မင်းမျိုးနွယ်၊ RiA / သြဂုတ် ၁ ရက်
စစ်တွေ။ ရခိုင်ပြည်နယ်၊ ရသေ့တာင်မြို့နယ်၊ ကူတောင်ကျေးရွာ အထက ကျောင်းတွင်
စာသင်ခန်းများ နည်းပါးပြီး ကျောင်းသားအင်အား များပြားနေသည့်အတွက် တစ်ခန်းလျှင် ကျောင်းသားဦးရေ ၁၀၀ ကျော်စီ ပညာ သင်ကြားနေကြရကြောင်း သတင်းရရှိသည်။
ကူတောင် အထကကျောင်းသည် စာစစ်ဌာန ရရှိထားသည့် ကျောင်းဖြစ်ကာ မူစဲကမ်းဒေသတွင်
အကြီးဆုံးနှင့် ကျောင်းသားအင်အား အများဆုံး ပညာသင်ကြားလျှက်ရှိသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။
“ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားတွေကို အခုလိုမျိုးပြွတ်သိပ်ပြီးတော့ သင်ကြားနေကြရတာဟာ ကျောင်းပရိဘောဂ မလုံလောက်တာရယ်။ နောက်တစ်ခုက စာသင်ဆောင် အခက်အခဲရှိတာရယ်ကြောင့် ဖြစ်ပါတယ်။ စာသင်ခုံတွေ ရှိလို့ရှိရင်တော့ ဒီကျောင်းသားတွေကို တစ်နည်းနည်းနဲ့ အခန်းတွေခွဲပြီးတော့ သင်လို့ရပါတယ်။ လုံလောက်မှု မရှိတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခန်းတစ်ခန်းမှာ ဒီလောက်ထိ ကျောင်းသား အများအပြားကို သင်ကြားနေရတာ ဖြစ်ပါတယ်။” ဟု ကူတောင် တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထွန်းလင်းကပြောသည်။
လက်ရှိတွင် အဆိုပါ အထကကျောင်း၌ ပညာသင်ကြားနေကြသည့် ကျောင်းသား/သူဦးရေမှာ
၁၀၉၀ ဦးထိ ရှိလာနေပြီဖြစ်ကာ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ပေးရန် လိုအပ်လျှက်ရှိပြီး
ကျောင်းကိုလည်း လက်ရှိအခြေအနေထက် အဆင့်မြှင့်တင်ပေးရန် လိုအပ်နေကြောင်း
ဆရာ/မများက ဆိုသည်။
“ကျောင်းသားအင်အားက ကိုးတန်းနဲ့ ဆယ်တန်းမှာ ၁၉၀ ရှိပါတယ်။ တစ်ကျောင်းလုံး ကျောင်းသား အင်အားကတော့ ၁၀၉၀ ဦးရှိပါတယ်။ အထက်တန်းပြ ဆရာ/မ အရေအတွက်ကတော့ ၁၂ ယောက်ရှိပါတယ်။ ကျောင်းခေါင်ပျက်စီးနေတာတွေနဲ့ ကျောင်းဆောင်သစ် လိုအပ်ချက်တွေကိုတော့ မြို့နယ်ပညာဌာနကို ဒီနှစ်ကျောင်းဖွင့်စမှာ တင်ပြထားပါတယ်။ လုပ်ပေးမယ်လို့တော့ပြောပါတယ်။”ဟု ဦးကျော်ထွန်းလင်းက ပြောကြားခဲ့သည်။

0 comments:
Post a Comment