မင်းမျိုးနွယ်/RiA ၊ ဇွန် ၁၂ ရက်
ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ မှ ကျေးရွာ အုပ်ချူပ်ရေးမှူးနှင့် ဒေသခံတစ်ဦးကို ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီက နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
AA တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် နွားရုံတောင်ကျေးရွာအနီးတွင် တပ်စွဲချထားပြီး နယ်မြေ ရှင်းလင်းမှုများကို ပြုလုပ်လျှက် ရှိသည်။
“ဘုန်းကြီးကျောင်းမှာ စခန်းချထားတဲ့ နယ်ခြားစောင့်တပ်ကနေ ရွာသားတွေကို ၁၁ ရက်နေ့ က ခေါ်ပြီးတော့ စစ်ဆေးပါတယ်။ ရွာမှာ အေအေဘက်က လူတွေရောက်နေတယ်။ ဖော်ထုတ်ပေးဖို့ သူတို့ကို အပ်နှံဖို့အတွက် ပြောပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ အဆက်အသွယ်မရှိပါဘူး။ ပြီးတော့ ကျေးရွာနားမှာလည်း ပစ်ခတ်မှုတွေရှိနေပါတယ်။ ရွာသားတွေကိုလည်း ညခြောက်နာရီ အပြင်ကို မထွက်ရဆိုပြီး အမိန့်ထုတ်ထားတဲ့အတွက် သွားရေးလာရေး အခက်အခဲတွေ ရှိနေတယ်။ ကြောက်လန့်နေကြပါတယ်။”ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့မှာ ၎င်းတို့ စခန်းအား ဇွန်လ ၉ ရက်နေ့က အေအေဘက်မှ ဝင်ရောက်တိုက်ခတ်မှုများဖြစ်ပွားခဲ့သည့် အတွက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဒါဏ်ရာရရှိသွားပြီး စခန်းအား နွားရုံတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့တပ်စွဲထားခြင်းဖြစ်သည်။
“နယ်ခြားစောင့်ရဲတွေက ဘုန်းကြီးကျောင်းထဲမှာ စခန်းချထားပါတယ်။
ဒီမှာ ချက်ပြုတ် စားသောက်ပြီးနေကြတာပါ။ မနေ့က ညနေ ၅ နာရီလောက်မှာ ရွာထဲကို ဝင်လာပြီးတော့ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ယောက်ကို ခေါ်သွားပါတယ်။ မေးမြန်းဖို့ ရှိတဲ့အတွက် ခေါ်သွားတာလို့ သိရပါတယ်။ အခုထိ ရွာကိုပြန်မလာရသေးပါဘူး။ အုပ်ချုပ်ရေးမှူး နာမည်ကတော့ ဦးအောင်သိန်းလှပါ။ နောက်တစ်ယာက်ကတော့ ဦးမောင်သိန်းကျော်ဖြစ်ပါတယ်။ ရွာမှာ အခြေအနေကတော့ နေ့ဘက်ဆိုရင်သိပ်ထူးထူးခြားမရှိပေမယ့် ညကျရင် သူတို့ပစ်ခတ်နေတဲ့ အသံတွေကြောင့် ရွာသားတွေကမအိပ်ရဲကြဘူး။ သူတို့ပစ်ခတ်တဲ့ ကျည်တွေကလည်း အိမ်တွေထိလာမှန်တာတွေလည်း ရှိနေပါတယ်။” နွားရုံတောင် ကျေးရွာသူ တစ်ဦးက ပြောသည်။
လတ်တလော အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ကျနော်တို့ ဘာမှ မသိသေးပါဘူး။ " ဟု မျှသာ ဖုန်းလက်ခံ ဖြေဆိုခဲ့သည်။
နွားရုံတောင်ကျေးရွာမှာ မကြာသေးမီက ဘူးသီးတောင်မြို့နယ်အတွင်း အေအေတပ်နှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် သြရမတောင်တန်းနှင့် အနီးတွင်တည်ရှိသည့် ကျေးရွာတစ်ဖြစ်ကာ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်အတွက် ယခုမိုးတွင်းကာလ လယ်ထွန်ချိန်တွင် ထွန်တုန်း မချနိုင်ဘဲ တောင်သူများမှာ အခက်အခဲနှင့် ရင်ဆိုင်ကြရကြောင်းလည်း သိရသည်။

0 comments:
Post a Comment