Friday, August 5, 2016

ကုလားတန်မြစ်ကူးတံတား တည်ဆောက်မည် မဟုတ်သေး

RiA ၊ သြဂုတ် ၅ ရက်

နေပြည်တော်။ ယခုအစိုးရလက်ထက်အတွင်း ပေါက်တော-စစ်တွေ သို့မဟုတ် ပေါက်တော ပုဏ္ဏားကျွန်းကို ဖြတ်၍ မဟာဗျူဟာမြောက်၊ ကစ္ဆပနဒီ(ကုလားတန်) မြစ်ကူး တံတား တည်ဆောက်မည် မဟုတ်သေးကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။


တံတားကိစ္စနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက သြဂုတ် ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မေးခွန်းနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်၏ အဓိကဝင်ပေါက် လမ်းမကြီးများပေါ်ရှိ အထက်ဖော်ပြပါ တံတားများအား ယခု (၅) နှစ် စီမံကိန်းကာလအတွင်း ဦးစားပေး ဆောင်ရွက်ပြီးချိန်မှသာ လုပ်ငန်းပမာဏ ကြီးမားသော အဆိုပါ ကစ္ဆပနဒီ (ကုလားတန်)မြစ်ကူးတံတားအား ဆက်လက် ဆောင်ရွက်သင့်ကြောင်း ၀န်ကြီး ဦးဝင်းခိုင်က ဖြေကြားခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း (၁၉၀၀) ဖြင့် အမ်း- စစ်တွေလမ်းပေါ်ရှိ ဒလက်ချောင်း တံတားအား အဆင့်မြှင့်တင်ခြင်းနှင့် ပြည်နယ် ရန်ပုံငွေ ကျပ်သန်း (၃၀၂၉.၅)ဖြင့် မင်းပြား-မြေပုံလမ်းပေါ်ရှိ ကြပ်စင်တံတား၊ ပုဏ္ဏားကျွန်း- ရသေ့တောင် လမ်းပေါ်ရှိ တောဖျားချောင်းတံတား၊ ထွန်းရဝေတံတားများအား အသစ်ဆောက်လုပ်လျက်ရှိသည်။

ရခိုင်ပြည်နယ်မှာ ရန်ပုံငွေ အခြေအနေအရ အဆင့်မြင့်တင်ရန် လမ်းမကြီးများဖြစ်သော ဂွ- ငါးသိုင်းချောင်း- သံတွဲလမ်းတွင် ဒေါင်းချောင်းတံတား၊ ကျောက်ပါးစပ်တံတား၊ ကျောက်ကြီးတံတား၊ ဗောဓိတံတား အပါအဝင် တံတား (၁၀) စင်း၊ မင်းဘူး- အမ်း- စစ်တွေလမ်းပေါ်တွင် အုန်းတည်တံတား၊ ယောချောင်းတံတား၊ မြောင်းဘွေတံတား၊ တိမ်ညိုတံတား၊ ယိုးချောင်းတံတား၊ ပတ်ကွေ့တံတား အပါအဝင် (၆) စင်း ကျန်ရှိနေသေးကြောင်း ပြည်ထောင်စုလွှတ်တော် မှတ်တမ်းများအရ သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top