Thursday, June 9, 2016

မူလနေရပ်ပြန်ပါက မိုးတွင်းကာလ စားဝတ်နေရေးအကျပ်တည်းကြုံ့တွေ့ရမည်ဟု ရခိုင်စစ်ဘေးရှောင်များ ပြောကြား

မင်းမျိုးနွယ်/RiA ၊ ဇွန် ၉ ရက်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ လျော့နည်းလာပြီး နယ်မြေတည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်များ မူလနေရပ်သို့ အမြန်ဆုံးပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားလိုက်သော်လည်း စစ်ရှောင်များမှာ နေရပ်သို့ မပြန်လိုဘဲ ယခုမိုးရာသီကို ဒုက္ခသည်စခန်းများတွင်သာ နေထိုင်ရန် ဆုံးဖြတ်ထားသည်။


မိုးတွင်း အလုပ်အကိုင်များဖြစ်သည့် တောင်ယာနှင့် တခြားစားသုံးသီးနှံများ စိုက်ပျိုးလုပ်ကိုင်ချိန်တွင် စစ်ပွဲများ ရုတ်တရက်ဖြစ်ပွားခဲ့သည့်အတွက် တောင်ယာလုပ်ငန်းများအား စွန့်လွှတ်ကာ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် အချိန်မမှီတော့ပြီဖြစ်ကြောင်း၊ နေရပ်သို့ ပြန်သွားသော် လည်း မိုးတွင်းကာလ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်ကြရမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“တိုက်ပွဲတွေဖြစ်နေတော့ ကြောက်ပြီး ထွက်ပြေးလာခဲ့ကြတာပါ။ အခုပြန်သွားဖို့ကလည်း ရွာမှာနေလို့ အလုပ်အကိုင်လည်းမရှိဘူး။ ပိုက်ဆံလည်းမရှိဘူး။ ဘာလုပ်လို့ ဘာကိုင်ရဖို့မှန်းမသိဖြစ်နေပြီ။ ကျွန်မတို့က တောတောင်ကိုမှီခိုနေကြတာ။ အခုတောထဲလည်းမဝင်ရဲတော့ သစ်ဝါးခုတ်ဖို့လည်း မသွားရဲမလာရဲဖြစ်နေတယ်။ ဒီမှာနေရင်လည်း အိမ်မရှိတော့ စိတ်ဆင်းရဲရတယ်။ မိုးရွာတော့လည်း မိုးရေထဲမှာ။ နေပူတော့လည်း နေပူထဲမှာနေနေရတယ်။ ကိုယ်တစ်ယောက် တည်း ပြန်သွားဖို့ကလည်း မဖြစ်ဘူး။ ရွာသားတွေပြန်တော့မှပဲ ပြန်ရတော့မှာပေါ့။ ပြီးတော့ ရွာသားတွေက တစ်နေရာတည်း မှာ နေကြတာမဟုတ်ဘူး။ တခြားရွာတွေကိုလည်း ရောက်နေတဲ့သူတွေရှိတယ်။ ”ဟု စစ်ဘေးရှောင် ဒေါ်သိန်းရွှေနုက RiA ကို ပြောသည်။

စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေးကို ပြည်နယ်အစိုးရအဖွဲ့မှ အမြန်ဆုံး ကူညီပေးရေး လွှတ်တော်မှ ဆုံးဖြတ်ခဲ့ပြီး ဆောင်ရွက်မှုအနေအထားကို နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက  “တိုက်ပွဲဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာတဲ့ မိသားစုများဟာ မြို့နယ်သုံးခုမှာ ယာယီနေထိုင်လျှက် ရှိပါတယ်။ အစိုးရအဖွဲ့အနေနဲ့ UN, INGOs အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များဟာ ဒုက္ခရောက်ရှိနေကြတဲ့ မိသားစုတွေနဲ့ ထိတွေ့ပြီးတော့ လိုအပ်တဲ့ အစားအသောက်၊ အိုးခွက်၊ စောင်၊ ခြင်ထောင်အစရှိတဲ့ ပစ္စည်းများကိုထောက်ပံ့ပေးလျှက် ရှိပါတယ်။ ဒေသ အခြေအနေမှာလည်း အေးချမ်းနေပြီဖြစ်တဲ့အတွက် မိုးမကျမီမှာ နေရပ်ပြန်နိုင်အောင်အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top