Wednesday, June 8, 2016

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စီစစ်ဆောင်ရွက်မှု ရှေ့ပြေးစာရင်းကောက်ယူမှုတွင် လူမျိုး၊ ဘာသာကို ထည့်သွင်းမှု မရှိ



ကိုဇိုင်း/RiA ၊ ဇွန် ၈ ရက်

ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံသား စီစစ်ဆောင်ရွက်မှု ရှေ့ပြေးစာရင်းကောက်ယူမှုများ အဖြစ် ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ယမန်နေ့ ဇွန် ၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး လူမျိုးနှင့် ဘာသာအမည်ကို ထည့်သွင်းခြင်း မပြုခဲ့သောကြောင့် စာရင်းကောက်ယူမှု အခက်တွေ့နေရကြောင်း သိရသည်။


"ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေဘက်က ကောက်ယူမှုမှာ စုစုပေါင်း ၂၁၈ ဦး ရခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စာရင်းကောက်လို့ မရခဲ့ဘူး။ လူမျိုး၊ ဘာသာတွေ ထည့်သွင်းကောက်ခံခြင်း မရှိတာကြောင့် လက်မခံဘူး လို့ သူတို့က ပြောပါတယ်။" ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။

ပထမနေ့ စစ်ဆေးချက်များအရ ကျောက်ဖြူမြို့နယ်မှ ကျား ၄၁ ဦး၊ မ ၅၁ ဦး နှင့် မြေပုံမြို့နယ်တွင် ကျား ၅၇ ဦး၊ မ ၆၉ ဦး တို့ကို National Verification Card (NVC) အစိမ်းကဒ်များ ထုတ်ပေးနိုင်ခဲ့သည်။

"တဖက်နိုင်ငံက တရားမ၀င် ၀င်ရောက်လာမှုကို ကာကွယ်တားဆီးနိုင်ဖို့ ဒီကဒ်ကို ထုတ်ပေးတာပါ။ အရင်ကဒ်တွေလို သက်တမ်းသတ်မှတ်ချက်မရှိပါဘူး။" ဦးဝင်လွင်က ပြောသည်။

ယခုလို ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စီစစ်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်လှအောင်က " ဒီအစိုးရကို
ကျနော်တို့က ယုံကြည်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီအစိုးရလည်း အရင်အစိုးရလိုပါပဲ။ ခု အစိမ်းကဒ် ထုတ်ပေးနေတယ်ဆိုတာလည်း ၈၂ ဥပဒေမှာ မရှိတဲ့အတွက် ဥပဒေနဲ့ မညီပါဘူး။ သူတို့က ဒီ အစိမ်းကဒ်ကို ပေးပြီး လူမျိုး၊ ဘာသာကို မထည့်သွင်းတာဟာ ရိုဟင်ဂျာနာမည်ကို ဖျောက်ဖို့ ကြိုးစားတာပါ။ ကျနော်တို့က နိုင်ငံသားတွေဖြစ်တယ်။ ခိုးဝင် မဟုတ်ဘူး။ ပေးရင် ပန်းရောင်ကဒ်ပေးရမယ်။ အစိုးရက ဘာတစ်ခုမှ ရှင်းလင်းပြောကြားမှု မရှိဘူး။ တွေ့ဆုံမှုလုပ်ဖို့ မနက် ၇ နာရီမှာ ချိန်းတယ်။ ကျနော်တို့ ၇ နာရီမထိုးခင်ကတည်းက ရောက်တယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီး ၆ ဦးက ၉ နာရီကျော်မှ ရောက်လာတယ်။ ဒါဟာလည်းပဲ ကျနော်တို့ကို လေးစားမှု မရှိကြောင်း သိသာပါတယ်။ ခုလည်း ပြည်သူတွေကို ဘာတစ်ခုမှ ရှင်းလင်းမှု မရှိဘဲ ကဒ်ပြားပေးမယ်။ ယူမလားဆိုတော့ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ၈၂ ဥပဒေနဲ့ အညီပဲ သွားပါ" ဟု ပြောသည်။

ပြည်နယ်လ၀ကမှူး ဦးဝင်လွင်၏ ပြောကြားချက်အရ " NVC ကဒ်က ပထမအဆင့်ပါ။ ဒုတိယအဆင့်မှာ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်လာခဲ့ရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အားလုံး ရမှာပဲ ဖြစ်ပါတယ်။" ဟု သိရသည်။

၂၀၁၂ ခုနှစ် ဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုများကို ယခင်ကထက် ပိုမို တင်းကြပ်စွာ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ကာ စီစစ်ခြင်းများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် အညီ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်သည်။

မေလ ၂၁ ရက်နေ့က စစ်တွေ အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေ စစ်ဆေးခဲ့စဉ်က (ဓာတ်ပုံ - မိုးအောင်/RiA)

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top