Thursday, September 1, 2016

ရခိုင့်ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပြည်နယ်အဆင့် ကော်မတီဖွဲ့စည်း

RiA

စစ်တွေ၊ စက်တင်ဘာ ၁ ရက်။ ရခိုင်ပြည်နယ် တွင်းရှိ ရှေးဟောင်း အမွေအနှစ်ဝင် ဘုရားစေတီများ၊ အဆောက် အအုံများအား ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရန် အတွက် ရှေး/သုဌာနအပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ သမိုင်းပညာရှင်များ၊ အတတ်ပညာရှင်များနှင့် စုပေါင်းကာ ပြည်နယ်အဆင့် ရှေးဟောင်း ယဉ်ကျေးမှု ကာကွယ် ထိန်းသိမ်းရေးကော်မတီကို စက်တင်ဘာလ ၁ ရက်နေ့၌ စစ်တွေမြို့တွင် ဖွဲ့စည်းခဲ့သည်။



ကော်မတီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်ဝန်ကြီး၊ မြောက်ဦးရှေးဟောင်း သုတေသနာဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး၊ စစ်တွေတက္ကသိုလ် သမိုင်းပါမောက္ခ၊ သမိုင်း သုတေသီများဖြစ်ကြသည့် ဦးမောင်ဘသိန်း၊ ဦးအောင်ကျော်ဇံ၊ ဒေါ်ခင်သန်းတို့ ပါဝင်သည်။

ကော်မတီ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ယင်ထက် ပိုမိုကောင်းမွန်သည့် နည်းပညာများအား အသုံးပြုလုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ကော်မတီဝင်များက ပြောသည်။

“ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်းသည် ယဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ် ထိန်းသိမ်းရန် တာဝန်ရှိသည် ဆိုပြီးတော့ ဥပဒေပုဒ်မနဲ့ကို ချပေးထားတာပါ။ ယဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ်ရမှာ ရှေးဟောင်း သုတေသနဌာန ဝန်ထမ်းတစ်ခုတည်း မဟုတ်ဘူး။ ကာကွယ်တဲ့နေရာမှာလည်း အားလုံးက ကာကွယ်ပေးဖို့ လိုပါတယ်။ အခုက တံတိုင်းတွေပေါ်မှာ အိမ်ဆောက်တာ၊ အဆောက် အဦးတွေဆောက်နေတာ ရှိတယ်။ ဒါတွေဟာ ဘုရားတစ်ပါးပါး ပျက်စီးသွားတာထက် ပိုပြီးတော့ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ အရင်တုန်းက ဘာတွေမှားခဲ့မှားခဲ့ ဒီလိုဖြစ်စဉ်တွေနဲ့ မှားအယွင်းတွေ မရှိအောင် လုပ်ကြမှာဖြစ်ပါတယ်။" ဟု မြောက်ဦးရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်ကပြောသည်။

ယင်းအပြင် ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေးကော်မတီကို မြောက်ဦးမြို့တွင်လည်း ဖွဲ့စည်းထားပြီးဖြစ်ကာ ယင်းကော်မတီ အနေဖြင့် လက်ရှိတွင် မကြာခင်က ငလျင်ကြောင့် ပြိုကျ ပျက်စီးသွားသည့် ဘုရားများအား ထိန်းသိမ်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့်  ယနေ့ ပြည်နယ်အဆင့် ကော်မတီကို ဖွဲ့စည်းခြင်းမှာ ငွေကြေးဆိုင်ရာ လိုအပ်ချက်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်း လုပ်ဆောင်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကော်မတီက ပြောသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top