Wednesday, August 31, 2016

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပါလီမန်ကြားက ယှဉ်ပြိုင်မှု ရခိုင်မီဒီယာများ မြေစာပင်လား


နေသော်/Root Investigative Agency (RiA)

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တာဝန်များအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ အစိုးရအဖွဲ့ဖြစ်လည်းကောင်း၊ ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကို ထိန်းချူပ်နိုင်သူများ အဖြစ်လည်းကောင်း အသီးသီး ပါတီနှစ်ရပ်၏ အားပြိုင်မှုတွင် ရခိုင်မီဒီယာများသည် ဖိနှိပ်ခံဖြစ်လာကြရသည်။


ထို နှစ်ပါတီ၏ လှုပ်ရှားမှုများကို အခြေပြုကာ ရေးသားမည့် လွှတ်တော်သတင်းဂျာနယ်နှင့် ရခိုင်ဂေဇက် သတင်းဌာန တို့ကိုလည်း တည်ထောင်ခဲ့ကြသည်။

ယခု လွှတ်တော် သတင်းဂျာနယ် ၀ိုင်းတော်သားများနှင့် အယ်ဒီတာများမှာ ယခင် အစိုးရလက်ထက် ပြည်နယ် အစိုးရ အဖွဲ့ပိုင် သတင်းမီဒီယာ ဖြစ်ခဲ့သော်လည်း NLD အစိုးရအဖွဲ့ဖြစ်လာချိန်တွင် ၎င်းတို့ကို ဆက်လက် တာဝန် ပေးအပ်ခြင်း မရှိသဖြင့် ANP စိုးမိုးသော ပြည်နယ်လွှတ်တော်၏ အာဘော် ဂျာနယ်တစ်စောင်အဖြစ် ထုတ်ဝေခွင့်ရရှိရန် ကြိုးပမ်းခဲ့ ကြရသည်။

ထို မီဒီယာနှစ်ခုအနက် ပြည်နယ်လွှတ်တော်ဂျာနယ်နှင့် ရခိုင်ပုဂ္ဂလိက သတင်းဌာနများ၊ ဒေသတွင်း သတင်းထောက်များသည် ရခိုင်အမျိုးသားပါတီကို ၀န်းရံထောက်ခံခဲ့သူများ ဖြစ်သဖြင့်လည်း တစုံတရာ သတင်း ဖလှယ်မှုများ ရှိသော်လည်း NLD ပြည်နယ်အစိုးရပိုင် “ရခိုင်ဂေဇက်” သတင်းမီဒီယာကိုမူ ဆက်ဆံရေးတမျိုးတမည် ရှိနေကြောင်း ရခိုင်သတင်းမီဒီယာ အသိုင်းအ၀န်းများကို လေ့လာစောင့်ကြည့်မှုအရ သိရသည်။

ဤသို့အားဖြင့် NLD ၏ “ရခိုင်ဂေဇတ်” နှင့် ANP ကို မဲပေးခဲ့ကြသော ရခိုင်သတင်းထောက်များကြားက ပြိုင်ဆိုင်မှုသည် ၎င်းတို့နှင့် သက်ဆိုင်သော လူမှုစာမျက်နှာများမှတဆင့် အချင်းချင်းကြား ဝေဖန်ပုတ်ခတ် ပြစ်တင်မှုများ ရှိလာခဲ့သည်။

သြဂုတ် ၃၀ ရက်နေ့တွင် “ရခိုင်ဂေဇတ်” မှ ၎င်း သတင်းဌာနအနေနှင့် ၇ ရက် တစ်ကြိမ် ထုတ်ဝေမည့် အပတ်စဉ် သတင်း ဂျာနယ် တစ်စောင်ကို စက်တင်ဘာလ ပထမသီတင်းပတ်မှ စတင်ကာ ဖြန့်ချီသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

“ရခိုင်ဂေဇတ်” ဟု အမည်ပေးထားသည့် သတင်းဌာနသည် ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရ စတင် ဖွဲ့စည်းပြီးနောက် လူ့အရင်းအမြစ်၊ ငွေကြေးဘဏ္ဍာ အင်အားကို အလုံးအရင်း အသုံးပြုနိုင်ခဲ့သော ဒေသတွင်း တစ်ခုတည်းသော မီဒီယာဖြစ်သည်။

ပြည်နယ်အစိုးရ အဖွဲ့ပိုင် ဟူသော အုပ်ချူပ်ရေးမဏ္ဍိုင်ကို အားပြုလျက် ၀န်ကြီးဌာနများနှင့် အုပ်ချူပ်ရေးဆိုင်ရာ ဌာနများ၏ သတင်းရင်းမြစ်များကို အခြားသော မီဒီယာများထက် ပိုမိုနီးစပ်ခွင့်ရခဲ့ပြီး ၎င်းတို့နှင့် သဘောမတွေ့သော ရခိုင် သတင်း မီဒီယာသမားများကို နည်းလမ်းမျိုးစုံ အသုံးပြုလျက် ခွဲခြား ဆက်ဆံလာခဲ့သည်။

ရခိုင် ဒေသတွင်း သတင်းမီဒီယာလုပ်ငန်းသည် နိုင်ငံတကာ၏ အမြင်မကြည်လင်မှု တချို့ကြောင့် ဖွံ့ဖြိုတိုးတက်မှု ဆင့်ကဲ ဖြစ်စဉ်တွင် နှောင့်နှေးနေကြရသည်ကြားထဲ ပြည်နယ်၏ အုပ်ချူပ်ရေးမဏ္ဍိုင်ကို ကျောရိုးပြုလျက် အပတ်စဉ် သတင်းဂျာနယ် တစ်စောင် ထုတ်ဝေမည် ဆိုခြင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ နှင့် ပြည်ထောင်စု အစိုးရတို့၏ “တိုင်းရင်း မီဒီယာဖွံ့ဖြိုးရေး” အစီအစဉ်ကို မလေးစားရာရောက်သကဲ့သို့ လွတ်လပ်သော ပုဂ္ဂလိက/ ရခိုင်တိုင်းရင်းသားပိုင် မီဒီယာများကို ဖျက်သိမ်းရမည့် အခြေအနေသို့ တွန်းပို့နေရာလည်း ရောက်သည်။

ရခိုင်ပြည်နယ်၏ သတင်းမီဒီယာလုပ်ငန်းသည် ၂၀၁၀ ဒီမိုကရေစီအစိုးရ တာဝန်ယူလာပြီးချိန်မှ စတင်ကာ “တိုးတက်ရေးဂျာနယ်” ၊ “ရခိုင်ပြည်နယ်သတင်းဂျာနယ်” ၊  “ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်”  ၊ “ရခိုင့်အသံဂျာနယ်” ၊ “နေရဉ္စရာသတင်းဂျာနယ်” ၊ “သဇင်ပန်းခိုင်ဂျာနယ်” ၊ “ ရိုးမတိုင်း” နှင့် “ရခိုင်စာပီယဉ်ကျေးမှုဂျာနယ် ၊ “ရခိုင်တိုင်းမ်”  စသည့် အနည်းဆုံး ပုံနှိပ်ဂျာနယ် (၉) ခုခန့် ရှိခဲ့ရာ ယခုအချိန်တွင် ပုံမှန်ထုတ်ဝေနိုင်မှုအဖြစ် “ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်” နှင့် “နေရဉ္စရာ သတင်းဂျာနယ်” နှစ်စောင်ခန့်မျှသာ ကျန်ရှိတော့ပြီး ကျန် စာစောင်များအနေနှင့် ရပ်တန့်မှု မရှိသည့်တိုင် ထုတ်ဝေမှုတွင် နှစ်လ (သို့မဟုတ်) သုံးလတစ်ကြိမ်မျှသာ ထုတ်ဝေနိုင်သည်ကို တွေ့ရသည်။ ၁၅ ရက်တစ်ကြိမ် ပုံမှန်ထုတ်ဝေနေသည့် ဂျာနယ် နှစ်စောင်တွင်လည်း “ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်” မှာ တစ်ကြိမ်လျှင် စောင်ရေအားဖြင့် ၁၀၀၀ ၀န်းကျင်မျှသာ ရှိပြီး “နေရဉ္စရာဂျာနယ်” မှာ တစ်ကြိမ်လျှင် စောင်ရေ ၅၀၀၀ ခန့် ထုတ်နိုင်သေးသည်ကိုသာ တွေ့ရသည်။

စဉ်ဆက်မပြတ် ဖော်ဆောင်နေသော တိုင်းရင်းမီဒီယာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် “နေရဉ္စရာသတင်းဂျာနယ်” မှအပ ရခိုင်ဒေသတွင်း သတင်းမီဒီယာလုပ်ငန်းရှင်များသည် မည်သည့် ခံစားခွင့်မှ မရရှိခဲ့ကြ။

သည်ကြားထဲ ရခိုင်ပြည်နယ်၏ NLD အစိုးရအဖွဲ့ပိုင် “ရခိုင်ဂေဇက်” မှ အပတ်စဉ် သတင်းဂျာနယ် ထုတ်ဝေမှုအပြင်၊ ကြော်ငြာဝန်ဆောင်မှု၊ ရုပ်သံထုတ်လုပ်မှုများပါ တိုးမြင့်လာမည့် အစီအစဉ်များ ရှိနေရာ ပုဂ္ဂလိကပိုင် ဒေသတွင်း မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် လုံးဝကျဆင်းသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ထောက်ခံမှု အလုံးအရင်း ရရှိထားသော ၊ အင်အားကြီးမားသည့် အတိုက်အခံဖြစ်သော၊ ပြည်နယ် လွှတ်တော်ကို ကြီးစိုးလွှမ်းမိုးထားသော ရခိုင်အမျိုးသားပါတီကို ယှဉ်ပြိုင်လိုစိတ်နှင့် ဒေသတွင်း ရခိုင် သတင်းသမားတို့ အပေါ် ပြည်နယ်အစိုးရ၏ မယုံကြည်ရဲသော အခြေခံ အတွေးအခေါ် တချို့သည် ရခိုင်တိုင်းရင်းသား မီဒီယာလုပ်ငန်းကို များစွာ ထိခိုက်စေသည်။

ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရအနေနှင့် ရခိုင်ပြည်နယ်၏ သတင်းမီဒီယာကို စစ်မှန်သော စေတနာဖြင့် ဖွံ့ဖြိုး တိုးတက်စေလိုသည် ဆိုပါက ဒေသတွင်း သတင်းမီဒီယာ လုပ်ငန်းရှင်များ၊  သတင်းထောက်များနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှုကို ရယူသင့်သည်။ သို့မဟုတ်ဘဲ ရခိုင်ပြည်နယ် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုပ်ချူပ်ရေးမဏ္ဍိုင်မှ ဆက်လက် ဦးစီး ကွပ်ကဲနေမည်ဆိုပါက ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ကျမ်းသစ္စာဆိုစဉ်က ပထမဦးဆုံး ပေးခဲ့သော ကတိဖြစ်သည့် “ရခိုင်အမျိုးသားတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုကို အပြည့်အ၀ တာဝန်ယူပေးပါမည်” ဆိုသည်ကို ဖော်ဆောင်ရာတွင် လွတ်လပ်သော ပုဂ္ဂလိက သတင်းမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်စွာ သတင်း ရယူခွင့်တို့မပါဘဲ ပြည့်စုံနိုင်လိမ့်မည် မဟုတ်ပါကြောင်း။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top