ထိုက်သူစိုး (အားကစား) ၊ သြဂုတ် ၅ ရက်
၂၀၁၆ အော်ရီဒူးမြန်မာနယ်ရှင်နယ်လိဂ် ပြိုင်ပွဲပြီးဆုံးရန် ၃ ပွဲခန့်သာ လိုချိန်တွင် ရခိုင်ယူနိုက်တက်သည် ရမှတ် ၁၅ မှတ်သာ ရှိသေးသည်။
တန်းဆင်းဇုန်တွင် ကျရောက်လျက်ရှိသည့် ဆောက်သမ်းမြန်မာနှင့် ၂ မှတ်ကွာသလို၊ ဟိုရီဇင်နှင့် ၉ မှတ်ခန့်အကွာတွင် ဦးဆောင်နိုင်သေးသော်လည်း စိတ်မချရနိုင်သေးပေ။
လာမည့် သြဂုတ်လ ၆ ရက်နေ့ စနေနေ့ ညနေ ၄ နာရီ ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ကစားကြရမည့် ရခိုင်ယူနိုက်တက်အသင်း၏ ပြိုင်ဘက်မှာ ချင်းယူနိုက်တက်ဖြစ်သည်။
ချင်းအသင်းသည် ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် ၉ တွင် ရှိနေသလို ရခိုင်အသင်းကို ၇ မှတ် ဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုပြိုင်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ယူနိုက်တက်အသင်းက " ချင်းယူနိုက်တက်နှင့်ပွဲစဉ်သည် အသင်းအတွက် အလွန်အရေးကြီးသော အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် အနိုင် ၃ မှတ် ရယူရန်မှာ အရေးကြီးသကဲ့သို့ ထို အနိုင် ၃ မှတ် ရယူနိုင်မှသာ လာမည့်ပွဲစဉ် ၂ ပွဲ အတွက် လည်း ယုံကြည်မှုနှင့် ခွန်အားဖြစ်လာစေမည်" ဟု ရခိုင်ဘောလုံးပရိသတ်များသို့ အသိပေးထားသည်။
မကြာခင်က ကျင်းပခဲ့သော လူငယ်ပင်လုံညီလာခံတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်၏ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်ပိုင် နယ်နိမိတ်ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ၊ လူငယ်အသင်းများက ညီညွတ်စွာ ကန့်ကွက်ပြီး ဦးအေးမောင်က တောင်းပန်ရန် ဖိအားပေးခဲ့ကြသေးသည်။
ယင်းအပြင် ပလက်ဝမြို့နယ်သည် နိုင်ငံတော်အစိုးရအဆက်ဆက် ဖွဲ့စည်းပုံများပါ ဥပဒေအရ ချင်းပြည်နယ်၊ ချင်းလူမျိုးတို့ ပိုင်ဆိုင်သော ဒေသဖြစ်သည်ကို ရခိုင်ပြည်နယ်ပိုင်ဟု ပြောကြားမှုကို တသီးပုဂ္ဂလဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မပြုလုပ်ရန် ချင်းဒီမိုကရေစီ အဖွဲ့ချူပ်က ကြေညာချက်ထုတ် သတိပေးသည်။
ရခိုင်အမျိုးသားတို့အနေနှင့်မူ ပလက်ဝမြို့နယ်သည် သမိုင်းကြောင်းအရ ပိုင်ဆိုင်ခဲ့သော သံယောဇဉ်သာ ရှိသော်လည်း မည်သည့် တုံ့ပြန်မှုကိုမှ တရားဝင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိ။
နိုင်ငံရေးအရ အိန္ဒိယနယ်စပ်နှင့် ချင်းတောင်တန်းဒေသများတွင် စစ်ကြောင်းလှုပ်ရှားနေသော ရခိုင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံများကြားတွင်လည်း သဘောထား တင်းမာမှုများက ရှိနေသည်။
လတ်တလော လူငယ်ပင်လုံညီလာခံတွင် သဘောထားတင်းမာမှု ဖြစ်ခဲ့ရသော ပလက်ဝနယ်နိမိတ် ပိုင်ဆိုင်ခွင့်သည် ဤပြိုင်ပွဲ၏ အားပြိုင်မှုကို ပိုမို ပြင်းထန်စေလာနိုင်သည်။
ပြိုင်ပွဲမစတင်မီ ၄ ရက်အလိုတွင် ရခိုင်ယူနိုက်တက်အသင်းက " ပွဲချိန်မိနစ် (၉၀) ယှဉ်ပြို င်ကစားရမည့် အဆိုပါပွဲစဉ်တွင် ၁၂ယောက်မြောက် ကစားသမားဟု ဆိုနိုင်သည့် လေးစားအပ်ပါသော ရခိုင်ယူနိုက်တက် အသင်း ပရိသတ်ကြီး၏ တခဲနက်အားပေးမှုကလည်း ကစားသမားများအတွက် အားဆေး တစ်ခွက်ဖြစ်သကဲ့သို့ ပြိုင်ဘက်အသင်းသားများ အတွက်လည်း ဖိအားတစ် ရပ်ဖြစ်စေပါသည်။ သို့ဖြစ်၍ ရခိုင်ယူနိုက်တက် ပရိသတ်များအနေနှင့် တခဲနက် လာရောက်ပါရန် တောင်းဆိုပါသည်။" ဟု ပြောထားသည်။
ရခိုင်ယူနိုက်တက် အသင်းအနေနှင့် ရခိုင်အမျိုးသားပရိသတ်တို့၏ အားပေးမှုကို ဆာလောင် မွတ်သိပ်နေကြောင်းနှင့် ပရိသတ်တို့၏ အားပေးမှုဖြင့် ပြိုင်ဘက် ချင်းအသင်း၏ ကစားသမားများအပေါ် စိတ်ဓာတ်စိတ်ဆင်ရေး ပြုလုပ်နိုင်ရန် ရည်ရွယ်ပြောကြားခဲ့ပုံရသည်။
ကမ္ဘာ့ဘောလုံးနိုင်ငံရေးတွင်လည်း အတိတ်သမိုင်းကြောင်းများ၏ ပြိုင်ဆိုင်မှုနှင့် အားကစားစိတ်ဓာတ်ကို အခြေခံကာ ပြိုင်ပွဲကို ပိုမို သက်ဝင်လာစေခြင်းသည် ပရော်ဖက်ရှင် ဘောလုံးသမားတစ်ဦး၏ အမျိုးသားဇာတိမာန်နှင့် အားကစားမာန်တို့ကြောင့် ဖြစ်သည်။
ယခုပြိုင်ပွဲက ရခိုင်အမျိုးသားနှင့် ချင်းအမျိုးသားတို့၏ အိမ်နီးချင်း နယ်နိမိတ်ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတို့ကို အားစမ်းသည့် ပွဲတစ်ခုနှင့် အမျိုးသားဇာတိမာန်၊ အားကစားမာန်တို့ကို အားပြိုင်ရာ သန့်ရှင်းသော ပြိုင်ပွဲတစ်ခု ဖြစ်စေရန်နှင့် နှစ်ဘက်သော ပရိသတ်တို့၏ အားပေးမှုကို အသိမှတ်ပြုရာရောက်သော သန့်ရှင်းသည့် ဘောလုံးပွဲ တစ်ခု ဖြစ်စေရန် မျှော်လင့်ပါသည်။
0 comments:
Post a Comment