စစ်တွေ၊ စက်တင်ဘာ ၁၀ ရက်။ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ခအုန်းမော်ရွာမကျေးရွာ ပင်လယ်ကမ်းစပ်တွင် စက်တင်ဘာလ ၉ ရက် နံနက် ၆ နာရီက ဝေလငါးမျိုးနွယ်စုဖြစ်သည့် အနက်ရောင် ငါးကြီးတစ်ကောင် သောင်တင်ခဲ့ကြောင်း သတင်းရရှိသည်။
ငါးကြီးသည် အလျား ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၂ လက်မ၊ ဘေးယပ်(တောင်ပံ) ၃ ပေ၊ အမြီး ၃ ပေ ၄ လက်မ၊ ဦးခေါင်း ၅ ပေနှင့် အလေးချိန် ၂ တန်ခန့် ရှိပြီး မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနာက ငါးကြီး ကူးခတ်နိုင်သည့် ပင်လယ်ပြင်အထိ ပြန်လည် ပို့လွှတ်ခဲ့ကြောင်း ကျောက်ဖြူခရိုင် ငါးလုပ်ငန်း ဦးစီဌာန ဦးထွန်းတင်က ဆိုသည်။
“ကျွန်တော်တို့ သတင်းရတာနဲ့ ဒေသခံလူထုနဲ့ပါ ပူးပေါင်းဆောင်ရွက်ကြတာပါ။ မနေ့က ညနေ သုံးနာရီလောက်မှာ ပင်လယ်ပြင်ထဲကို လွှတ်လိုက်ကြပါတယ်၊ မြန်မာနိုင်ငံငါးလုပ်ငန်း သမိုင်းမှာတော့ ဝေလငါးကြီး တစ်ကောင်ကို ဒီလို အရှင်လွှတ်နိုင်တာဟာ ပထမဆုံးပါပဲ“
အဆိုပါ ဝေလငါးကြီးများ သောင်တင်ရခြင်းသည် သံလိုက် လှိုင်းများကြောင်း ဖြစ်ပေါ်နိုင်သော်လည်း ထိုသို့ ဖြစ်ပေါ်လျှင် ငါးကြီးများ မှာသေဆုံးပြီး အသက်ကို မကယ်နိုင်ဟု ဦးထွန်းတင်က ဆိုသည်။
“ ကျွန်တော် အတွေ့အကြုံအရ ပြောရရင် ဒီငါးဟာ အစာနောက်ကို လိုက်ပြီးတော့ လမ်းမှားရောက်လာတာပါ၊ သံလိုက်လှိုင်းတွေကြောင်း မဟုတ်ပါဘူး။ သံလိုက်လိုင်းတွေ မဖြစ်ပေါ်ရအောင်လည်း ကျွန်တော်တို့က စောင့်ကြည့်မှုတွေ ရှိပါတယ်၊ ရေနံရှာဖွေရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့၊ သံလိုက်စက်ကွင်းတွေ မဖြစ်ပေါ်ရအောင်လည်း ပူစီဖောင်းတွေဖောက်ပြီး သံလိုက်ဓါတ်လျော့ချတာ မျိုးတွေ ရှိပါတယ်“

ရခိုင်ပြည်နယ်တွင် ဝေလငါးများ သောင်တင်ခြင်း မကြာခဏဖြစ်ပွားတက်ပြီး ဇန်နဝါရီလ ၁၁ ရက်က ဂွမြို့နယ်၊ လောင်းကျိုးကျေးရွာတွင် အလျား ၃၃ ပေရှိ ငါးသေတစ်ကောင်နှင့် ယင်းလ ၂၅ ရက်နေ့တွင် မာန်အောင်မြို့နယ် မျှော်တော်ဦး ကျေးရွာကမ်းခြေတွင် အရှည် ၂၈ ပေရှိ ငါးကြီးတစ်ကောင် သောင်တင်ခဲ့ဖူးကြောင်း ကျောက်ဖြူ ငါးလုပ်ငန်း ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။
----
သတင်းဓာတ်ပုံ - ရခိုင်ပင်လယ်ကမ်းစပ်သို့ သောင်တင်လာသည့် ဝေလငါးကြီး (ဓာတ်ပုံ - ဦးထွန်းတင့်/ကျောက်ဖြူငါးလုပ်ငန်းဦးစီးဌာန)
0 comments:
Post a Comment