Tuesday, December 1, 2015

ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် ၂၃၁ နှစ်မြောက် အခမ်းအနား သံတွဲမြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဟု သိရ

ရခိုင်အမျိုးသားပါတီ ၂၀၁၄ ညီလာခံ၊ သံတွဲ (ဓာတ်ပုံ - Moe Aung)

သံတွဲ၊ ဒီဇင်ဘာ ၁ ရက်

ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် ၂၃၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့နယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ကျင်းပရေးကော်မတီက ဆိုပါတယ်။

“အစည်းအဝေးတစ်ခု မြို့နယ်အတိုင်းအတာနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ တနင်္ဂနွေမှာ ပြုလုပ်ခဲ့ကြတယ်။ သံတွဲမြို့နယ် အသင်းအဖွဲ့တာဝန်ခံတွေ၊ ရပ်ကွက်ကျေးရွာ ကိုယ်စားပြု ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ပြီးတော့ အခမ်းအနားဖြစ်မြောက်ရေး ဆွေးနွေးခဲ့ကြတယ်။ ဒီတစ်ခါ စည်ကားစွာ ကျင်းပဖို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ စာပေဟောပြောပွဲတွေလုပ်မယ်။ ရခိုင်က စာရေးဆရာတွေကို ဖိတ်မယ်။ စာတမ်းဖတ်ကြားမယ့် အစီအစဉ်တွေနဲ့ တခြား ဘာတွေထပ်မံ ထည့်သွင်းမလဲဆိုတာ ဆွေးနွေးနေကြပါတယ်။ သေချာ တာကတော့ အစည်ကားဆုံးဖြစ်အောင် ကျင်းပမှာပါ။” လို့ ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးစန်းကို က ဆိုပါတယ်။

ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း ဒီဇင်ဘာ ၃၁ ရက်နေ့ ၀မ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည်နယ်ရဲ့ မြို့နယ်၊ ကျေးရွာတွေမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေတာဖြစ်ပြီး သံတွဲမြို့နယ်တွင် ၂၀၁၄ ခုနှစ်မှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအကြိမ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။

သံတွဲမြို့နယ်မှာ ရခိုင်သမိုင်းတွင် အစောဆုံးမြို့ပြတစ်ခုဖြစ်ခဲ့ပြီး ဒွါရာဝတီအဖြစ် ထင်ရှားခဲ့တဲ့ မြို့ကြီးဖြစ်ကာ လေးမြို့ခေတ်မှာ ဘုရင်နရနု ( မြောက်ဦးမြို့ကို တည်ဆောက်ခဲ့တဲ့ ဘုရင်မင်းမြတ် မင်းစောမွန်ရဲ့ ညီတော်စပ်သူ) အပိုင်စားခဲ့တဲ့မြို့ဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရပါတယ်။

1 comment:

  1. ဂုဏ် ယူပါရေ ရခိုင်သားတိ

    ReplyDelete

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top