Monday, May 2, 2016

ရခိုင်နယ်စပ်ကုန်သွယ်ရေးဇုန် မေလ မကုန်မီ စတင်မည်

ဇောင်းခ/RiA ၊ မေ ၂ ရက်

ရခိုင်နယ်စပ်မှတဆင့် အိမ်နီးချင်း နိုင်ငံများသို့ စီးပွားကူးသန်းမှု ပိုမို ဆောင်ရွက်နိုင်ရန် မောင်တောမြို့နယ် ကညာင်ချောင်းတွင် တည်ဆောက်နေသည့် ကုန်သွယ်ရေးဇုန်မှာ ရာခိုင်နှုန်းအားဖြင့် ၉၀ ကျော်ထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ ယခု မေလအတွင်း စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။


"လုပ်ပြီးစီးမှုကတော့ ၉၀ ရာခိုင်နှုန်းကျော်ပါပြီ။ လောလောဆယ်မှာ ဒေသခံ လုပ်ငန်းရှင် ၂၀ ဦးလောက် လာရောက် ရင်းနှီးမြုပ်နှံထားပြီးဖြစ်တာမို့ ဒေသခံတွေကို ထပ်ပြီး လက်ခံတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံတ၀န်းလုံးက အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လက်ခံသွားမှာပါ။ မေလမကုန်ခင် အသုံးပြုနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။"  ဟု မောင်တောနယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောသည်။

ယခု ကုန်သွယ်ရေးဇုန် စတင်လည်ပတ်လာပါက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ကုန်သွယ်မှုလမ်းကြောင်း ပိုမို တိုးမြင့်ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာ ပိုမို ဖွံ့ဖြိုးလာမည်စသည့် ရည်ရွယ်ချက်များဖြင့် ယခင် ၀န်ကြီးချူပ် (ဟောင်း) ဦးမြအောင် လက်ထက်တွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


မောင်တောမြို့နယ်ရှိ ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံ ပုဂ္ဂလိက စီးပွားလုပ်ငန်းရှင်များတို့က စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေဧက ၄၉ ဒဿမ ၆၇ ဧကတွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲခန့် ကုန်ကျ ရင်းနှီးမြုပ်နှံခဲ့ကြောင်း သိရသည်။

ရခိုင်နယ်စပ်တွင် ယခင်က အသုံးပြုနေခဲ့သော ရွှေဇားချောင်းဆိပ်ကမ်းမှာ တိမ်ကောလာသောကြောင့် ကုန်တင်မော်တော်ဘုတ်များ ဆိပ်ကပ်ရန် ဒီရေအတက်ကို စောင့်ဆိုင်းရသည့်အပြင် နေရာကျယ်ဝန်းခြင်း မရှိသောကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသောကြောင့် ကညင်ချောင်းသို့ ပြောင်းရွေ့တည်ဆောက်နိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကညင်ချောင်း ကုန်သွယ်ရေးဇုန်မှာ လက်ရှိအားဖြင့် ရေထွက်ပစ္စည်းများကို အများဆုံး ကုန်သွယ်မှုပြုလုပ်နေပြီး ထပ်မံ၍ ဟိုတယ်၊ ဈေးဆိုင်ခန်းလုပ်ငန်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top