Wednesday, August 31, 2016

ကမ်းတဘက် ရောက်ရန်သာ အဓိက

21 ရာစု ပင်လုံညီလာခံတက်ရောက်လာသည့် ရခိုင်ပြည်အမျိုသားကောင်စီ (ဓာတ်ပုံ - ANC)

တက်နီထွန်း၊ သြဂုတ် ၃၁ ရက်

ယနေ့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းသစ်တခုကို ခြေလှမ်း စလိုက်နိုင်ပြီဟု ဆိုနိုင်တဲ့ နေ့တနေ့ပါပဲ။ မြန်မာ့ လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အစိုးရ ခေါင်းဆောင်တွေ၊ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနှင့် နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့၊ အလွန်တရာ မင်္ဂလာရှိတဲ့ နေ့ထူး နေ့မြတ်တနေ့ပါပဲ။
ဒီလိုနေ့ထူးနေ့မြတ်၊ (၂၁) ရာစု ပင်လုံညီလာခံမှာ မိမိတို့ ရခိုင်အမျိုးသား ခေါင်းဆောင်တွေ တက်ရောက်နေကြတာတော့ တွေ့ရတော့ အတိုင်းအဆ မသိ ၀မ်းသာပီတိ ဖြစ်မိပါတယ်။


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုလုပ်တဲ့ (၂၁) ရာစု ပင်လုံ ညီလာခံဟာ အယင် ဦးသိန်းစိန် အစိုးရဦးဆောင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထက် အနစ်သာရ အပိုင်းမှာ ပိုပြီးတော့ တိုးတက်ကောင်းမွန် လာတယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါ။ အခု ကျင်းပတဲ့ ညီလာခံကို အချို့ကလည်း အားလုံး ပါဝင်ရေး (All inclusive) မဖြစ်လို့ အနည်းငယ် သံသယ ရှိကြရုံကလွှဲပြီး အများစု အကောင်းမြင်ထားကြတယ် လို့ပဲ ထင်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံရောက် ရခိုင်အမျိုးသားပါတီ (ဓာတ်ပုံ - ANP)

 အခုလို တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြတာဟာ ပြည်တွင်းစစ်ကြောင့် ဆင်းရဲဒုက္ခရောက်နေကြရတဲ့ တနိုင်ငံလုံးမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒီလာခံမှာ တက်ရောက်ခွင့် မရကြတဲ့ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ကလည်း (၂၁) ရာစု ပင်လုံညီလာခံကို ဆန့်ကျင်တာတော့ မတွေ့ရပါဘူး။ အနာဂတ် နိုင်ငံသစ်တခု ပေါ်ထွန်းဖို့အတွက် ဒီလမ်းက လွှဲရုံ တခြားနည်းလမ်း မရှိဘူးဆိုတာကို လက်ခံလာတဲ့ အချက်က အားလုံးအတွက် ၀မ်းသာစရာပါ။ ညီလာခံဖွင့်ပွဲ နောက်ပိုင်း ကျင်းပမည့် အစည်းအဝေးတွေမှာ အားလုံးပါဝင်လာအောင် ပုံဖော်နိုင်မည်လို့လဲ မျှော်လင့်ပါတယ်။

ရခိုင်ကိုယ်စားပြု အဖွဲ့အစည်း (၃) ခုဖြစ်တဲ့ ရခိုင်အမျိုးသား ပါတီ (ANP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) က ခေါင်းဆောင်တွေ တက်ရောက်ခွင့် ရောက်တဲ့ အတွက်လည်း ရခိုင်လူမျိုး တဦးဖြစ်တဲ့ စာရေးသူ ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျန် ရခိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA) မပါနိုင်သေးတာ ကတော့ နောက်ထပ် ဆွေးနွေးရမည့် ကိစ္စတခုလို့ မြင်မိပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဦးလှစောက ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ မီဒီယာကို ပြောတဲ့ စကားကတော့ လေ့လာမှတ်သား စရာ ကောင်းပါတယ်။ "ကျွန်တော်က အကောင်းမြင်ပါတယ်။ ဒီညီလာခံက First Step ပဲ။ ဒီကနေ Gradually သွားမယ်။ တနေ့ကျလို့ ရှိရင် အကုန်လုံးပါလာမယ်။ သေနတ်သံတွေ တိတ်သွားမယ်။ ဖွဲ့စည်းပုံတွေ ပြင်မယ်။
ဖယ်ဒရယ်ပြည်ထောင်စု အတွက် အုတ်မြစ်တွေ ချမယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေက အဲလို လိုချင်တယ်။ ကျွန်တော်တို့ စစ်မတိုက်ချင်ဘူး။ ဗမာပြည်မှာ စစ်တိုက်ချင်တဲ့သူ ဘယ်သူမှ မရှိဘူးလို့ ယူဆတယ်။" လို့ ပြောခဲ့ပါတယ်။


စာရေးသူလည်း ဦးဦးလှစောလို ဒီ (၂၁) ရာစု ပင်လုံ ညီလာခံကို အကောင်းမြင်တဲ့ သူ တယောက်ပါ။ နှစ်ပေါင်း (၆၀) ကျော် တိုက်လာတဲ့ ပြည်တွင်းစစ်ကြီးကို တထိုင်တည်း ဖြေရှင်းနိုင်မည် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတခုပါ။ တချို့ ရခိုင်တွေကလည်း အတိတ်တချိန်က ဗမာလူမျိုးကြီးဝါဒီတွေ၊ စစ်အာဏာရှင်တွေရဲ့ လူလည်လုပ်၊ နိုင်ငံရေး အမြတ်ထုတ်မှုတွေကြောင့် မယုံမကြည်တဲ့ သံသယစိတ် ဖြစ်နေကြတာတော့ အဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် ယနေ့အချိန်မှာ အကောင်းဆုံး ပလက်ဖောင်းတခုဖြစ်တဲ့ ပင်လုံ ညီလာခံကို ငြင်းပယ်လို့ မရနိုင်ပါဘူး။ တခြားရွေးချယ်စရာ Alternative လည်း မရှိပါဘူး။ ပြောရမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တောင်းဆိုနေတဲ့ လမ်းကြောင်းဟာ တွေ့ဆုံ ဆွေးနွေးရေး ဆိုတဲ့ ပလက်ဖောင်း တခု ပေါ်ထွန်းရေး ပါပဲ။ လွတ်လပ်ရေး ရစ ပြည်တွင်းစစ် စတင် တောက်လောင်ချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာရော၊ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်မှာပါ အယူအဆ အမျိုးမျိုး စွဲကိုင်ခဲ့ကြတယ်ဆိုတာတော့ အားလုံး အသိပါပဲ။ တိုင်းပြည်ကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတဲ့အပေါ်မှာ ၀ိဝါဒတွေ ကွဲခဲ့ကြတယ်။ ဒါကို တွေ့ဆုံ ဆွေးနွေးတဲ့နည်းနှင့် အဖြေမရှာနိုင်ခဲ့ကြပါဘူး။

တအုပ်စုက တအုပ်စုကို အသေအကြေ စစ်ရေးအရ ထိုးစစ်တွေ ဆင်ပြီး ရှင်းခဲ့ကြတယ်။ နောက်ဆုံး ဘယ်သူမှ မနိုင်ဘဲ တိုင်းပြည် မွဲပြာကျရတဲ့ အဖြစ်ကို ပြည်သူတွေပဲ ခံစားခဲ့ရတယ်၊ ခံစားနေကြရတယ် ဆိုတာ အားလုံး လက်တွေ့ ကြုံနေရတာပါပဲ။

ဒီနေရာမှာ အတိတ်ရဲ့ မေးခွန်းက တကျော့ပြန်လာပါတယ်။ "ငါတို့ တိုင်းပြည်ကို ဘယ်လို တည်ဆောက်ကြမလဲ" ဆိုတဲ့ ကိစ္စပါ။ ပြောရမယ်ဆိုရင် ငြင်းကြ၊ ခုံကြရမယ့် ဒီဘိတ်တခုရဲ့ အစကို ပြန်ကောက်တယ်လို့ ဆိုရမှာပါ။ ဒီအပေါ်မှာ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားနှင့် မိမိတို့ ဖြစ်စဉ်ချင်တဲ့ အနာဂတ်တခုကို ပြောဆို ဆွေးနွေးရအုံးမှာပါ။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံကို သွေးသံရဲရဲ တိုက်ပွဲမှ စကားလုံးတိုက်ပွဲ ဆီသို့ ကူးပြောင်းလာတဲ့ ဖြစ်စဉ်ကြီးတခုလို့ မြင်မိပါတယ်။

ဒီဖြစ်စဉ်ကြီးမှာ အရေးပါဆုံးကတော့ ဥာဏ်ပညာနှင့် အမြော်အမြင် ရှိမှုက အခရာ ကျတယ်လို့ ထင်ပါတယ်။ သံသယတွေကို ဥာဏ်အမြင်အမြော်နှင့် အောင်မြင်မှုရအောင် ဆောင်ကျဉ်းနိုင်ဖို့ လိုအပ်ပါတယ်။ တချို့ ရခိုင်တွေ ပြောနေကြသလို ပင်လုံ ပလုံ မှနေပြီးတော့ ပင်လုံ ပြည်လုံ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို ရခိုင်ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ ဥပက္ခာ မပြုဘဲ အာရုံစိုက်ပြီးတော့ မိမိတို့ ဖြစ်ချင်တဲ့ အရာတွေကို အကြောင်းအချက် ခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်ဖို့ အရေးကြီးပါတယ်။ အနာဂတ်မှာ တိုင်းရင်းသားညီအစ်ကိုတွေ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်နှင့် နေထိုင်နိုင်အောင် တဦးနှင့် တဦး သဘောတူညီမှု ရအောင် အပေးအယူ လုပ်ကြရမှာပါ။ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုကို ပုံဖော်မယ့် စိတ်ကူးသစ်တွေ၊ အတွေးအမြင်တွေ ပေါင်းစပ်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ရခိုင်ပြည်သူတွေရဲ့ အတွေးအမြင်တွေ၊ ဆန္ဒတွေကို ဘယ်လို စုစည်းမလဲ ဆိုတဲ့ စုဖွဲ့မှု သဘော တရားတခု ပေါ်လာပါတယ်။

စာရေးသူ တွေးမိတာက လက်ရှိ ညီလာခံ တက်ရောက်နေတဲ့ ရခိုင်အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ မတက်ရောက်နိုင်သေးတဲ့ ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ၂၁ ရာစု ညီလာခံမှာ ရခိုင်တွေရဲ့ လိုလားချက်တွေကို စုစည်းနိုင်မည့် ကော်မတီတရပ် ဖြစ်စေ၊ အလုပ်အဖွဲ့ တခုဖြစ်စေ ဖွဲ့စည်းစေလိုပါတယ်။

ပြည်ထောင်စုနှင့် ရခိုင်လူမျိုး အကြောင်း ပြောရင် မပြောမဖြစ် ပြောရမည့် ကိစ္စတခုက ခွဲထွက်ရေးပါပဲ။ ခွဲထွက်ရေး၊ ရခိုင်နိုင်ငံ ထူထောင်ရေး ကောင်းတယ် ဆိုတဲ့ အယူအဆကို လက်ကိုင်ပြုနေတဲ့ သူတွေကိုလည်း ကြုံရ၊ ဆုံရဖူးပါတယ်။ လူတဦးရဲ့ နိုင်ငံရေးအရ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်ကို စာရေးသူ လက်ခံပြီးသားပါ။

ဒါပေမယ့် အသေအချာ ပြောနိုင်တာတခုကတော့ ခွဲထွက်ရေးနှင့် ရခိုင်သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆကို တရားဝင် ပြောတဲ့ နိုင်ငံရေး အင်အားစုကို အခုအချိန်ထိ မတွေ့ရသေးပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆက်နွယ်နေတဲ့ ရခိုင်ငံနိုင်ငံရေး အင်အားစုတွေ အားလုံး အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပေါ်မှာ ရပ်တည်နေကြဆဲပါ။ ခွဲထွက်ရေး အယူအဆကို ဆုတ်ကိုင်နေကြသူတွေ အနေနှင့်လည်း မိမိတို့ ကြိုက်နှစ်သစ်ရာ မူအပေါ်မှာ အောင်မြင်အောင် တိုက်ပွဲဝင်ကြရုံသာ ရှိပါတယ်။ ဒါပေမယ့် ပြောနိုင်တာတခုကတော့ ပကတိ ပင်မနိုင်ငံရေး (Mainstream Politics) နှင့်တော့ ကင်းကွာနေမယ် ဆိုတာကတော့ ပြောလိုပါတယ်။ စိတ်ကူးယဉ်အိမ်မက် တခုလို ပုံစံမျိုးများ ဖြစ်နေမလားဟု စိတ်ထဲမှာတော့ တွေးမိပါတယ်။
မြန်မာ့နိုင်ငံရေးဟာ မည်သည့်အခါမျှ မကြုံဖူးအောင် ပြောင်းလဲနေတယ်ဆိုတာ အားလုံး အသိပါပဲ။ တချိန်က ထင်မှတ်ခဲ့တဲ့ ထင်မြင်ချက်အား ယနေ့အချိန်မှာ ထင်သလို ဖြစ်မလာတာတွေလည်း ကြုံရမှာပါ။

ဒါကြောင့် ပြောင်းလဲလာတဲ့ ဖြစ်စဉ် အပေါ်မှာ မျက်ခြေမပြတ်ဘဲ မိမိတို့ ရခိုင်အမျိုးသားတွေရဲ့ ကံကြမ္မာကို အကောင်းဖက် လှည့်လာအောင် ခေါင်းဆောင်များအနေနှင့် ကြံဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံဆိုတဲ့ ဖောင်ကြီးကို သုံးပြီးတော့ တဖက်ကမ်းကို ရောက်အောင် လှော်ခတ်နိုင်ဖို့ အရေးကြီးပါတယ်။ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းတွေကို စွန့်လွှတ်ပြီးတော့ အနာဂတ်ကို ပုံဖော်နိုင်ဖို့ လိုပါတယ်။

နိဂုံးချုပ်အနေနှင့် ဗုဒ္ဓဟောကြားခဲ့တဲ့ ပုံပြင်တပုံကို ပြောပြလိုပါတယ်။ အတွေးအခေါ်အဟောင်းကို လက်ခံသူနှင့် လက်မခံသူတွေရဲ့ ပုံပြင်လေးပါ။

တခါက ခရီးသွားနှစ်ဦး ခရီးအတူထွက်ကြရာ "မြက်ပုံနှစ်ပုံ" ကို တွေ့၍ တစ်ယောက်တစ်ပုံ ကောက်ယူသွားကြပါတယ်။ ခရီးအတန် အရောက်မှာ လမ်းမှာ "၀ါဂွမ်းပုံ နှစ်ပုံ" ထပ်တွေ့ကြပါတယ်။ မြက်ပုံကို ထားခဲ့ပြီး ၀ါဂွမ်းပုံကိုသာ ယူဆောင် သွားခြင်းဟာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ပါ။ ဒါပေမယ့် တဦးက "ငါ ဒီခရီး ဒီလမ်းအထိ သယ်လာတဲ့ မြက်ကို မထားခဲ့နိုင်ဘူး" ဆိုပြီး မြက်ပုံကိုသာ ဆက်သယ်ပါတယ်။ ကျန်တဦးကတော့ ရုပ်ဝတ္ထု၏ တန်ဖိုးကို အကဲခတ်ပြီး အဟောင်းကို ဖက်တွယ်မထား၊ မြက်ပုံကို ချကာ ၀ါဂွမ်းပုံကို သယ်ပါတယ်။ ဒီလိုနှင့် ခရီး ဆက်ထွက်ကြရာ နောက်ထပ် "သိုးမွေးပုံ နှစ်ပုံ" ထပ်တွေ့ပါတယ်။ ဒီတကြိမ်မှာလည်း မြက်ပုံကို သယ်လာသူက အရင်လိုမျိုးပဲ ဒီလောက်ထိ သယ်လာတဲ့ မြက်ပုံကို မထားခဲ့နိုင်ဘူး ဆိုပြီး မြက်ပုံကိုသာ ဆက်သယ်ပါတယ်။ အမြော်အမြင်ရှိတဲ့ ခရီးဖော်ကတော့ "၀ါဂွမ်းပုံ" ကို ချပြီး "သိုးမွေးပုံ" ကို ဆက်သယ်သွားပါတယ်။ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အဟောင်း၊ အသစ်ကြားထဲမှာ တန်ဖိုးဆိုတဲ့ အရာကို မြင်နိုင်တဲ့သူနှင့် မမြင်နိုင်သူရဲ့ ကွာဟာချက်ပါ။

ဒါကြောင့် နိုင်ငံရေး အတွေးအခေါ်၊ နိုင်ငံရေး ဖြစ်စဉ်တွေဟာ အချိန်နှင့်အမျှ ပြောင်းလဲနေပါတယ်။ အပြောင်း အလဲကြားထဲက ရွေးချယ်မှု ပြဿနာ အခက်ကြုံရင် တန်ဖိုးဆိုတာကို တွက်ချတတ်အောင် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များအနေဖြင့် ဥာဏ်အမြင်အမြော် ရှိရှိဖြင့် ရခိုင်အမျိုးသားများအား (၂၁) ရာစု ပင်လုံညီလာခံဆိုသည့် ဖောင်ဖြင့် တဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင် ပေးနိုင်ပါစေဟု အားကိုးမိပါသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top