ဇောင်းခ/RiA ၊ ဇွန် ၁၂ ရက်
ရခိုင်ပြည်နယ်တွင် ရေနံဓာတ်ငွေ့ရည်အိုးများကို သိုလှောင်ရုံနှင့် သိုလှောင်ဖြန့်ဖြူး လုပ်ကိုင်လိုသူများနှင့် တိုက်ခန်း၊ ဆိုင်ခန်းများဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် ယာယီလိုင်စင် (၂) မျိုးကို ဇွန်လ ၁၄ ရက်နေ့မှ စတင်ချပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ သိရသည်။
"စည်းကမ်းတကျ ရောင်းချခွင့်အတွက် လိုင်စင်တွေ ချပေးသွားမယ်။ ဒါကလည်း ရက် ၁၀၀ စီမံချက်ထဲ ပါဝင်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့ကို ရခိုင်မှာ စမယ်။ ရခိုင်ပြည်နယ်အပြင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ဇွန်လ မကုန်မီ အပြီး လိုင်စင်ချပေးသွားမှာပါ" ဟု မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ လိုင်စင်ချပေးမည့်တာဝန်ခံ ဦးနေလင်း၏ ပြောကြားကို ကိုးကား၍ မြစ်မခအေဂျင်စီတွင် ဖော်ပြထားသည်။
အဆိုပါလိုင်စင်နှစ်ခုတွင် ရောင်းချမည့်ပုံစံ၊ ကာကွယ်မှုအပိုင်းများ၊ စနစ်တကျတပ်ဆင်ထားရန် အချက်များကို စနစ်တကျရှင်းပြသွားမည်ဖြစ်ပြီး စည်းကမ်း လိုက်နာမှုရှိ၊ မရှိကို ၂၀၁၆ ခုနှစ်ကုန်ခါနီးတွင် စစ်ဆေး သွားမည်ဖြစ်ကြောင်း အေဂျင်စီတွင် ဖော်ပြပါရှိသည်။
အဆိုပါလိုင်စင်လျှောက်ထားမှု အခြေအနေမှာ ရန်ကုန်တွင် (၁၈၆)ဆိုင်၊ ပဲခူးတွင် (၁၆)ဆိုင်၊ ဧရာဝတီတိုင်းတွင် (၁၉)ဆိုင်နှင့် ရခိုင်ပြည်နယ်တွင် (၉)ဆိုင်ရှိပြီး ထပ်မံလျှောက်ထား လိုပါကလည်း လျှောက်ထားနိုင်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက သတင်းထုတ်ပြန်သည်။

0 comments:
Post a Comment