Monday, June 20, 2016

တစ်ကျော့ပြန်လာတော့မည့် လေးမြို့စီမံကိန်း

ဓာတ်ပုံ - နှင်းချိုလှိုင် (မြောက်ဦး)

နှင်းချိုလှိုင် (မြောက်ဦး)

လေးမြို့မြစ်သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းသို့ ဖြတ်သန်း စီးဆင်းနေသည့် မြစ် တစ်စင်းဖြစ်သည်။ အလျားမိုင်ပေါင်း ၁၁၄ မိုင်ခန့် ရှည်လျားသည့်မြစ်ဖြစ်သည်။ အဓိက မြစ်လက်တက်ငယ် ကိုးခုဖြင့် ဖြာထွက်စီးဆင်းနေသည့် မြစ်ပင်ဖြစ်သည်။ ချင်းပြည်နယ်အတွင်း ချင်းတောင်တန်းတွင် မြစ်ဖျားခံသည့် အပိုင်း၌လည်း လက်တက်ငယ်နှစ်ခုဖြင့် ပေါင်းစု စီးဆင်း လာခြင်းဖြစ်သည်။


လေးမြို့မြစ်၏ မြစ်ဖျားခံရာနေရာသည် ဘုံတလာ ရေတံခွန်ပင်ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်း လေးမြို့မြစ်ဆိုသည့် အမည်နာမကို အားလုံးသိထားကြသကဲ့သို့ ချင်းပြည်နယ်တွင်လည်း ဘုံတလာ ရေတံခွန်ကို အားလုံးသိပြီးသားပင်ဖြစ်သည်။ လေးမြို့မြစ်ကို အမှီပြုကာ ရခိုင်ပြည်နယ်အတွင်းမှ မြေပုံ၊ မင်းပြား၊ မြောက်ဦးမြို့နယ်သုံးခုတို့ တည်ရှိလျှက်ရှိပြီး ချင်းပြည်နယ်တွင် ပလက်ဝ၊ မင်းတပ်၊ မတူပီ စသည့်မြို့နယ်များ တည်ရှိသည်။

လေးမြို့မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် ဆည်များ တည်ဆောက်ရန်ကိစ္စပင်ဖြစ်သည်။

ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာသည့် ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ဂျီးမက်ခ်အီရောင်နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းတို့ တွေ့ဆုံခဲ့ချိန်တွင် လေးမြို့ရေအား လျှပ်စစ်စီမံကိန်းအတွက် စမ်းသပ်မှုများပြုလုပ်နိုင်ရန် ပြင်သစ် အစိုးရက အမေရိကန်ဒေါ်လာ တစ်သန်း ကူညီမည်ဖြစ်ကြာင်း ပြောကြားခဲ့သည်ကို နိုင်ငံပိုင် သတင်း ဌာန မြန်မာ့အသံမှ တစ်ဆင့်ကြားသိရသည်။

တကယ်တမ်းတွင် လေးမြို့ရေအား လျှပ်စစ်စီမံကိန်းသည် ယခုမှပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပါ။ ယခင် စစ်အစိုးရ လက်ထက်က ပြုလုပ်ခဲ့သည့် စီမံကိန်း၏ နောက်ဆက်တွဲပင်ဖြစ်ပါသည်။ လေးမြို့မြစ်ပ်ါတွင် ဆည်တည် ဆောက်ဖို့အတွက် စစ်အစိုးရနှင့် တရုတ်အစိုးရတို့ ၂၀၀၄ ခုနှစ်ကတည်ကပင် သဘောတူထားသည့် စီမံကိန်းပင်ဖြစ်ပါသည်။


ယင်းစီ မံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် မြေစမ်းသပ်မှုကို ၂၀၁၀ ခုနှစ်တွင် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် China Datan ကုမ္ပဏီမှ တာဝန်ယူပြုလုပ်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းကို တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီများမှာ တရုတ် ကုမ္ပဏီတစ်ခုဖြစ်သည့် China Datan နှင့် မြန်မာအစိုးရပိုင် ကုမ္ပဏီတစ်ခုက တည်ဆောက်မည်ဖြစ်ကြောင်း သိခဲ့ရသည်။

ယင်းအချိန်က China Datan ကုမ္ပဏီမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့သည့် အစီရင်ခံစာတွင် လေးမြို့မြစ် ပေါ်တွင် လျှပ်စစ်ထုတ်လုပ်နိုင်ရန်အတွက် ဆည်နှစ်ခုကို တည်ဆောက်မည်ဖြစ်ကြောင်းပါရှိသည်။ အထက် ဆည်ကို ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကိုဖေချေကျေးရွာ အထက် တစ်မိုင် ဝန်းကျင်ခန့်နေရာတွင်ဖြစ်သည်။ အဆိုပါနေရာမှာ လေးမြို့မြစ်၏ ပင်မမြစ်ကြောင်းဖြစ်သော မဂိုမြစ်နှင့် လက်တက်ဖြစ်သော သံချောင်းမြစ်တို့ ဆုံရာနေရာပင်ဖြစ်သည်။

ဒုတိယဆည်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုန်းချောင်းကျေးရွာအောက်ဖက် စိုင်းဒင်ကျေးရွာနေရာတွင် တည်ဆောက်ရန် စီစဉ်ခဲ့သည်ကို သိရသည်။

လေးမြို့မြစ်ပေါ်တွင် ဆည်တည်ဆောက်မည့်ကိစ္စကို အစပိုင်းတွင် ဒေသခံ တိုင်းရင်းသားများအနေဖြင့် သိရှိခွင့် မရခဲ့ကြပေ။ အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် အစိုးရနှစ်ခုသည် ဒေသခံများ၏ နစ်နာဆုံးရှုံးမှု၊ အကျိုးခံစားမှုများကို ဂရုမစိုက်ခဲ့သည့် သဘောရှိသည်။ ယင်းအချိန်တွင် အစိုးရသည် ပွင့်လင်းမြင်သာမှုမရှိခဲ့သည့်အပြင် ပြည်သူများအနေနှင့်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် မရှိသည့် ကာလာဖြစ်သည်။

၂၀၁၀ ခုနှစ် တရုတ်ကုမ္ပဏီမှာ ရောက်ရှိလာသည့် အချိန်တွင်သိခွင့်ရရှိခဲ့သည်။ ယင်းသို့ ဒေသခံများနှင့် တိုင်ပင် ညှိနှိုင်းခြင်းမရှိဘဲ အသိမပေးဘဲ စီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်ရန် ပြုလုပ်နေသည့်အတွက် မြောက်ဦးမြို့ရှိ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့မှ ဆည်များ တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကာ ဒေသခံများနှင့်တွေ့ဆုံခြင်း၊ မှတ်တမ်းများကောက်ယူခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဒေသခံများက လေးမြို့မြစ်ပေါ်တွင် ဆည်တည်ဆောက် လိုက်ပါက ကျေးရွာများ ရေအောက်ရောက် သွားနိုင်သည်။ ရွာများကိုပြောင်းရွှေ့ကြရမည်။ ထိုဒေသ တစ်ခုလုံးသည် ကုန်းလမ်း ဆက်သွယ်ရေးမရှိ။ မြစ်ကြောင်း တစ်ခုတည်းကိုသာ အားကိုးနေကြရသည့် ဒေသပင်ဖြစ်သည်။ မြစ်မကြီးကို ပိတ်ဆည်လိုက်ပါက သူတို့အတွက် သွားလာရေး၊ ဆက်သွယ်ရေး ပြတ်တောက်သွားမည်။

အခက်အခဲ အမျိုးမျိုးတို့ဖြင့် ကြုံတွေ့လာနိုင်သည့်အတွက် ဒေသခံချင်းတိုင်းရင်းသားများက လုံးဝကန့်ကွက်ကြသည်။

အဆိုပါဒေသခံများ၏ သဘောထားများ၊ လေးမြို့မြစ်၏ပျက်စီးရင်ဆိုင်နေရသော မှတ်တမ်းများကို ရယူခဲ့ပြီး ၂၀၁၁ ခုနှစ် မေလတွင် လေးမြို့စီမံကိန်းနှင့် ပါတ်သက်သော လူထု အသိပညာပေးကန်ပိန်းများ၊ တီရှပ်ကန်ပိန်းများဖြင့် မြောက်ဦး သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ Save the laymro အမည်ဖြင့် ဦးဆောင်ကန့်ကွက်ခဲ့ကြသည်။ ယင်းစီမံကိန်းကို ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၃-၁၄ ခုနှစ်တွင် အောင်မြင်မှုမရှိဟုဆိုကာ ရပ်တန့်လိုက်ကြောင်း သိရသည်။

ယခု အစိုးရသစ်လက်ထက်တွင် မမျှော်လင့်ဘဲ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းသည် စစ်အစိုးရ၏ ဆိုးမွေများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဟု ဆိုနိုင်ပေသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ် လိုအပ်ချက်အတွက် လေးမြို့မြစ် အပြင် မြန်မာပြည်တွင်းရှိ မြစ်ချောင်းများမှ ရေအားလျှပ်စစ် ထုတ်ယူမည်ဆိုသည့် စကားလုံးမှာ ပနာတင့်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများ၌ တည်ဆောက်နေသော ရေအား လျှပ်စစ် စီမံကိန်းများမှာ ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားများသာ ဖြစ်နေသည်ကို တွေ့ရပေသည်။

ပြင်သစ်နိုင်ငံအစိုးရ၏ ထောက်ပံ့ ကူညီမှုဖြင့် ရပ်နားထားခဲ့သော ဤစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုပါက ယခင်အစိုးရ လက်ထက်တွင် ကျင့်သုံးခဲ့သည့် ပုံစံမျိုးမဟုတ်ဘဲ နိုင်ငံတကာ စံချိန်စံနှုန်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

စီမံကိန်း အကောင်အထည်မဖော်မီ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက်များနှင့်လည်း လုပ်ငန်းကိုက်ညီ ရန်လိုအပ်ပေသည်။

သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ချက်များဖြစ်သည့် EIA, SIA, HIA စသည့် သုတေသနပြုမှုများကိုလည်း ကြိုတင်ပြုလုပ် ထားသင့်သည်။ အပြောင်းအလဲတစ်ခုကို ဦးတည်နေသည့် အစိုးရ တစ်ရပ်အနေဖြင့်လည်း ပွင့်လင်းမြင်သာမှုရှိစွာ ရပ်တည်ကာ ဌာနေ တိုင်းရင်းသား လူမျိုးများအခွင့်အရေး ပဋိညာဏ်တွင် ပါရှိသည့် အရေးအကြီးဆုံးဖြစ်သော FPIC ကိုပြုလုပ်ရန် လိုအပ်သည်။

FPIC ပြုလုပ်ရာတွင်လည်း ပွင့်လင်းမြင်သာမှုရှိစွာ ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ပွင့်လင်းမြင်သာသော လုပ်ရပ်တစ်ခု ဖြစ်လာစေရန်အတွက် တာဝန်ယူ ဆောက်လုပ်မည့် ကုမ္ပဏီများ၊ အစိုးရများအပြင် အရပ်ဖက်မှ တတ်သိပညာရှင်များ၊ သင့်လျော်သောဒေသခံ အဖွဲ့အစည်းမျာလည်း ပါဝင်ခွင့်ရရန် လိုအပ်ပါသည်။ ယင်သို့ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း ဆောင်ရွက်ခြင်း မပြုလုပ်ပါက ယင်းစီမံကိန်းမှာ ဒီမိုကရေစီ နည်းလမ်းမကျသည့် စီမံကိန်း မျှသာဖြစ်ပေလိမ့်မည်။ မိမိနိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းများကိုလုပ်ကိုင် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာသော အားလုံးပါဝင်နိုင်သော စီမံကိန်းများဖြစ်ရန် လိုအပ်ပေသည်။


0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top