Thursday, June 9, 2016

၁၉၉၇ ကစ္ဆပနဒီ တံတားတည်ဆောက်ရာတွင် လျော်ကြေးမြေများ မရရှိခဲ့မှု ပြန်လည်ဖော်ထုတ်

မိုးအောင်/RiA ၊ ဇွန် ၉ ရက်

ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားအနီး ပိုက်သည်ရပ်ကွက်၊ ကားဂိတ်နှင့် ကပ်လျှက်တည်နေရာတွင် ကျေးလက်ဖွံ့ဖြိုးရေး ရုံး တည်ဆောက်မည့် မြေနေရာနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်နေသည်။


အငြင်းပွားမှု ဖြစ်ပေါ်နေသည့် မြေနေရာမှာ ၁၉၉၇ ခုနှစ် ကစ္ဆပနဒီ တံတား တည်ဆောက်စဉ်က လျော်ကြေးမဲ့ ဖယ်ရှားခဲ့သော မြေနေရာဖြစ်ပြီး မူလပိုင်ရှင် ဖြစ်သူ ဦးစံကျော်အောင်က “ ကျွန်တော့်အိမ်နေရာ အတွက် တခြားမြေနေရာ ရရှိမယ်ဆိုပြီး စောင့်ဆိုင်းနေခဲ့တာပါ၊ ဒါပေမယ့် မြေနေရာလည်း မရရှိဘူးဆိုတော့ တံတားဆောက်စဉ်က အသုံးမပြုခဲ့ရဘဲ ကျန်ရစ်ခဲ့တဲ့ မြေနေရာမှာ အိမ်ပြန်ဆောက်မယ်ဆိုပြီးတော့ ခြံစည်းရိုးထိုးတာတာပါ။” ဟု RiA ကို ပြောသည်။

၁၉၉၇ ခုနှစ် ကစ္ဆပနဒီ တံတားတည်ဆောက်ရာတွင် သိမ်းဆည်းခဲ့သော လျော်ကြေးမဲ့ မြေနေရာတွင် ခြံစည်းရိုးထိုးနေစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)

 ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနရုံးသို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူ တစ်ဦးက  “ကျွန်တော်တို့က ရုံးဆောက်ဖို့ဆိုပြီး မြေနေရာ လျှောက်လိုက်တဲ့အခါ အစိုးရကပေးတဲ့ မြေမှာပဲ ဆောက်တာပါ။ အဓိကတော့ ထွေအုပ် (အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန) ပေါ့လေ၊ တကယ်လို့ ဒီလို တိုင်ကြားမှုတွေရှိလာရင်လည်း သူ့လမ်းကြောင်း လုပ်ဆောင်ချက် အတိုင်းသွားရမှာပါ။ ကျောက်တော်ထွေအုပ်နဲ့ လယ်ယာမြေစိုက်ပျိုးရေးကော်မတီတို့ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော်တို့ လက်ခံရမှာပါ “ ဟု ဆိုသည်။

လက်ရှိ အငြင်းပွားမှုဖြစ်ပေါ်နေသော မြေနေရာကို
၁၉၉၇ ခုနှစ် ကစ္ဆပနဒီ တံတားမတည်ဆောက်မီက တွေ့ရစဉ်(ဓာတ်ပုံ - ဦးစံကျော်အောင်)

 ၎င်းမြေမှာ ပြည်သူပိုင်မြေဖြစ်ကြောင်း မေလ ၂၇ ရက် နေ့စွဲဖြင့် ကျောက်တော်မြို့ ဒေသခံများမှ အသနားခံ လက်မှတ်ရေးထိုး ပေးပို့ခဲ့သည်။

မြေနေရာပေါ်တွင် ဦးစံကျော်အောင်၏ ခြံစည်းရိုးကာရံထားမှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာနရုံးမှ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးစာ သုံးစောင်ကို ပေးပို့ခဲ့သည်။

၁၉၉၇ ခုနှစ် ကစ္ဆပနဒီ တံတားတည်ဆောက်ရာတွင် သိမ်းဆည်းခဲ့သော လျော်ကြေးမဲ့ မြေနေရာတွင် ခြံစည်းရိုးထိုးနေစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)

 ၁၉၉၇ ခုနှစ်က ကျောက်တော်မြို့ပေါ်ရှိ ဂစ္ဆပနဒီ တံတားတည်ဆောက်စဉ်တွင်  လျော်ကြေးငွေ (သို့မဟုတ်) လျော်ကြေးမြေ မရရှိသော နေအိမ် ၂၇ ဆောင်ထိ ရှိကြောင်းနှင့် ၎င်းတို့ကို တရားမျှတစွာ ဆောင်ရွက်ပေးဖို့ ဦးစံကျော်အောင်က တောင်းဆိုလိုက်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top