ဇောင်းခ/RiA ၊ မေ ၂ ရက်
ဒေသခံပြည်သူများကို လမ်းပြနှင့် အထမ်းသမားများအဖြစ် အဓမ္မစေခိုင်းနေမှု၊
ညှင်းပန်းနှိပ်စက်မှုများမှာ ရခိုင်စစ်ပွဲအတွင်း ရှိခဲ့ကြောင်း သက်သေ အထောက်အထားများကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနသို့ ပေးပို့တင်ပြထားပြီ ဖြစ်ကြောင်း သိရသည်။

" ပေါ်တာဆွဲခဲ့တာတွေ၊ ရိုက်နှက်တာတွေပေါ့။ ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်တွေ၊ တကယ် နှိပ်စက်ခံခဲ့ရတဲ့သူ ၂၀ လောက်ကို ကျနော်တို့ အင်တာဗျူးထားတဲ့ သက်သေတွေရှိပါတယ်။ ဒါကို ကျနော်တို့ ပေးပို့ခဲ့တာပါ။" ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
ဒုဥက္ကဌ ခိုင်မျိုးထွန်းက ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ဧပြီ ၂၄ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အတွင်း မြန်မာ့တပ်မတော်မှ ဥပဒေမဲ့ ကျူးလွန်မှုများ ရှိခဲ့ကြောင်း ထည့်သွင်း
ဖော်ပြခဲ့သည်။
ဧပြီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အထောက်အထားမဲ့ ထုတ်ပြန်ခြင်းဖြစ်လျှင် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် သက်သေခိုင်လုံပါက မိမိတို့ကို တင်ပြရန်၊ အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု စီစစ်တွေ့ရှိပါက ကျူးလွန်ခဲ့သော တပ်မတော်သားမည်သူကိုမဆို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက သတိပေးပြောကြားခဲ့သည်။
မေ ၁ ရက်နေ့တွင် ALP/ALA မှ ယခုလို သက်သေအထောက်အထားများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ALP/ALA ပြန်ကြားရေးတာဝန်ခံ ခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။
"သူတို့က သက်သေရှိရင် အရေးယူပေးမယ်လို့ ပြောတယ်။ ကျနော်တို့ သက်သေတွေ ပေးပို့ထားပြီးပြီ။ ဆက်လက် စောင့်ကြည့်နေတယ် သူတို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာ။ အချိန်အတိုင်းအတာ တစ်ခုထိပေါ့။ တုံ့ပြန်မှုမရှိဘူးဆိုရင် ကျနော်တို့မှာ သူတို့ကို ပေးပို့ခြင်းတွေထဲမှာ ချန်ထားခဲ့တဲ့ နောက်ထပ် သက်သေတွေအများကြီး ရှိသေးတယ်။ အားလုံး မပို့ဘူးဆိုတာက ပထမဆုံး သူတို့ရဲ့
ဥပဒေကို လိုက်နာမှုကို သိချင်လို့ပဲ။ အဲဒါတွေကို မတုံ့ပြန်ခဲ့ဘူးဆိုရင် ပြည်သူလူထုတရပ်လုံးကို ရှင်းလင်းတဲ့အဆင့် ကျနော်တို့သွားမှာပါ"
ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA နှင့် အတူ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုနိုင်ခဲ့သည်။
သို့ရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းခြင်းနှင့်
နိုင်ငံရေးမူဘောင်ရေးဆွဲရေး ကော်မတီ (Joint Monitoring Committee) တို့ ပူးတွဲ ဖွဲ့စည်းခဲ့ရာတွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှာ ချန်လှန်ခံခဲ့ရကြောင်း ဒုဥက္ကဌ ခိုင်မျိုးထွန်းက ပြောသည်။
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း ALP/ALA ၏ စည်းရုံးဟောပြောမှု၊ လှုပ်ရှားမှုများကို ဒေသ အာဏာပိုင်များက ကန့်သတ်မှုများ ရှိနေခြင်း၊ ယူနီဖောင်းဝတ်ဆင် သွားလာခြင်းများကို တားမြစ်မှုများ ရှိနေခြင်းတို့ကြောင့် ALP/ALA နှင့် ရခိုင်ပြည်နယ် ဒေသအာဏာပိုင်များကြား အနည်းငယ် တင်းမာမှုများရှိနေခဲ့ပြီး ယခုတဖန် ALP/ALA ၏ မြန်မာ့တပ်မတော်မှ ဥပဒေမဲ့ ကျူးလွန်မှု အထောက်အထားများရှိနေကြောင်း ကြေညာချက်များကြောင့် နှစ်ဘက်ဆက်ဆံရေးမှာ ငြိမ်းချမ်းရေး ပျက်ပြားနိုင်သည့် အနေအထားတွင် ရှိကြောင်းလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြောသည်။
" JMC ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရှစ်ဖွဲ့မှာ ကျနော်တို့ကို ချန်လှပ်ခဲ့တယ်။ ပြည်နယ်အဆင့်မှာလည်း ထည့်မထားတော့ ဒါဟာ ကျနော်တို့ကို စစ်ပြုလိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။
သူတို့ဘက်က စတိုက်တာတော့ ကျနော်တို့ မခံပါဘူး။ ကျနော်တို့ဘက်ကလည်း ဒီနေ့စတိုက်မယ်၊ မနက်ဖြန် စတိုက်မယ်ဆိုတာ အာမခံချက်မပေးနိုင်ပါဘူး" ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေး တာဝန်ခံ ခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၆ ဧပြီလတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ယင်းအပြင် ကရင်ပြည်နယ်အခြေစိုက် DKBA မှ ဗိုလ်မှူး စောဆန်းအောင် ဦးဆောင်သော ရက္ခိုင့်တပ်မတော်၏ စစ်ကူများလည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပြင် ယခုတဖန် ALP/ALA နှင့် ဒေသအာဏာပိုင်များကြား
ဆက်ဆံရေး တင်းမာလာမှုများကြောင့် ရခိုင်ပြည်တွင်းစစ် ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း ရခိုင့်နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
RiA မှ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသို့ ယခုကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုခဲ့ပါသော်လည်း လက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

0 comments:
Post a Comment