Wednesday, July 13, 2016

AA နှင့် ဆက်စပ်သူ ၃ ဦး ထောင်ဒဏ်ချမှတ်ခံရ

မင်းမျိုးနွယ်/RiA ၊ ဇူလိုင် ၁၃ ရက်

ရခိုင်ပြည်နယ်အတွင်း မြို့နယ်သုံးခုမှ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အေအေနှင့် ဆက်နွယ်မှုရှိသည်ဆိုကာ ဖမ်းဆီးအရေးယူခြင်းခံထားရသူ ၃ ဦးတို့အား ကျောက်ဖြူတရားရုံးမှ ယနေ့ ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်ထိ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။


၎င်း သုံးဦးမှာ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှ ပရဟိတလုပ်ငန်းများလုပ်ကိုင်နေသူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့၏ ဥက္ကဌ ဦးမောင်အေးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင်၊ ပေါက်တောမြို့နယ် ယင်းရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူတို့ဖြစ်ပြီး သူတို့ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဦးမောင်အေးနေအိမ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံထားရတဲ့ ကိုမောင်အေး အပါအဝင်သုံးဦးကို ဒီကနေ့ ကျောက်ဖြူတရားရုံးက ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ သူတို့သုံးယောက်စလုံးကို တရားစွဲထားတဲ့ ပုဒ်မတွေကတော့ မတရားအသင်းအဖွဲ့ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ချတာပါ။ ကိုမောင်အေးကတော့ နှစ်နှစ်။ ထွန်းသာဖြူနဲ့ ဇော်ဝင်းမောင်တို့ နှစ်ယောက်ကိုတော့ သုံးနှစ်စီချလိုက်ပါတယ်။ အခုပြစ်ဒဏ်တွေချမှတ်လိုက်ပေမယ့် အယူခံဝင်ခွင့်ရှိတဲ့အတွက် မကြာခင်မှာပဲ အယူခံဝင်သွားမှာပါ”ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးတင်မြင့်က RiA ကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်မှုရှိနေသူများဟု ယူဆရသူများအား ဖမ်းဆီးခဲ့ရာတွင် ပါဝင်သူများဖြစ်ပြီး ယင်းဖမ်းဆီး ခံထားရသူများအား ကျောက်တော်မြို့နယ် တရားရုံးနှင့် စစ်တွေ တရားလွှတ်တော်တို့မှ ပြစ်ဒဏ်များ ချမှတ်လိုက်ပြီးဖြစ်ရာ ကျန်ရှိနေသူ သုံးဦးတို့အား ကျောက်ဖြူတရားရုံးမှ ယနေ့ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top