RiA ၊ သြဂုတ် ၈ ရက်
စစ်တွေ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ ရခိုင်ရိုးမပေါ်တွင်ရှိသော နေပူတောင်မှ ထုတ်လုပ် လျှက်ရှိသည့် မာဘယ်လ်ကျောက် ထုတ်လုပ်ရေး စီမံကိန်းအား စက်ပစ္စည်းများ ချို့ယွင်းမှုကြောင့် ယာယီ ရပ်ဆိုင်းထားရသည်။
အဆိုပါ ကျောက်ထုတ်လုပ်ရေး စီမံကိန်းအား ဗီယက်နမ်နိုင်ငံပိုင် Simco Song Da ကုမ္ပဏီမှ တာဝန်ယူ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီသို့ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အမေရိကန်ဒေါ်လာ ၁၈သန်းနှင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ရိုးမပေါ်တွင် မာဘယ်လ်ကျောက် တည်ရှိနေမှုပမာဏမှာ ကုဗပေ ၃၄၉ ဒသမ ၂ သန်းကျော်ရှိပြီး ကျောက်ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ်လောက်ခန့်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ်မှာတော့ နေပူတောင် ကျောက်ထုတ်လုပ်မှု အခြေအနေဟာ ယာယီ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ရပ်ထားတယ်ဆိုတာကိုတော့
သူတို့ ဘက်ကလည်း တိတိကျကျပြောတာ မရှိသေးဘူး။ စက်ပစ္စည်းတွေချို့ယွင်းနေလို့ ရပ်ထားတယ်လို့ပြောတာပဲ။ ဗီယက်နမ်တွေကတော့ မပြောဘူး။ အဲဒီစီမံကိန်းမှာ လူမှုဆက်ဆံရေး တာဝန်ခံပြောတာပါ။ သူတို့တွေရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း ကျွန်တော်တို့ အနေနဲ့ သုံးသပ်ရတာ တော်တော်လေးကို ခက်ခဲပါတယ်။ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး။”ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ ဦးဇေယျကျော်က ပြောသည်။
ယင်းစီမံကိန်းတွင် ဗီယက်နမ် နိုင်ငံသားများကိုသာ အလုပ်ခန့်အပ်ထားပြီး နေပူတောင်မှ ထွက်ရှိသည့်ကျောက်များအား ကုန်ကြမ်းများအဖြစ်သာ ထုတ်လုပ်နေသည့်အတွက် ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိကြကြောင်း စီမံကိန်းအတွင်း ဒေသခံများ သွားရောက် လေ့လာခွင့်များကိုလည်း ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် နေပူတောင်ကျောက်မှာ တန်ဖိုးကြီးပြီး သက်ရင့်ကျောက် အမျိုးအစားတစ်ခုဖြစ်ကာ နိုင်ငံတကာ ဈေးကွက်ဝင် အလှဆင်ကျောက်တစ်မျိုးဖြစ်သည့် အတွက် ယင်းကျောက် ထုတ်လုပ်ရေး စီမံကိန်းမှ ဒေသခံ ရခိုင်တိုင်းရင်းသားများအနေဖြင့် အကျိုးခံစားခွင့် တစ်စုံတစ်ရာ ရရှိလာစေရန်အတွက် ရခိုင့်သယံဇာတနှင့် သဘာဝ ပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ကြိုးစားလျှက်ရှိသည်။
မကြာသေးမီက ရခိုင်ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် စီမံကိန်းကော်မရှင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် စီမံကိန်းရေးဆွဲရေး ကော်မတီဥက္ကဌ ဝန်ကြီး ဦးကျော်ဇံကလည်း နေပူတောင်စီမံကိန်းနှင့် ပါတ်သက်၍ ပြန်လည်စဉ်းစားသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
--
သတင်းဓာတ်ပုံ (ဇေယျကျော်)

0 comments:
Post a Comment