စာရေးသူ - ဇောင်း
စာရေးဆရာ E.B White ၏ နယူးယောက် ကို စာရေးဆရာ မြသန်းတင့်နှင့် ဆရာ
မြဇင်တို့က ဘာသာပြန်ခဲ့ဖူးသည်။ သူက နယူးယောက်မြို့ ၃ မြို့ရှိကြောင်း
ဖွဲ့နွဲ့သည်။
(၁) နယူးယောက်တွင် မွေးဖွားလာသော ယောင်္ကျား၊ မိန်းမတို့က ဘာမှ ဆင်ခြင်ခြင်း မရှိဘဲ လက်ခံထားလိုက်ကြသော နယူးယောက်။
(၂) နေ့တွင် ၀ါးမျို၍ ညတွင် ထွေးထုတ်သော ကျိုင်းကောင်များနှယ် နေ့ချင်းပြန် ရောက်လာကာ နေ့တွင် လုပ်၊ ညတွင် ပြန်သူတို့၏ နယူးယောက်။
(၃) တစ်ခုခုကို ရှာဖွေရန် ရောက်လာကြသူတို့၏ နယူးယောက် ဟူ၍ ဖြစ်သည်။
ထပ်မံ၍ သူက - နယူးယောက်တွင် မွေးဖွားသော ကျားနှင့် မ ပေါင်းဖက်ကာ
နယူးယောက်တွင် ဆက်နေခြင်းဖြင့် နယူးယောက် ဘာမှ မဖြစ်။ နယူးယောက်ကို
ရောက်လာပြီး ၀ယ်တာဝယ်၊ ရောင်းတာရောင်း၊ နောက် ကိုယ့်မြို့ကိုယ့်ရပ်
ပြန်သူများကြောင့်လည်း နယူးယောက် ဘာမှ မဖြစ်။ တတိယတစ်ခုကြောင့်သာလျှင်
နယူးယောက်မြို့ ရှင်သန်နေရခြင်း ဖြစ်သည်ဟု နယူးယောက်မြို့၏
ရှင်သန်ရခြင်းကို ညွှန်းဆိုခဲ့သည်။
ယနေ့ ရခိုင်ပြည်နယ် ရှင်သန်နေသလား။ ဘာမှ မပြောင်းလဲသလား။ အဘယ်ကြောင့်နည်း။
သူရဲကောင်းများနှင့် ရခိုင်ပြည်နယ်
မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊ မာရှယ်တီတိုး၊ ချီဂွေဗားရား၊ လီနင်၊
နပိုလီယံ၊ ဟိုချီမင်း၊ ချန်ကေချိတ်မှအစ ခိုင်မိုးလင်း၊ ခိုင်ရာဇာ တို့ကို
ကျွန်တော်တို့ ကြိုက်ဖူးခဲ့ကြသည်။ ရာဇ၀င် ဒဏ္ဍာရီထဲက တာဇံ၊ ဟာကျူလီ၊
စပါတာကပ်တို့ကို ကျွန်တော်တို့ ကြိုက်ဖူးခဲ့ကြသည်။ ထို့အတူ ယခု လီကွမ်ယု၊
အောင်ဆန်းစုကြည်၊ ဇူကာဘတ်၊ ဗိုလ်ချူပ်မြ၊ ထွန်းမြတ်နိုင်၊ မင်းဇံဝေ ၊
ဦးလှစော၊ ဦးအေးမောင် တို့ကို ကျွန်တော်တို့ ကြိုက်ခဲ့ကြသည်။ သူတို့သည်
သူရဲကောင်းများ ဖြစ်ကြသည်ဟူသော အသိဖြင့် ကြိုက်ခဲ့ကြသည်။
ကျွန်တော်တို့သည် ရှိနှင့်ပြီးသော သူရဲကောင်းများ၏ လမ်းစဉ်အတိုင်း
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို လျှောက်လှမ်းနေခဲ့ကြသည်။
လမ်းတစ်ဝက်တွင် ဘာဖြစ်လာမည်လဲ မည်သူမျှ မသိကြ။ သူရဲကောင်းကယ်တင်လာပေမည်
ဟူသော အသိစိတ်ဓာတ်ဖြင့် လျှောက်လှမ်းခဲ့ကြသည်။
သို့သော် ကျွန်တော်တို့သည် သူရဲကောင်း အဆိပ်သင့်ခဲ့ကြရသည်။
မည်သူ မှားသည်၊ မည်သူမှန်သည်ဟူသော ရှုထောင့်မှ ရှုခြင်းမဟုတ်ပါ။
ကောင်းခြင်းဖြစ်စေ၊ ဆိုးခြင်းဖြစ်စေ တစ်ချိန်ချိန်တွင် ဖြစ်လာမည်သာ
ဖြစ်သည်။ ကျွန်တော်တို့သည် လမ်းတစ်ဝက်တွင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ကောင်းသောအရာတို့ စောစီးစွာ ဖြစ်လာလျှင် ယဉ်ကျေးမှုကောင်းကို စောစီးစွာ
ကျင့်သုံးနိုင်မည်ဖြစ်၍ ၀မ်းသာစွာ ကြိုဆိုရမည်ဖြစ်သော်လည်း ယခု
ဆန့်ကျင်ဘက်တို့ စောစီးစွာ ပေါ်လာခြင်းကား ယဉ်ကျေးမှုကောင်းတို့ကို
စွန့်လွှတ်ရာ ကျပေတော့မည်။
ကောင်းသူကယ်၊ မကောင်းသူပယ် ဟူသော
အရှေ့တိုင်းကျမ်းထူထူကြီးများ၏ သူရဲကောင်းကို ဖွင့်ဆိုမှုက ယနေ့
ရခိုင်ပြည်နယ် ရှင်သန်နေသလား၊ ကိုးမားဖြစ်နေသလား ဆုံးဖြတ်ချက်ကို ချမှတ်ရန်
တစ်ခုတည်းသော အဖြေဖြစ်သည်။
ကောင်းသူ၊ မကောင်းသူ ကို
ခွဲခြားအဖြေရှာရန် ကျွန်တော်တို့ မတတ်စွမ်းခဲ့ချိန်များတွင် သူရဲကောင်း
ပလ္လင်ပေါ်မှ မင်းမဲ့စရိုက်ဆန်သော စီရင်ထုံးများကို ပြဌာန်းပေးခဲ့ကြသည်။
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်သည်ဟု လူတိုင်း ပြောနိုင်ကြသည်။
အခြေအနေပေးမှုအရ အရွေ့တစ်ခုရရန် လူတိုင်း သူ့ထောင့်၊ သူ့နေရာက
ကြိုးစားနေကြပါသည်။ ရိုးသားသော ကြိုးစားမှု၊ မှန်ကန်သော ချစ်ခင်မှုဖြစ်ဖို့သာ
ကောင်းပါသည်။ အခြေအနေကောင်း ရရှိပြီးကြသူများက မိမိတို့၏ အားကို
မှန်ကန်စွာ အသုံးချနိုင်ကြရန် အရေးကြီးပါသည်။ မှားယွင်းစွာ အသုံးချသူ
များပြားပါက ရခိုင်လူမျိုး၊ ရခိုင်ပြည်နယ်သာ နစ်နာမည် ဖြစ်သည်။
ယခုအခါ လွတ်လပ်ရေးရပြီး တစ်ပါတီစနစ်အောက်ကျရောက်ပြီး ၁၉၆၂ ခုနှစ်မှ နှစ်
၆၀ နီးပါးကို ဖြတ်သန်းကာ ဒုတိယအကြိမ် ရွေးကောက်ပွဲလွန်ကာလကို
ရောက်ရှိလာပြီဖြစ်သည်။ မဲပေးသူ၊ မဲမပေးသူများ အားပြိုင်မှုဖြင့် နိုဝင်ဘာ ၈
တစ်နေ့ကို ကျော်ဖြတ်ခဲ့ကြသည်။ ရွေးချယ်ခံ ကိုယ်စားလှယ် အမည်စာရင်းများလည်း
အတည်ပြု ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ ယဉ်ကျေးမှုသစ်၊ ၀န်းကျင်သစ်ကို
ကူးပြောင်းရာတွင် သတိထားရသော ကာလတစ်ခုဖြစ်သည်။ ပြုပြင်သင့်သည်များကို
ပြုပြင်၍ ခေတ်နှင့် မလျော်ညီသော လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်၊ ပြုစုကာ
အစိုးရအဖွဲ့ကို ကောင်းမွန်စွာ ထိန်းသိမ်းတည့်မတ်ရန်
အနိုင်ရကိုယ်စားလှယ်များရော၊ ရှုံးနိမ့်ကိုယ်စားလှယ်များတွင်ပါ
တာဝန်ရှိလာပြီဖြစ်သည်။
သို့သော် ရခိုင်အမျိုးသားပါတီ၏
အကွဲအပြဲဇာတ်လမ်းက ရေဒီယို၊ ရုပ်သံ၊ သတင်းစာမျက်နှာများတွင်
နေရာယူလာခဲ့သည်။ တချိန်ချိန်တွင် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေသောအရာသည်
များစွာ စော၍ ဖြစ်လာခဲ့ပါသည်။ ဒီမိုကရေစီတွင် ကွဲပြားခြားနားနိုင်ခွင့်
ရှိသည်ဆိုရာ၌ အယူအဆ သဘောတရားရေးရာနှင့် လုပ်နည်းကိုင်နည်းတို့တွင်သာ
ဖြစ်သည်။ အချိန်ကာလအားဖြင့် ဤမျှ မစောသင့်ပါ။ ရွေးကောက်ခံ အရေအတွက်
အင်အားနည်းရသည်ကြားထဲ ရှိစုမဲ့ ထပ်မံကွဲကြရမည်ဆိုလျှင် အနာဂတ်အတွက်
ကောင်းသည့် အလားအလာ မဟုတ်တော့ချေ။
အရာရာကို လက်တွေ့မကျသော
သီအိုရီအယူအဆများဖြင့်သာ ခရီးဆက်ခဲ့သော
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှသည် ရခိုင်အမျိုးသားပါတီ၏
သူရဲကောင်းဝါဒ စနစ်သည် အောက်ခြေလူတန်းစားကို အမှန်စင်စစ်
ကိုယ်စားမပြုနိုင်ခဲ့ပါ။ အများပြည်သူတို့၏ ဆန္ဒသဘောထားကို
အကောင်အထည်ဖော်ပေးရမည့်အစား တစ်ဦးတစ်ယောက်၏ ဆန္ဒကိုသာ ဖြည့်ဆည်းရန်
ကြိုးစားကြရင်း ရခိုင့်ပုံရိပ်သည် နိုင်ငံတကာတွင် ပုံရိပ်ကောင်းတစ်ခုအဖြစ်
ပီပြင်မလာခဲ့ပါ။
ယနေ့ ရခိုင်အမျိုးသားပါတီ၏ အနိုင်ရ
လွှတ်တော်ကိုယ်စားလှယ် အများစုသည် ပြည်သူလူထုတရပ်လုံးကို
ကိုယ်စားပြုရမည့်အစား တစ်ဦးတစ်ယောက် သူရဲကောင်းဝါဒီအချို့၏
စိတ်ဆန္ဒကျေနပ်မှုပေါ်လိုက်၍သာ ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးအသိပညာမကြွယ်ဝသော၊ နိုင်ငံရေးလုပ်ထုံးလုပ်နည်းကို
ကျွမ်းဝင်မှုမရှိသော၊ ရာထူးတည်မြဲရေးကို ဦးစားပေးသော ယဉ်ကျေးမှုနှင့်
ပြိုင်ဆိုင်မှုကင်းမဲ့သော ၀န်းကျင်တွင် လူတော်တို့ နောက်တန်းရောက်ခဲ့ရသော
ဝန်းကျင်မှ မည်သို့သော ရလဒ်ကောင်းတို့ကို ထုတ်ပေးနိုင်ပါမည်လား။
သမိုင်းတွင် ပုဂံမင်း၊ သီပေါမင်းတို့ကဲ့သို့သော စွမ်းရည် တစုံတရာ
အားနည်းသော မင်းများကို တိုင်းသူပြည်သားများက လေးစားခဲ့ကြမည် မဟုတ်။
လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းကို ကွဲပြားစွာ သိမြင်နိုင်ရန် လိုသည်။
အလုံးစုံ အာဏာပိုင် ပိုင်ဆိုင်ထားကြသည်မို့ ကြောက်ရွံ့ရိုသေနိုင်သော်လည်း
လေးစားမှုကိုကား ပေးကြမည် မဟုတ်ချေ။ ယင်းသို့ပင် စာရေးဆရာ E.B White ၏
နယူးယောက် ကို ပြန်လည် တမ်းတမိသည်။
ရခိုင်ပြည်နယ်၏
ဦးဆောင်ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီကို ရခိုင်သားတည်းဟူ၍
ရခိုင်အမျိုးသားပါတီဟု အသိအမှတ်ပြုရုံဖြင့် ရခိုင်အမျိုးသားပါတီသည်
ရခိုင့်ကံကြမ္မာ မပြောင်းလဲနိုင်။ ပါတီထဲဝင်လိုက် လွှတ်တော်ကိုယ်စားလှယ်
အဖြစ် အရွေးခံလိုက် အနိုင်ရသောအခါ ကိုယ်ကျိုးစီးပွားရှာလိုက်ဖြင့်
ရခိုင်ပြည်သူလူထု၏ ဆင်းရဲမွဲတေနေသော စီးပွားဥစ္စာအသိပညာ ကုံလုံအောင်
ဖြည့်မစွမ်းနိုင်။ ရခိုင်အမျိုးသားပါတီကို စစ်မှန်သော ဦးဆောင်မှု အာဏာကို
အပ်နှင်းလိုလျှင် စစ်မှန်သော ခေါင်းဆောင်မှုကို ရှာဖွေမှု ပြုခြင်းသည်သာလျှင်
ရခိုင်အမျိုးသားတို့၏ ကြမ္မာကောင်းများကို ဖန်တီးနိုင်မည် ဖြစ်သည်။
ရခိုင်ပြည်သူလူထုအနေနှင့် ခေါင်းဆောင် (သို့မဟုတ်) သူရဲကောင်းများကို
ရှာဖွေနေခြင်းအစား ခေါင်းဆောင်မှုကိုသာ ပြောင်းလဲ ရှာဖွေမှသာလျှင် ထာဝရ
သူရဲကောင်းများ ကြီးစိုးရေးမှ လွတ်မြောက်ပြီး သက်ဦးဆံပိုင်မှ လွန်သော
ပဒေသရာဇ်ခေတ်၊ အာဏာရှင်ခေတ်မှသည် ဒီမိုကရေစီခေတ်သို့ ရောက်ရှိနိုင်မည်
ဖြစ်သည်။
===========
(စာရေးသူ၏ အာဘော်သာဖြစ်ပြီး RiA – Root Investigative Agency ၏ အာဘော်မဟုတ်ကြောင်း စာဖတ်ပရိသတ်များ သိစေအပ်သည်)
0 comments:
Post a Comment