စစ်တွေ။ ရခိုင်တောင်ပိုင်း ကမ်းရိုးတန်းရေကြောင်း ပြေးဆွဲနေသည့် သင်္ဘောများ၏ ကြံ့ခိုင်မှုအားနည်းမှုကြောင့် ၂၀၁၄ ခုနှစ် မတ်လမှ ရပ်နားထားခဲ့ရ သည့် ရေကြောင်းလိုင်းများကို ပြန်လည် ဖွင့်လှစ်ပေးရန် အစီစဉ်ရှိကြောင်း ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လက တောင်ကုတ် စစ်တွေ ရေကြောင်းလိုင်း ဖြစ်သည့် အောင်တံခွန် ရေယာဉ် အမှတ် (၃) သည် ကြံ့ခိုင်မှု အားနည်းခြင်း၊ သယ်ဆောင်နိုင်သည့် ပမာဏာထက် ကုန်စည်နှင့် ခရီးသည်များကို တန်ချိန်များစွာ တင်ဆောင်ခဲ့ခြင်းတို့ကြောင့် နစ်မြုပ်ခဲ့ရပြီး ရာနှင့်ချီသော ခရီးသည်များ သေဆုံးခဲ့ရပြီးနောက်တွင် ကမ်းရိုးတန်းရေကြောင်း သင်္ဘောရေယာဉ်များကို အာဏာပိုင်များက စစ်ဆေးရန် လိုအပ်ချက်နှင့် ပြေးဆွဲခွင့် ရပ်နားစေခဲ့သည်။
![]() |
အောင်တံခွန် အမှတ် ၃ ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးခဲ့သော ခရီးသည်များ (ဓာတ်ပုံ - CJ) |
သင်္ဘောရေယာဉ်များ ရပ်နားခဲ့ပြီးနောက် ခရီးသည်များအနေနှင့် ကမ်းရိုးတန်း အမြန်ရေယာဉ်များဖြစ်ကြသည့် ရွှေပြည်တန်၊ မလိခ စသည့် ရေယာဉ်များကို အသုံးပြုခဲ့သော်လည်း တန်ဖိုးမြင့်မားမှု၊ လိုအပ်သော ကုန်စည်ပို့ဆောင်ရေးများ အတွက် နှောင့်နှေးကြန့်ကြာစေမှု တို့ကြောင့် ရေကြောင်း ဆက်သွယ်ရေးသည် အခက်အခဲ ဖြစ်နေရသည်။
" ရခိုင်ဒေသနဲ့ ကိုက်ညီမယ့် သင်္ဘော ၃ စီးကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာ့ရေကြောင်း ပို့ဆောင်ရေး ဌာနက တည်ဆောက်ပေးသွားမှာပါ။ ဒီဒေသအတွက် သင့်လျော်မယ့် သင်္ဘော တည်ဆောက်နိုင်ဖို့ အတွက်လည်း ဇူလိုင်လအတွင်းမှာ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံနဲ့ တောင်ကုတ်၊ မာန်အောင်စတဲ့ ဒေသက ရေကြောင်းတွေကို ဂျပန်နိုင်ငံက ပညာရှင်တွေက လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဘယ်နေ့မှာ သင်္ဘောတွေ ရမလဲဆိုတာတွေ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး" ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။
သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်းကို အဓိကအားထားနေရသည့် ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်မှ စစ်တွေမြို့သို့ ထွက်ခွာလာခဲ့သည့် ခရီးသည် ၃၀၀ ခန့် သယ်ဆောင်လာသော အောင်တံခွန် ရေယာဉ်အမှတ် ၃ သင်္ဘောမှာ ကျောက်ဖြူမြို့တွင် ခရီး တစ်ထောက်နားခဲ့ပြီး စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာလာစဉ် မြေပုံမြို့နယ်၊ ငပသုန်ကျွန်းအနီးတွင် နစ်မြုပ်ခဲ့သည်။
အောင်တံခွန် ၃ နစ်မြုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်၏ ရေကြောင်းလိုင်းများကို သက်ဆိုင်ရာက တင်းကျပ်လိုက်ပြီး စစ်ဆေးရန် လိုအပ်သော သင်္ဘောရေယာဉ်များကို ပြေးဆွဲခွင့် ရပ်နားစေခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment