စစ်တွေ၊ သြဂုတ် ၃၁ ရက်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန် ယနေ့ သြဂုတ် ၃၁ ရက်နေ့က စစ်တွေ တက္ကသိုလ်တွင် ဟောပြောပွဲတရပ် ပြုလုပ်ခဲ့သည်။
အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စစ်တွေက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ မူးယစ်ဌာနတို့က ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။
“တစ်နိုင်ငံလုံး အတိုင်းအတာအရ မှုခင်းတွေ အဖြစ်များနေတဲ့ မူးယစ်ဆေးဝါးတွေကို အမျိုးသားရေး တာဝန်အရဆောင်ရွက်နေတဲ့ အချိန်ခါဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို လူငယ်ထုအနေနဲ့ ထဲထဲ ဝင်ဝင်သိဖို့နဲ့ ဆိုးကျိုးတွေကို သိစေနိုင်ဖို့ရာအတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။" ဟု စစ်တွေ ခရိုင် ရဲမှူးကြီး ဦးစောနောင်ကပြောသည်။
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလျှက်ရှိရာ ကျောင်းသားများ၊ လူငယ်များ အကြားတွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းထားမှာ မြင့်မားလျှက် ရှိနေပြီး တက္ကသိုလ်ကျောင်းသားများအား အသိပညာပေး ဆောင်ရွက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်ကာ ဆက်လက်ပြီး အခြေခံကျောင်းများတွင် လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျောင်းသားတွေ မူးယစ်ဆေးဝါးမသုံးစွဲအောင် တားဆီးမှုတွေကို တအား လုပ်ရပါလိမ့်မယ်။ တချို့စွဲနေတဲ့ သူတွေဆိုရင် ဆေးဖြတ်ချင်ကြတယ်။ ဖြတ်လို့မရဘူး။ အဲလောက်တောင် ဖြစ်နေကြတယ်။” ဟု အင်္ဂလိပ်စာ အထူးပြု နောက်ဆုံးနှစ်ကျောင်းသား မောင်အောင်ဆန်းမင်းကပြောသည်။
စစ်တွေတက္ကသိုလ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ကျောင်းသူ၊ ကျောင်းသားများ အများအပြားရှိနေကြသည့်အတွက် တက္ကသိုလ်နယ်မြေ အပြင်ဘက် နီးစပ်ရာ နေရာများ၊ ကျေးရွာ များတွင် ကျောင်းသား များအား မှီခိုကာ မူးယစ်ဆေးဝါးရောင်းချမှု ရှိနေကြောင်း သိရသည်။
“ ကျောင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကလေးတွေက မသုံးဘူးလို့ မပြောဘူး။ တချို့သုံးနေတဲ့ ကလေးတွေကို ဆိုရင် ဖမ်းပြီးတော့ ရဲစခန်းထိပို့ခဲ့ရတာတွေလည်း ရှိပါတယ်။ ” ဟု စစ်တွေ တက္ကသိုလ်မှ မော်ကွန်းထိန်း ဦးရွှေခိုင်ကျော်ကပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲမှု လွန်ကဲနေသူများအနေနှင့် ဆေးဖြတ်လိုသည့် စိတ်ရှိပါက ရခိုင်ပြည်နယ် မူးယစ်တပ်ဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းကာ ပြန်လည်ပြုပြင်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်း၊ မြန်မာနိုင်ငံ အတွင်း ဆေးရုံကြီးများတွင်လည်း သွားရောက်ပြီး ဖြတ်၍ ရနိုင်ကြောင်း စစ်တွေ ခရိုင်ရဲမှူးကြီး ဦးစောနောင်က ပြောကြားခဲ့သည်။
0 comments:
Post a Comment