မင်းမျိုးနွယ်၊ ဇူလိုင် ၂၂
စစ်တွေ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်လက်ထက်တွင် ပထမဆုံးပြုလုပ်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သည့် ရက်တစ်ရာ စီမံချက်များထဲတွင် အစိုးရသစ်အနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများ သိရှိနိုင်ရန်အတွက် ရှင်းလင်းမှုများပြုလုပ်ခဲ့သည်။
စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်ရန် လိုအပ်နေသည့် လုပ်ငန်းစဉ်များ အများအပြားရှိနေသည့် အကြားမှ ရက်ပေါင်း တစ်ရာအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များအား လူထုသိရှိစေရန်အတွက် ချပြခြင်း၊ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များနှင့်ပါတ်သက်၍လည်း လူထုအနေဖြင့် အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများသို့ အကြံပြု တိုက်တွန်းမှုများအား ပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
“ကျွန်တော်တို့အစိုးရအဖွဲ့အနေဖြင့် ရက်တစ်ရာစီမံချက်ထဲမှာ ပြုလုပ်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေကတော့ ပညာရေးပိုင်းမှာ ကျောင်းသားတွေ ပညာကောင်းစွာ သင်ကြားနိုင်ရေးအတွက် ကျောင်းတွေကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ၊ သဘာဝဘေးဒါဏ်သင့်တဲ့ မြို့နယ်တွေထဲက ကျောင်းသူကျောင်းသားတွေ ပညာကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက်လည်း အစိုးရအဖွဲ့အနေနဲ့ ကြိုးစားဆောင်ရွက် မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ ကျောင်းသားတွေကို ကျောင်းသန့်ရှင်း လုပ်ငန်းတွေမှာ ပါဝင်လာနိုင်ဖို့ အတွက်ရယ် အရင်လူကြီးတွေ ခုတ်လှဲပစ်ခဲ့တဲ့ သစ်ပင်တွေကို အစားထိုး စိုက်ပျိုးနိုင်ဖို့ အတွက်လည်း ကျောင်းသူ ကျောင်းသားတွေကို သင်ကြားပို့ချမှုတွေကို လုပ်ပေးနိုင်ခဲ့ပါတယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာကရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရက်တစ်ရာစီမံချက်ကို ယခု အစိုးရသစ်လက်ထက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည့်စီမံချက် တစ်ခုဖြစ်ကာ ယင်းသို့စီမံချက်မျိုးကို ယခင်အစိုးရများ အဆက်ဆက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့် ၎င်းစီမံချက်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ရခိုင်ပြည်နယ်အတွင်းမှာ ရက်တစ်ရာစီမံချက်အတွင်း ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ တခြားသက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းပြီး စည်းကမ်းမဲ့ ယဉ်မောင်းနှင့် ယဉ်တိုက်မှု၊ မူးယစ်ဆေးဝါးမှုစတဲ့ တရားမဝင် လုပ်ငန်းစဉ်တွေ လျော့ပါးရေးအတွက် ဆောင်ရွက်ခဲ့တာရှိပါတယ်။ ရက်တစ်ရာ စီမံချက်အတွင်း ရခိုင်ပြည်နယ်အတွင်း အမှုပေါင်း ၁၃၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲက စစ်တွေမြို့ဟာ အမှုအများဆုံးမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးဟာ ဘယ်လောက်ထိ ပေါများလာလဲဆိုရင် ဖမ်းဆီးလို့ မနိုင်လောက်တဲ့ အထိဖြစ်လာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် လူထုပညာပေး လုပ်ငန်းတွေကိုလည်း ပြုလုပ်လျှက်ရှိပါတယ်။ ဒါပေမယ့်
ထိထိမိမိ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ပြီးတော့ နှိမ်နင်းရေး အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ ရှင်းလင်းဖို့ လိုအပ်ပါတယ်။ တစ်ချို့ဆိုရင် ဆိုင်ကယ်နဲ့ လည်ပြီး ရောင်းတာတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးရမှာ မလွယ်ကူပါဘူး။”ဟု ရခိုင်ပြည်နယ် ရဲမှူးကြီးစိန်လွင်က အဆိုပါအခမ်းအနားတွင် ရှင်းလင်းပြောကြးခဲ့သည်။
ယင်းသို့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့တို့တွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်သူ များပြားလာနေသည့်အတွက် လူငယ်တစ်ချို့နှင့် တက္ကသိုလ်ကျောင်းသား အများစုတို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူများရှိနေပြီး စစ်တွေတက္ကသိုလ်နှင့် အနီးဝန်းကျင်နေရာများတွင် ကျောင်းသားများနှင့် ချိတ်ဆက်ကာ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြသူများလည်း ရှိကြောင်း ရခိုင်ပြည်နယ်အတွင်း ယင်းသို့ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေမှုများ ကျဆင်းသွားစေရေး အတွက် ရက်တစ်ရာစီမံချက်အပြင် ဆက်လက်၍လည်း ဖမ်းဆီးမှုများကို အရှိန်မြှင့် ပြုလုပ်သွားရမည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုမှာ ရခိုင်တိုင်းရင်းသား စီးပွားရေး သမားတစ်ချို့တို့၏ ငွေကြေး ရလိုမှုများကြောင့် ဖြစ်ကြောင်း တစ်ဖက်နိုင်ငံသို့ တင်ပို့ရာမှ ယခုကဲ့သို့ ပျံ့နှံ့လာနေခြင်းဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment