Saturday, August 6, 2016

ရှင်းလင်းပြတ်သားသည့် အဖြေများပေးဖို့ အစိုးရအဖွဲ့ဝန်ကြီးများကို လွှတ်တော်ဥက္ကဌ သတိပေး

RiA ၊ သြဂုတ် ၆ ရက်

စစ်တွေ။ ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ကိုယ်စားလှယ်များ၏ မေးမြန်းမှုများအပေါ် အစိုးရ၀န်ကြီးများ၏ ဖြေကြားချက်များသည် ရှင်းလင်းပြတ်သားမှု မရှိကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက သတိပေးပြောကြားလိုက်သည်။


ပြည်နယ်၏ ဒေသများဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့် အခြေခံ အဆောက်အဦများသည် လုပ်ငန်းစဉ်များဖော်ဆောင်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး ယင်းမေးမြန်းမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများက ပြန်လည်ဖြေကြားရာတွင် "နောင်လာမည့်ဘဏ္ဍာနှစ်များတွင်" ဟုသာ ဖြေကြားနေသဖြင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးတွေနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားတဲ့ အခါမှာ နောင်လာမယ့်ဘဏ္ဍာနှစ် များဟု ဆိုတဲ့အတွက် ဒါဟာ သဲကွဲမှုမရှိလို့ ယူဆရပါတယ်။ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်ဆိုတဲ့ ကာလတွေဟာလည်း နောင်လာမယ့် ဘဏ္ဍာနှစ်တွေထဲမှာ ပါပါတယ်။ ဒါကြောင့် ဘဏ္ဍာနှစ်တွေကို တိတိကျကျ ဖြေကြားပေးဖို့အတွက် တောင်းခံပါတယ်။ ” ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

သြဂုတ်လ ၄ ရက်နေ့က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၊ ပေါက်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပေါက်တောမြို့နယ် အတွင်းရှိ င/ရီချိုင်ကျွန်းတွင် ပညာရေး၊ ကျန်းမာရေးနှင့် လက်ရှိကြုံတွေ့ ခံစားနေကြရသည့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးနိုင်ဖို့ အစိုးရ အနေဖြင့် ကူညီပေးရန် တောင်းဆိုမှုအပေါ် စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ ဖြေကြားချက်နှင့် ပတ်သက်၍ လွှတ်တော် ဥက္ကဌက သတိပေးခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top