိသည်။ ထို့ကြောင့် ပါတီအနေဖြင့် အဆိုပါ တိုင်းရင်းသား အုပ်စုများနှင့် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာတွင် ယုံကြည်မှုရရှိနိုင်သည်ဟု မျှော်လင့်နိုင်သည်။ သို့သော်လည်း ရိုဟင်ဂျာများနှင့် ပတ်သက်၍ ပါတီ အဆင့်ဆင့်တွင် စာနားလည်မှု နားလည်မှု နည်းပါးကြသည်။ NLD ပါတီသည် ယခင် စစ်အစိုးရနှင့် နှိုင်းယှဉ်လျှင် အစ္စလာမ် မုန်းတီးစိတ်နှင့် ရိုဟင်ဂျာများအပေါ် မလိုလားသည့်စိတ်အခံ မဆိုစလောက် အနည်းငယ်သာရှိသည့် ပါတီဖြစ်သည်။ သို့သော်လည်း ရိုဟင်ဂျာ၏ အသံ၊ ရိုဟင်ဂျာများအတွက် ကိုယ်စားပြုမှု NLD ပါတီထဲတွင် မရှိချေ။

လွန်ခဲ့သော နှစ်က ကျင်းပခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မူဆလင်ဦးရေ (၃) သန်းရှိသည့် မြန်မာနိုင်ငံ၌ မူဆလင်အမတ် တစ်ဦးတစ်ယောက်မျှ အရွေးမခံခဲ့ရချေ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရိုဟင်ဂျာများကို ကူညီဖို့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရွေးချယ်ခံ နယ်မြေ မရှိဆိုခြင်းနှင့် ရိုဟင်ဂျာများတွင် အခြားတိုင်းရင်းသားများကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ မရှိသည်ကို သဘောပေါက်ထားသည်။ ထိုကြောင့် ရိုဟင်ဂျာ အနေဖြင့် အာဏာပိုင်များအား အကျပ်ကိုင်နိုင်သည့် အနေအထားသည် နည်းပါးနေသည်။ တနည်းအားဖြင့် ပြောရလျှင် ရိုဟင်ဂျာများအတွက် လုပ်ဆောင်သင့်သည်ဟု သူ့အသိစိတ်က တောင်းဆိုသော်လည်း ပြည်သူများ၏ ထောက်ခံအားပေးမှုကို တစိုးတစဉ်းမျှ ရရှိမည် မဟုတ်ချေ။

ရိုဟင်ဂျာအရေးကို အရေးမပါသည့် ကိစ္စတခုအဖြစ် သတ်မှတ်လိုက်ခြင်းသည် သူတို့၏ လက်ရှိ ကြုံတွေ့နေရသည့် စိုးရိမ်ဖွယ် အခြေအနေ ပိုဆိုးသည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အခြားသူများနှင့် ခွဲပြီး ရိုဟင်ဂျာများကို ဒုက္ခသည် စခန်းများတွင် သီးခြားထားခြင်းနှင့် ကျဉ်းကျဉ်း ကျပ်ကျပ် ရွာများတွင် နေထိုင်စေပြီး သူတို့၏ လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ သူတို့ ယခင်လုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် အရင်းအမြစ်များလည်း ဖြတ်တောက်ခံပြီး သူတို့၏ ကိုယ်ပိုင်နေမြေတွင် အသိုက်ပုံစံ ခွဲခြားဆက်ဆံခြင်း ခံနေကြရသည်။ ဂျာမနီတွင် အလုပ်လုပ်နေသည့် ရိုဟင်ဂျာလူမျိုး ဆရာဝန် အမ်ဘီပြီဘီးက ရိုဟင်လူမျိုး (၉၀) ရာခိုင်နှုန်းသည် စနစ်တကျ ဆေးဝါးခံယူရမှု မရရှိကြဟု ဆိုသည်။ ဟားဗတ် တက္ကသိုလ်အတွက်  မာမွတ်ဆက်မာမွတ်၏ ရခိုင်ပြည်နယ်ဆိုင်ရာ ဆင်းရဲမွဲတေမှုနှင့် ကျန်းမာရေးဆိုင်ရာ လေ့လာတွေ့ရှိချက်အရ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများအကြား အကြီးအကျယ် ကွာဟချက်ရှိနေသည်ကို တွေ့ရှိရသည်။ ရိုဟင်ဂျာလူမျိုး တသိန်းလေးသောင်းအတွက် ဆရာဝန် တဦးရှိနေချိန်တွင် ရခိုင်လူမျိုး ခြောက်ရာ့ ရှစ်ဆယ့်တယောက်အတွက် ဆရာဝန်တဦး ရှိနေသည်။  အဟာရချို့တဲ့မှုအနေဖြင့် ကြည့်လျှင် ရိုဟင်ဂျာလူမျိုးများက (၂၆) ရာခိုင်နှုန်းရှိပြီး ရခိုင်လူမျိုးများက (၁၄) ရာခိုင်နှုန်းသာရှိသည်။ ထိုသို့ အစအစအရာရာ ကွာခြားမှုများကို တွေ့ရသည်။

ရိုဟင်ဂျာများအနေဖြင့် NLD အစိုးရအပေါ် သူတို့အတွက် အပြောင်းအလဲများ ဖြစ်လာမည်ဟု မျှော်လင့်ချက် ပျောက်ကွယ်သွားလျှင် သူတို့အနေဖြင့် ယခင်နှစ်က ကဲ့သို့ အရှေ့တောင်အာရှရှိ မူဆလင်နိုင်ငံများသို့ ဘုတ်စီးပြီး ပင်လယ်ထဲ ထွက်ကြမည့် အလားအလာများ ရှိသည်။ ထိုသို့ ထွက်ခွာကြရာတွင် မသာမာသည့် လူကုန်ကူးသူများသည် ယိုင်နည်းသည့် ဘုတ်များဖြင့် ပင်လယ်ထဲနစ်မြုပ်နိုင်သည့် စိုးရိမ်ဖွယ်ရာ အနေအထားရှိနေသည်။ ထိုအကျပ်တည်းသည်လည်း တဖန် ပြန်လည် ကျယ်ပြန့်လာဖွယ် အနေအထားရှိနေသည်။

မည်ကဲ့သို့ ဆက်လုပ်နိုင်မည်နည်း။ ပြည်တွင်းတွင် ရိုဟင်ဂျာများကို ကူညီရန် အရေးပါသည့်အနေအထား တစုံတရာမရှိသည့်အတွက် အမေရိကန်၊ ဗြိတိန်ကဲ့သို့ နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖိအားပေး တောင်းဆိုမှုများကို ပြုလုပ်နိုင်ပေသည်။ အနောက် အင်အားကြီးနိုင်ငံများသည် NLD ပါတီအား စနစ်တကျအားကောင်းသည် ပါတီတခုဖြစ်လာအောင် ကူညီပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးများအား နည်းပညာအကူအညီ၊ လက်တွေ့အကြံများပေးခြင်းနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် ရှေ့တန်းမှ ပါဝင်သော လွှတ်တော်ကဲ့သို့ အင်စတီကျူှးရှင်းများကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ပေးခြင်း တို့ကို အလုံးအရင်းနှင့် အကူအညီများ ပေးခဲ့ကြသည်။

ထိုအခြေအနေများကို အားသာချက်များအဖြစ် အသုံးပြုပြီး လက်ရှိ ဖွဲ့စည်းပုံအရ  လူဦးရေ တသန်းမျှ ရိုဟင်ဂျာများသည် နိုင်ငံသားများ မဟုတ်သည်ဟု ဆိုလျှင်တောင် သူတို့သည်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်၏ အစိတ်အပိုင်း တခုအဖြစ် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်သည်။ သူတို့အား မည်မျှထိ အစိုးရအနေဖြင့် အကာအကွယ် ပေးနိုင်မှုနှင့် မည်မျှထိ ဆွဲခေါ်စွမ်း ရှိမှုအပေါ် မူတည်၍ ဆုံးဖြတ်ရမည် ဖြစ်သည်။ အကယ်၍ NLD ပါတီအနေဖြင့် ရိုဟင်ဂျာများအား နိုင်ငံသားပေးရန် တွန့်ဆုတ်နေလျှင်တောင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ယခင် စစ်အစိုးရ ပြဌာန်းတည်ပြုခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ (၄) မျိုးအား ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနိုင်ပေသည်။

(၂၀၁၅) ခုနှစ်တွင် ပြဌာန်း အတည်ပြုခဲ့သော အဆိုပါ ဥပဒေများသည် မဘသအဖွဲ့နှင့် အမျိုးသားရေးဝါဒီများကို စည်းရုံးလှုံ့ဆော်မှုဖြင့် ပေါ်ပေါက် လာခြင်းဖြစ်ပြီး မူဆင်လူမျိုးများအား လွှတ်လပ်စွာ အိမ်ထောင်ပြုခြင်း တားမြစ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေများကို အပြည့်အ၀ အကောင်ထည် ဖော်ဆောင်ရွက်လာလျှင် ရခိုင်နှင့် ရိုဟင်ဂျာများ အကြား တင်းမာမှု ပိုမို ဖြစ်ပွား လာမည်ဖြစ်သည်။ NLD သည့် အတိုက်အခံ ဘ၀တွင် ရှိနေခဲ့စဉ်က ထိုဥပဒေများကို ဆန့်ကျင်ခဲ့သည်။ ယခု အာဏာရလာသည့် အခါ NLD အနေဖြင့် အဆိုပါဥပဒေများအား ပြန်လည်ရုပ်သိမ်းသင့်ပြီး အစိုးရသစ်အနေဖြင့် တိုင်းပြည်တွင်း နေထိုင်ကြသူများ၏ လူ့အခွင်အရေးနှင့် ပြည်သူ့အခွင့်အရေးများအတွက် အမှန်တကယ် အလေးထား ဆောင်ရွက်ကြောင်း အသိပေးပြောကြားရန် လိုအပ်လာသည်။ ရိုဟင်ဂျာများသည် ထိုသို့ ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းတခုအဖြစ် ပြုလုပ်ပေးရန် လိုအပ်သည်။

ရိုဟင်ဂျာ လူမျိုးများအပါအ၀င်၊ အခြားသော တိုင်းရင်းသားလူမျိုးများသည် တိုင်းပြည်၏ အရေးကြီး ကဏ္ဍာများတွင် ပါဝင်ရန် လိုအပ်လာသည်။ ရိုဟင်များကြုံတွေ့ခံစားနေရသော ဒုက္ခများအား မြန်မာပြည်ပြင်ပတွင် လူအများ သိရှိကြသော်လည်း ပြည်တွင်းတွင် သိရှိသူ နည်းပါနေသေးသည်။ ရိုဟင်ဂျာများ အနေဖြင့် သူတို့၏ အပြောင်းအလဲ မျှော်လင့်ချက်အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းများကြားတွင် လှုပ်ရှား ဆောင်ရွက်ခြင်းထက် ဗမာလူမျိုးကြီးစိုးသည့် ဗဟိုအစိုးရ လက်အောက်တွင် အခက်ကြုံနေကြရသည့် ဘ၀တူ ကချင်၊ ကရင်၊ မွန်စသည့် တိုင်းရင်းသား လူမျိုးများနှင့် ဆက်ဆံရေး တံထားများ ထိုးသင့်ပေသည်။ သို့မှသာ နိုင်ငံရေးအရ အားကောင်းလာပြီး ရိုဟင်ဂျာအရေးသည်လည်း လူသိပိုများလာမည်ဖြစ်သည်။

ရိုဟင်ဂျာများအပေါ် မလိုလားမှုများကို ကျော်လွှားရေးသည် အုပ်စုအသီးသီး၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည်။ နောက်ပိုင်း အတိုင်းအတာတခုထိ နိုင်ငံတကာက လိုလိုလားပြမှု၊ သံတမန်ရေးအရ အထောက်အပံ့ပေးမှုနှင့် ငွေကြေးများ ထောက်ပံ့ပေးမှုများကို ဆွေးနွေးပွဲ စကားဝိုင်းသို့ ရောက်ရှိ လာမည်ဖြစ်သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကောင်းမွန်သည့် အချက်များ ပြုလုပ်ပေးခြင်းဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံရေးအရ လှုပ်ရှားနိုင်မှုများ ပြောင်းလဲ လာပြီး မြန်မာနိုင်ငံသည် ပြောင်းလဲလာမည်ဖြစ်သည်။

(Richard Cockett ၏ Aung San Suu Kyi Is in Power. So Why Is She Ignoring Her Country’s Most Vulnerable People? ကို မိုးမိုးကျော် က ဆီလျော်အောင် ဘာသာ ပြန်ဆိုထားပါသည်။)

မူရင်းလိမ့် - http://foreignpolicy.com/2016/06/09/aung-san-suu-kyi-is-in-power-so-why-is-she-ignoring-her-countrys-most-vulnerable-people-burma-rohingya/?utm_content=buffer53f11&utm_medium=social&utm_source=facebook.com&utm_campaign=buffer

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top