Wednesday, May 11, 2016

အပစ်ရပ် ရခိုင်လက်နက်ကိုင် ခေါင်းဆောင်များကြား သဘောထားတင်းမာနေ


မင်းမျိုးနွယ်/RiA ၊ မေ ၁၁ ရက်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျှက် ရှိသည့် တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ အတင်းအဓမ္မစေခိုင်းမှုများရှိနေကြောင်း ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်နှင့် ပတ်သက်၍ အပစ်ရပ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ALP/ALA ၏ ထိပ်သီးခေါင်းဆောင်များကြား သဘောထား တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


“ကျွန်တော်တို့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ ပြည်တွင်းထဲကို ရောက်နေတဲ့ ဗဟိုကော်မတီဝင်တစ်ချို့နဲ့ စစ်ဖက်ဆိုင်ရာက အရာရှိ အဆင့်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီကြေညာချက်မှာလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုဌာနချုပ်ဆိုတဲ့ တံဆိပ်တုံးရိုက်ပြီးတော့ ပါပါတယ်။ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် သဘောတူထားခဲ့တာပါ။ ၉ ရက်နေ့မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့တဲ့အခါမှာ အခုလိုမျိုး ပြောခဲ့တာဟာ ပါတီနဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ရဲ့ ဖွဲ့စည်းပုံနဲ့ စည်းကမ်းတွေကို ဆန့်ကျင်သလိုဖြစ်နေတယ်။ နောက်ပြီးတော့ ကျွန်တော် တစ်ယောက်တည်း ထုတ်ထားသလို ပြောသွားခဲ့တယ်။ ဒါဟာ ဒေါ်မြရာဇာလင်းရဲ့အမှားပဲဖြစ်ပါတယ်။” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေး ဒုဥက္ကဌ ဦးခိုင်မျိုးထွန်းက ပြောသည်။

သဘောထားကွဲလွဲမှုများဖြစ်ပွားသော အဓိကအကြောင်းရင်းမှာ "ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ ပြန်ကြားရေအဖွဲ့မှ ထုတ်ပြန်လိုက်သည့် ကြေညာချက်မှာ ပါတီနှင့် သက်ဆိုင်မှုမရှိကြောင်း ပြန်ကြားရေးအဖွဲ့၏ သဘောထားသာဖြစ်ကြောင်း" ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် မေလ ၉ ရက်နေ့က တွေ့ဆုံစဉ်တွင် ပါတီ ထိပ်သီး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောကြားခဲ့သည်ဟူသော ဦးခိုင်မျိုးထွန်း၏ ပြောကြားချက်ကို ကိုးကား၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ALP တပ်ဖွဲ့ဝင်များနှင့် ရခိုင်လူထုအများစုကြား ဝေဖန်ပြောကြားမှုများ ရှိနေသည်။

ဦးခိုင်မျိုးထွန်း၏ တုန့်ပြန်ချက်များနှင့် ပတ်သက်၍ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ် မေးမြန်းခဲ့ရာတွင် “အဲဒီကိစ္စအတွက်ကို ဦးခိုင်မျိုးထွန်းကိုပဲ မေးလိုက်ပါ။ သူ့နဲ့ပါတ်သက်ပြီးတော့ ကျွန်မအနေနဲ့ မပြောချင်ဘူး။” ဖြေကြားခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဦးခိုင်မျိုးထွန်းကို တပ်မတော်အား မဟုတ်မမှန်စွပ်စွဲမှု၊ နိုင်ငံတော်ကို အသရေဖျက်မှုများနှင့် မေလ ၆ ရက်နေ့က ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားလိုပြုလုပ်ကာ စစ်တွေမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဓာတ်ပုံ - ALP/ALA ခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံစဉ် (CJ)

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top