Wednesday, June 8, 2016

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဒေသခံ ကုမ္ပဏီများကို ဦးစားပေးသွားမည်ဟု ရခိုင်အစိုးရအဖွဲ့ ပြောကြား

မင်းမျိုးနွယ်/RiA ၊ ဇွန် ၈ ရက်

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးသည့် လမ်းတံတား၊ အဆောက်အဦးနှင့် တခြားဝန်ဆောင်မှု လုပ်ငန်းများအတွက် ဒေသခံကုမ္ပဏီများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။


“ကျွန်တော်တို့အနေနဲ့ ဘယ်ကုမ္ပဏီကို ပေးသင့်လဲ၊ မပေးသင့်လည်း ဆိုတာကိုလည်း စိစစ်သွားမှာပါ။ ဒီအထဲမှာမှ ဒေသခံကုမ္ပဏီတွေကို ဦးစားပေးမယ်။ အင်ဂျင်နီယာမရှိတဲ့ ကုမ္ပဏီတဲ့ကုမ္ပဏီကိုတော့ ပေးမှာမဟုတ်ပါဘူး။ ပြီးတော့ ဆောက်လုပ်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း အရင်ကလိုဖြစ်သလိုလုပ်လို့မရဘူး။ တိတိကျကျစစ်ဆေးမယ်။ စစ်ဆေးချက်မှတ်တမ်းတွေကိုလည်း တိတိကျကျပြုစုပေးရမှာဖြစ်ပါတယ်။”

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်အတွက် ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် ခေါ်ယူထားရှိသည့် တင်ဒါများအား ယမန်နေ့ ဇွန်လ ၈ ရက်နေ့က ကုမ္ပဏီပေါင်း ၁၀၀ ကျော်ခန့်နှင့် စီးပွားရေးလုပ်ငန်းရှင်များရှေ့မှောက်၌ ဖောက်ဖွင့်ပြသခဲ့ရာတွင် ဦးအောင်ကျော်ဇံက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင် အစိုးရလက်ထက်က ကုမ္ပဏီများဘက်မှ အခွန်ပေးဆောင်ရာတွင် ၅ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်း၊ ၁ ရာခိုင်နှုန်း စသဖြင့် ၈ ရာခိုင်နှုန်းထိ ပေးဆောင်ခဲ့ရပြီး ယခုအစိုးရသစ်လက်ထက်တွင် ၁၃ ရာခိုင်နှုန်းထိ ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

"ဒါတွေကတော့ လုပ်တဲ့သူတွေအတွက် အခက်အခဲရှိလိမ့်မယ်လို့ထင်ပါတယ်။ ရခိုင်ပြည်နယ် အနေအထားကတော့ လုပ်ငန်းရှားပါးတဲ့အတွက်ကြောင့် လုပ်ငန်းတစ်ခုဖြစ်လာရင် အကုန်လုံးစုပုံပြီးတော့ လုပ်ကြရတဲ့ သဘောရှိတာကြောင့်ပါ။ ”ဟု ဓညဝတီငွေတင်းပြည့်ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်ခင်မွေးမွေးစိန်က ပြောသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ရခိုင်ပြည်နယ် ဘတ်ဂျတ်ငွေကျပ်သန်း နှစ်သောင်းကျော်ထဲမှ တစ်သောင်းနီးပါးဖိုးခန့်ကို ကြိုတင်လုပ်ကိုင်ခွင့်ပေးထားခဲ့မှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သစ်နေနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လုပ်ထားခဲ့တာတွေကို လက်မခံပါဘူး။ အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ရဲ့ သတ်မှတ်ငွေကြေးနဲ့ လုပ်ငန်းစဉ်တွေကိုပဲ တိတိကျကျ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ပထမအစိုးရလက်ထက်က ကြိုပြီးတော့ လုပ်ပိုင်ခွင့်ပေးထားခဲ့တဲ့ လုပ်ငန်းစဉ်တွေအတွက် အခုဘတ်ဂျတ်ငွေတွေကို မပေးဘူး။" ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

ယင်းအပြင် ဆောက်လုပ်ရေးလုပ်ငန်းများအား ယခင်ကကဲ့သို့ မိမိတို့အစိုးရအဖွဲ့နှင့် နီးစပ်သူများကို လုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီများနှင့် စပ်တူရှယ်ယာများ၊ ကြိုတင်လုပ်ငန်းများ ချပေးခြင်းများကိုလည်း ယခု အစိုးရသစ်အနေဖြင့် လုံးဝပြုလုပ်မည်မဟုတ်ကြောင်း သူက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top