Sunday, January 24, 2016

ရခိုင်ဘုရင်၏ တီတော် ဆရာတော် အသျှင် စန္ဒြမဏိ၏ ရုပ်ထုတော်ကို နှစ်ပေါင်း ၅၀ အကြာ စတင် ရွေ့ပြောင်းမှု ပြုလုပ်

Last Generation of Rakhine King_Ashin SandraMani's (photo:MoeAung/RiA)
စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၄ ရက်

ရခိုင့်နိုင်ငံတော် နောက်ဆုံး မင်းဆက် မဟာသမ္မတရာဇာ မင်းမြတ်၏ တီတော်ဖြစ်သော ဆရာတော် အသျှင် စန္ဒြမဏိရဲ့ ရုပ်ထုတော်ကို ယခင် စစ်တွေမြို့နယ် ပြည်လုံးချမ်းသာ ဘုရားကြီး သိမ်ဝင်းအတွင်းမှာ ထားရှိခဲ့ပြီး နှစ်ပေါင်း ၅၀ အကြာ ဒီကနေ့ ဇန်န၀ါရီ ၂၄ ရက်နေ့မှာ စစ်တွေမြို့တပတ် လှည့်လည် ပူဇော်ခံခဲ့ပြီး စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက် လေဆိပ်အနီး၊ စန္ဒြမဏိ ယာယီဗိမာန်တော်သို့ ရွေ့ပြောင်း စိုက်ထူခဲ့ကြောင်း သိရပါတယ်။


ဆရာတော် အရှင် စန္ဒြမဏိဟာ မြောက်ဦး ရခိုင်ဘုရင် နောက်ဆုံးမင်းဆက်ရဲ့ တီတော်သုံးဦးအနက် တစ်ဦးဖြစ်ပြီး၊ ဗုဒ္ဓသာသနာကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒယနိုင်ငံတို့တွင် ပြန့်ပွားစေရန် သာသနာပြုခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ကြောင်း သိရပါတယ်။

ဆရာတော် အရှင် စန္ဒြမဏိဟာ ၁၉၇၂ ခုနှစ်တွင် အန္ဒိယနိုင်ငံ၌ ကွယ်လွန်ခဲ့ပြီး သုံးနှစ်အကြာမှာ စစ်တွေမြို့မှာ ရှိတဲ့ တကာ၊ တကာမများက ပန်းတည်း ပညာရှင်  ဦးဟန်တင်ကို ဆရာတော်ရဲ့ ရုပ်ထုကို သွန်းလုပ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
 
ရုပ်ထုတော် ပြီးစီးတဲ့ အချိန်ကနေစပြီး  သီးသန့်ထားရှိရန် မြေနေရာ မရတာကြောင့် စစ်တွေမြို့၊ ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ထားရှိခဲ့ရတာ ဖြစ်တယ်လို့ ကျားရုပ်ကျောင်းဆရာတော် က RiA ကို မိန့်ကြားပါတယ်။
 
“ ဆရာတော်ကြီးမှာ ထူးခြားချက် နှစ်ရပ်ရှိတယ်။ တစ်ချက်က ရခိုင်ဘုရင်မင်းမျိုးမင်းဆွေတွေရဲ့ တီတော် တစ်ဦးဖြစ်တယ်။ နောက်တစ်ချက်က ဆရာတော်ဟာ ၁၉၅၅ မှာ  အိန္ဒယနိုင်ငံသား ခြောက်သိန်းကျော်ကို ဗုဒ္ဓဘာသာ အဖြစ် သွတ်သင်းနိုင်ခဲ့တယ်”
 
ရုပ်ထုတော်ထားရှိရာ မြေနေရာကို အစိုးရာဌာနများမှ လူဒါန်းတာဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမြအောင်က RiA ကို ပြောပါတယ်။
 
“မြေနေရာ ရရှိရေးနဲ့ ပါတ်သက်ပြီး နိုင်ငံတော် အဆင့်ထိ တောင်းခံခဲ့ပါတယ်၊ သာသာနာရေးရာ ဝန်ကြီးဌာနရော၊ သက်ဆိုင်တဲ့ ဌာနတွေကို အဆင့်ဆင့် တင်ပြခဲ့ရပါတယ်”
 
ဆရာတော် အရှင် စန္ဒြမဏိ ရုပ်ထုတော်ကို ထားရှိမယ့် ဗိမာန်တော်အတွင်းမှာ စန္ဒြမဏိဥယျာဉ်၊ စန္ဒြမဏိ ဓမ္မာရုံ၊ စန္ဒြမဏိ ပါတ်လမ်း စတာတွေကို တည်ဆောက်သွားမှာ ဖြစ်ပြီး လက်ရှိအခြေနေမှာ ကောက်ခံ ရရှိသော အလှူငွေ ကျပ် သိန်းပေါင်း ၂၅၀၀ ကျော် ရရှိနေပြီးဖြစ်ကြောင်း စန္ဒြမဏိ ဗိမာန်တော် ဖြစ်မြောက်ရေး ကော်မတီ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top