Sunday, May 29, 2016

" စု" မှာကြားလိုက်တဲ့ ၈ ချက် "ပု" ဖြေရှင်းနိုင်ပါ့မလား

နေသော်/Root Investigative Agency ၊ မေ ၂၉ ရက်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုဟာ ဒီတစ်ခေါက် နေပြည်တော်ခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတွေနဲ့ အတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ပါတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေး လမ်းကြောင်းသစ် ထွက်ပေါက်ရှာနေတဲ့ အချိန်လည်းဖြစ်သလို အမေရိကန်နဲ့ နိုင်ငံချင်း ဆက်ဆံရေး သွေးအေးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။် အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ ပါတ်သက်လာရင် ဒေသတွင်းမှာ ရှိနေတဲ့ နိုင်ငံမဲ့  မူစလင်တချို့ကို အစိုးရရဲ့ ဆက်ဆံမှုအပေါ် မကြာမကြာ ဝေဖန်ထောက်ပြတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုပ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးတွေကို ရုန်းထွက်ပြီး ရုရှားအပေါ် ဆက်ဆံရေး ကူးပြောင်းနိုင်သော အနေထားဖြစ်ပါတယ်။ ရခိုင်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသော ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံနှင့် ပါတ်သက်လာလျှင် ကမ္ဘာ့ ဆွေးနွေး စကားဝိုင်းများက ထည့်သွင်းကြတဲ့  ထပ်တူပြုချက်တွေပါ။

ဒီလိုအခြေနေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အတွက် နိုင်ငံတော်ပြောင်းလဲချိန်မှာ တည်ဆောက်ဆဲကာလအတွင်း ရခိုင်အရေးကို မဖြေရှင်းလိုသေးတဲ့ သဘောလည်း ရှိပုံပေါက်ပါတယ်။ 

ဒါကြောင့် ဆိုရရင် ရခိုင်အရေးကို မှေးမှိန်စေလိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်နယ်နယ်နှင့် တိုင်းဒေသတွေမှာ အစိုးရအဖွဲ့ကို စိန်ခေါ်နေတဲ့ အရင်အစိုးရလက်ထက်တုန်းက မပြီးသတ်သေးတဲ့ ပြသနာတွေရှိပါတယ်။

ဒီအပေါ်မှာ ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် တခြားပြည်နယ်နှင့်တိုင်းက ဝန်ကြီးချုပ်တွေကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးမှု တစ်ခုကို မေလ နောက်ဆုံးအပါတ်တွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်နယ်နှင့် တိုင်းဝန်းကြီးချုပ် တွေကို တွေ့ဆုံမှုအပြီးမှာ အချက် ၈ ချက် မှာလိုက်တယ်လို့ သိရပါတယ်။

■ နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်၊

■ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊

■ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊

■ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊

■ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်း ပပျောက်စေရန်အတွက် အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထားဆောင်ရွက်ကြရန်၊

■ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ် ဆောင်ရွက်ရန်၊

■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊

■ နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် တို့ဖြစ်ကြောင်း သိရှိရသည်။

ပထမဆုံး အချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်
ဆိုတာဟာ နှစ်ဘက်လူအဖွဲ့စည်း ၂ ခု အားပြိုင်နေတဲ့ ရခိုင်ဒေသတွက် စိုးရိမ်စရာပဲ ဖြစ်ပါတယ်။ တစ်ဘက်ကို လိုက်လျောရင် အခြားတစ်ဘက်က စောဒကတွေ တက်လာနိုင်ပါတယ်။

မကြာသေးမည်က ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သေနပ်ပစ်ဖောက်ပြီး လူမြင်ကွင်းရှေ့မှာ သတ်ဖြတ်ခဲ့တဲ့ ကိစ္စဆိုရင် ခုချိန်ထိ တရားခံ စုံစမ်းဖော်ထုတ်နိုင်မှု အခြေနေကို ပြည်နယ် ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။

ရမ်းချောင်းဖျားနဲ့ တောချောင်းဖျားတွေမှာ စစ်ဘေးဒုက္ခသည်တွေ ရှိနေပါတယ်။ လက်ရှိ စာရင်းအရ ဆိုရင် ၂၅၀၀ ကျော်နီးပါးရှိနေပြီ ဆိုပြီး ရခိုင်အမျိုးသားပါတီရဲ့ မှတ်တမ်းတွေ အရသိရှိရပါတယ်။
ဒါတောင် ၂၀၁၅ အတွင်းက ဖြစ်ပွားခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ စာရင်းမပါပါဘူး။

စစ်ဘေးဒုက္ခသည်တွေ ရှိနေတာဟာ ဒေသတွင်း မတည်ငြိမ်လိုပဲ ဖြစ်ပါတယ်။ ဒေသတွင်း မတည်ငြိမ်တာဟာ တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ မညီမျှလိုပဲဖြစ်ပါတယ်။ တရားဥပဒေ ဆိုတာ အစိုးရ ရုံးစိုက်ရာ မြို့တွေမှ မဟုတ်ဘဲ ကျေးရွာဒေသတွေအထိ စိုးမိုးရမှာဖြစ်ပါတယ်။ ဒါမှာလည်းပဲ ချိန်ခွင်လျှာ ညီမျှမှာဖြစ်ပါတယ်။

ဒုတိယနဲ့တတိယ  အချက်ဖြစ်တဲ့ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်းရန်ဆိုတာကလည်း လက်ရှိ ရခိုင်ဒေသတွင်း ဖြစ်ပေါ်နေတဲ့ မြေယာပြသနာတွေနဲ့ အချိန်ကိုက်ပါပဲ။ ကျောက်ဖြူဘက်မှာ ပိုက်လိုင်းစီမံကိန်းကြောင်း ပျက်စီးခဲ့ရတဲ့ အချို့ လယ်ယာမြေတွေဟာ ခုချိန်ထိ လျော်ကြေးငွေတွေ မရရှိသေးတဲ့ အခြေနေတွေဖြစ်နေတဲ့ အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေရှိနေဆဲ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန်ဆိုရင်လည်း ဘယ်တော့မှ အကောင်အထည် ဖော်မယ်မှန်းမသိပေမယ့် လယ်တစ်ခုတည်းသာ လုပ်တတ်တဲ့ လယ်သမားတွေဟာ သူတို့ရဲ့လယ်မြေတွေကို သတ်မှတ် လျော်ကြေးငွေနဲ့ လက်ခံလိုက်ကြရပါတယ်။ အချို့ လယ်သမားတွေက တော့ ခုချိန်ထိ လျော်ကြေးငွေတွေကို လက်မခံကြသေးလို့ သိနေရပါတယ်။ အရင်အစိုးရတွေ လက်ထက်တုန်းက ဆောက်လုပ်ခဲ့တယ် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းပိုင်းဆိုရင်လည်း စီမံကိန်းထဲမှာ ပါသွားတဲ့ လယ်ယာမြေတွေအတွက် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား ဘက်က လယ်သမားတွေကို လျော်ကြေးတောင်းခံမယ် အစီစဉ်တွေဆွဲနေကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စရပ်တွေ အပေါ် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန် ဆိုပြီး မှာကြားထားပါတယ်။

တတိယအချက်နဲ့ ဆဋမ အချက်ကျတော့ ထောက်ပြလိုသူတွေအနေနဲ့ ဝေဖန်လို့ရအောင် အချက်အလက်ဆိုင်ရာ ပွင့်လင်းမြင်သာဖို့ လိုပါတယ်။ တရားဥပဒေပြုရေးဖြစ်တဲ့ ပြည်နယ်လွှတ်တော်ရဲ့ အခန်းကတော့ လက်ရှိအခြေနေမှာ လွန်ဆွဲမှုတွေ ရှိနေရုံမှအပ ကြီးမားတဲ့ စိန်ခေါ်မှုတော့ မတွေ့မြင်ရသေးပါ။

စတုတ္တနဲ့ ပဉ္စမ အချက်ကတော့ အားလုံးသိတဲ့ အတိုင်း မူးယစ်ဆေးဝါးပြသနာပဲ ဖြစ်ပါတယ်။ နယ်မြေပထဝီ အနေထားအရ ရခိုင်ဒေသဟာ မူးယစ်ဆေးဝါး လမ်းကြောင်းမှာ အရင်တုန်းက နည်းပါးခဲ့ပေမယ့် စိတ်ကြွဆေးပြားခေတ်မှာ ပြည်ပနိုင်ငံများကို သွားနေတဲ့ လမ်းကြောင်းထဲမှာ ပါဝင်တဲ့ ဒေသပဲဖြစ်ပါတယ်။

မူးယစ်ဆေးဝါးအမှုတွေကို ရခိုင်ဒေသမှာ အရင်တုန်းကထက် ဖမ်းဆီးမှု ပိုမိုရရှိလာပေမယ့် ပင်ရင်းဒိုင်တွေ၊ ထုတ်လုပ်သူတွေကို ဖမ်းဆီးရရှိမှုနည်းပါတယ်။ ဒီကိစ္စဟာ ဦးညီပုအနေနဲ့ သက်ဆိုင်ရာ တာဝန်ယူထားတဲ့ သူတွေကို တိုက်တွန်းရမယ့် ကိစ္စတွေပါ။ လက်ရှိအနေအထားအရ ဆိုရင် မူစလင်ဒုက္ခသည်စခန်းတွေဆီမှာ ပဲ ဖမ်းဆီးရမိတဲ့ စာရင်းတွေကို ကြည့်ရင်ရပါတယ်။

နောက်ဆုံးအချက်ကတော့ တခြားပြည်နယ်ဒေသတွေထက် ရခိုင်ဒေသက ပိုပြီး သတိထားရမယ့် အချက်ပဲဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရုံးကို တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ဒေသမှာ ပြည်သူတွေအနေနဲ့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေဆိုရင် ယုံကြည်မှု လျော့နည်းကြပါတယ်။ ဒီအပေါ် အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရမှာထက် အချို့သော  ပြည်သူတွေရဲ့ တွေးခေါ်မှု ဆိုင်ရာ၊ အမြင်တွေကို ပြောင်းလဲပစ်ဖို့လိုပါတယ်။

နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးသမားတစ်ဦးအနေနဲ့ အမှောင်ခေတ်မှာ နေလာခဲ့ကြတဲ့ သူတွေဟာ ခုဆိုရင် အစိုးရအဖွဲ့ထဲမှာ ပါဝင်ခဲ့ကြပြီဖြစ် ပါတယ်။  ဦးညီပု လက်ထက် အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်ဟာ အရင်အစိုးရ လက်ထက်တွေက မဖြစ်ပေါ်ခဲ့ဖူးတဲ့ ဒေသတွင်း စစ်ပွဲတွေ ပိုမိုများပြားလာပါတယ်။ ဦးညီပု အပေါ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခြင်းနဲ့ပတ်သက်ပြီး သဘောမကျတဲ့
အတိုက်အခံ အင်အားစုတွေရဲ့ ဆန္ဒပြမှုတွေကလည်း ပြီးခဲ့တဲ့ လကပဲ ရပ်တန့်သွားတာကို တွေ့ရပါတယ်။

ဒါတောင် ပြည်သူတွေ လိုလားနေကြတဲ့ သဘာဝသယံဇာတ ဆိုင်ရာ တောင်းဆိုမှုတွေမပါသေးပါဘူး။ သမိုင်းကြောရှည်လျှားပြီး  ရှုပ်ထွေးပွေလီတဲ့ ဖြစ်ရပ် ပြဿနာတွေရှိတဲ့ ရခိုင်ဒေသကို ဦးညီပုအနေနဲ့ တာဝန်ယူရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့ အချက် ၈ ချက်နဲ့ ရခိုင်ပြည်နယ်အရေးကို ထိန်းကျောင်းနိုင်မလားဆိုတာ..။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top