ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်ကို မေလ ၁ ရက်နေ့က စတင်ခဲ့သည်။
ရက် ၁၀၀ အတွင်း ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ်သို့ နိုင်ငံတော် ဒုသမ္မတ ဦးဟန်နရီ ဗန့်ထီ၊ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူ ၊ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မေရီကေ စသည့် ထိပ်သီးများ လာရောက် လည်ပတ်ခဲ့သည်။
အိမ်သာ၍ ဧည့်လာခဲ့ခြင်း မဟုတ်။ သူတို့တစ်ဦးချင်းစီ၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ ရခိုင်ပြည်နယ်တွင် နေထိုင် သူများ၏ လုံခြုံမှုသည် စိုးရိမ်နေရဆဲ ဖြစ်သည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ်၏ နိုင်ငံတကာ ဦးစားပေးဖြစ်သော ပြဿနာများကို သိမ်မွေ့စွာ ဆောင်ရွက်နိုင်မည်လား ဟူသည်ကို စိုးရိမ်၍ ဖြစ်သည်။
ထိုခရီးစဉ်များအတွင်း ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် လူ့အဖွဲ့ အစည်း နှစ်ခုကြားမှ ပြဿနာရပ်များကို ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကော်မတီများ ဖွဲ့စည်းခဲ့ရသည်။ ရခိုင်အရေးသည် မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် နိုင်ငံတော်အဆင့်မှ ကျဆင်းမသွားခဲ့။
ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ တရပ်လုံးသည် အသေးစား အကူအညီပေးရေးများတွင်သာ ဆုံးဖြတ်ခွင့် ရှိပြီး ပြည်နယ်ကံကြမ္မာ၊ ပြည်သူလူထု၏ အကျိုးစီးပွားဖော်ဆောင်မှုတွင် တင်ပြခွင့်ပင်မရှိကြောင်း ရက် ၁၀၀ အတွင်း ထုတ်ဝေခဲ့သော ပြည်တွင်း သတင်းစာ ဂျာနယ်များ၏ ဖော်ပြချက်အရ လေ့လာသိရှိရသည်။
ပြည်နယ်အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့မှုများကို ဇူလိုင် ၂၂ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မူလက ဇူလိုင် ၁၅ ရက်နေ့ဟု သတ်မှတ်ခဲ့သော်လည်း ၇ ရက်ခန့်နောက်ကျပြီးမှ ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှင်းလင်းပွဲ ပြောကြားချက်များအရ သဘာဝဘေးဒဏ်သင့် နှင့် စစ်ဘေးဒဏ်သင့် ပြည်သူလူထု အတွက် လိုအပ်သော အကူအညီတချို့ကိုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက်နေ့ Frontier Myanmar ၏ သတင်းတစ်ပုဒ်အရ “၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်း မှတ်တမ်းများအရ ရခိုင်ပြည်နယ်တွင် နိုင်ငံသားစီစစ်မှု ခံယူရန် လိုအပ်သူ ၁.၀၉ သန်းခန့် ရှိရာတွင် နိုင်ငံသားစိစစ်မှု ခံယူမည့်သူ၏ သက်သေခံကတ်ပြား စုစုပေါင်း ၁၉၁၉ ခုကိုသာ ထုတ်ပေးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဦးသိန်းဆွေ၏ ပြောကြားချက်အရ သိရသည်။” ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်သည် လူမျိုးရေး၊ ဘာသာရေးနှင့် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်ရေးစသည့် လူသားချင်းစာနာမှု စံများအောက်တွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ နိုင်ငံတကာ၏ စောင့်ကြည့်မှုကို နေရာ ရယူထားသော အရှေ့တောင်အာရှ၏ ပထမဦးစားပေး ဒေသဖြစ်သည်။
ထိုဒေသတွင် နေထိုင်သူ လူသားအားလုံး၏ ဘ၀လုံခြုံမှုသည် ပြည်နယ်အစိုးရ၏ ပထမဦးစား ဆောင်ရွက်ချက် ဖြစ်သင့်သည်။
ပြည်နယ်၏ အရေးကြီး ဖြေရှင်းရန်လိုအပ်သောအရာကို ဖော်ဆောင်နိုင်မျှ ၁ ရာခိုင်နှုန်းမျှပင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိမှုသည် ပြည်နယ်အတွင်း နေထိုင်သူအားလုံး၏ စိုးရိမ်မှုကို ပိုစေခဲ့သည်။
ယင်းအပြင် ရက် ၁၀၀ အတွင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ဘူးသီးတောင် စသည့် ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် စစ်ဘေးဒုက္ခသည်နှင့် ရေဘေးဒုက္ခသည်များ သုံးသောင်း ၀န်းကျင်ထိ မြင့်တက်ခဲ့သည်။
၎င်းတို့၏ မူလနေရပ် ပြန်လည် အခြေချရေးနှင့် ဘ၀လုံခြုံမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့က အာမခံချက် မပေးနိုင်ခဲ့။
အထူးသဖြင့် ပြည်နယ်အစိုးရအဖွဲ့သည် ရက် ၁၀၀ အတွင်း အစိုးရတစ်ရပ်၏ ပင်မလုပ်ငန်းစဉ်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ မေလ နောက်ဆုံးသီတင်းပတ်က ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချူပ်များကို မှာကြားခဲ့သော အချက် (၈) ချက်ပါ လုပ်ငန်းစဉ်ဖော်ဆောင်မှုတွင် ၂၀ ရာခိုင်နှုန်းမျှသာ ဆောင်ရွက်နိုင်ခဲ့သည်။
ရက် ၁၀၀ အတွင်း ပြည်နယ်အတွင်း မှုခင်းပေါင်း ၁၃၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်နေ့ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း အရေးယူနိုင်သော အမှုအရေအတွက်ကို ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိ။ ရက် ၁၀၀ အတွင်း အမှုအရေအတွက် များပြားရေးကိုသာ အာရုံစိုက်ခဲ့ဖွယ်ရှိသည်ဟု ယူဆရမည် ဖြစ်သည်။
ယင်းအပြင် ဒေသအခြေစိုက် ပုဂ္ဂလိက သတင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရပိုင်ခွင့်သည် ဒီမိုကရေစီ အစိုးရသက်တမ်း ၇ နှစ်တာ ကာလအတွင်း ဦးညီပုလက်ထက်တွင် သိသာစွာ လျော့ကျခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် သတင်းမီဒီယာဟု တရားဝင် ကြေညာခြင်း မပြုသေးသည့် “ရခိုင်ဂေဇက်” သတင်းအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့၏ သတင်းများကို အချိန်နှင့် တပြေးညီ ရယူထုတ်လွှင့်နေသလို၊ ဆက်လက်၍ ရုပ်သံ၊ ဂျာနယ် လုပ်ငန်းများကို ဆောင်ရွက်လာနိုင်ဖွယ်ရှိသည်ဟု လည်း နီးစပ်သည့် အသိုင်းအ၀န်းများမှ ဆိုသည်။
ဤသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ပုဂ္ဂလိက သတင်းမီဒီယာများကို ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။
နိုင်ငံပိုင် မီဒီယာများ ရှိနှင့်ပြီး ဖြစ်ပါလျှက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် သီးခြား သတင်းဌာနတစ်ခု ထူထောင်သည်ဆိုလျှင် ပွင့်လင်းမြင်သာရန် လိုအပ်သည်။
မည်သို့ပင်ဆိုစေ ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် ပြည်နယ်ကို ရက် ၁၀၀ ပြည့်လွန်စွာ ဦးဆောင်ခဲ့ပြီး ဖြစ်သည်။
စိန်ခေါ်မှုကြီးမားသော ရခိုင်ပြည်နယ်၏ တောင်းဆိုမှုများက ရက် ၁၀၀ အတွင်း အစိုးရအဖွဲ့ ဆောင်ရွက်ပေးနိုင်သည်ထက် ကျော်လွန်မှုက ရှိနေဆဲဖြစ်သည်။ အစိုးရတစ်ရပ်အနေနှင့် အချိန်တိုတိုအတွင်း ကြီးမားသော ပြောင်းလဲမှုကို မပြုလုပ်နိုင်စေကာမူ ပြည်နယ်အတွင်း နေထိုင်သူများ အားလုံး၏ ဘ၀လုံခြုံမှုနှင့် အကျိုးစီးပွားကို ဖော်ဆောင်မည့် နိုင်ငံရေးမူဘောင်ကိုတော့ ခိုင်မာစွာ ပြဌာန်းနိုင်ရမည်ဖြစ်သည်။
0 comments:
Post a Comment