Saturday, June 18, 2016

ရခိုင်သဘာဝဘေးအန္တရာယ်များအတွက် ကမ္ဘောဇဘဏ်ဖောင်ဒေးရှင်းမှ ကျပ်သိန်း တစ်ထောင် လှူဒါန်း

ဇောင်းခ/RiA ၊ ဇွန် ၁၈ ရက်

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းများအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ကြုံတွေ့လာပါက ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) က ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က ကျပ်သိန်း တစ်ထောင် လှူဒါန်းခဲ့သည်။

အလှူငွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေမှ လက်ခံ ရယူခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချူပ် ဦးညီပု ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် စစ်တွေမြို့မိမြို့များက တက်ရောက်ခဲ့သည်။

"ပြီးခဲ့တဲ့ နှစ်က ရေကြီး၊ ရေလျှံ၊ မြေပြိုမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားချိန်မှာ BFM အနေနဲ့ရော၊ အခြားပရဟိတအဖွဲ့ အလှူရှင်တွေအနေနဲ့ရော ငွေအားလူအား ပင်ပန်းခံပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် တချို့  ဝေးသီခေါင်လံ ဒေသတွေက လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိဖို့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီလို အတွေ့အကြုံတွေကို အခြေခံပြီးမှ BFM ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်နန်းလိုင်းခမ်းရဲ့ စီစဉ် ညွှန်ကြားမှုနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခုလို လှူဒါန်းရခြင်း ဖြစ်ပါတယ်။ "  BFM မှ ဦးစံမြက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လက ၀င်ရောက်တိုက်ခတ်ခဲ့သည့် ကိုမန်မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေ ဧက သိန်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ရသလို မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် တောင်ကုတ်၊ သံတွဲမြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုများနှင့် လူနေအိမ် ရာနှင့်ချီ၍ နစ်မြုပ်ခဲ့သည်။

ပြည်နယ်၏ သဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့၊ ရခိုင်အမျိုးသားပါတီနှင့် ဒေသ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအကူညီပေးရေး အဖွဲ့အစည်းများက ထောက်ပံ့ကူညီမှုများ ရှိနေသော်လည်း သဘာဝဘေးဒဏ်သင့် ဒုက္ခသည်များအတွက် အကူညီများမှာ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြောသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖေါင်ဒေးရှင်း (BFM) ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီး စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

BFM သည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု (နိုင်ငံတော်နှင့် ပြည်သူ တို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံးလူမှုရေးအသင်းအဖွဲ့ဆု)နှင့် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော အင်္ဂလန်နိုင်ငံ Euromoney အဖွဲ့အစည်း၏ လူမှုရေး အကျိုးပြု လုပ်ငန်းဆိုင်ရာ အကောင်းဆုံးဆု (Euromoney Achievement Award for CSR) တို့ကို ရရှိခဲ့သည့် ဖောင်ဒေးရှင်းတစ်ခု ဖြစ်သည်။‎‬

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top