Thursday, May 19, 2016

တရုတ်ယဉ်ကျေးမှုတော်လှန်ရေး မျိုးဆက်တခုရဲ့ ဇာတ်လမ်းတပုဒ်


လင်းကျော်အောင် ၊ မေ ၁၉ ရက်
 
ကျွန်မ ဦးလေးဟာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး ကာလက တပ်နီတော် အဖွဲ့ဝင်တဦးပါ။ အဲဒီအပေါ်မှာ သူ ၀မ်းမနည်းပါဘူး။


လီချိုင်းဆိုတာ ကျွန်မဦးလေးကို ချစ်စနိုး ခေါ်တဲ့ နာမည်ပါ။ သူ ဟာ တရုတ်ပြည် အရှေ့မြောက်ဘက် အကြီးမားဆုံး မြို့တမြို့ ဖြစ်တဲ့ တန်ဂျင်းရဲ့ ဆင်ခြင်ဖုံးမှာ သူ့ဘ၀ တလျှောက်လုံး နေထိုင်ခဲ့ပါတယ်။ သူဟာ လယ်သမားတဦးပါ။ ကျွန်မ အမေရဲ့ အကို တဦးဖြစ်တဲ့ ဦးလေး လီချိုင်းအကြောင်းကို ပြောကြရင် “လီချိုင်းဟာ လူကောင်း၊ ရိုးသားတဲ့သူ၊ စိတ်ကောင်း ရှိတဲ့သူ” ဆိုပြီးတော့ အမြဲတမ်း ကြားရပါတယ်။ ကျွန်မ ငယ်ငယ်တုန်းကဆို ဦးလေး အလည်လာတယ် ဆိုတဲ့ အသံကြားရင် ကျွန်မဟာ အိမ်ကနေ ကပျာကယာ ပြေး၊ သူ ပုခုံးပေါ်တက်၊ သူ့ နားရွက် နှစ်ဖက်ကို ဆွဲပြီးတော့ ကြိုတတ်ပါတယ်။
 
ကျွန်မ ဦးလေး အကြောင်းကို စဉ်းစားမိရင် သူဟာ ယဉ်ကျေးမှုတော်လှန်ရေး ကာလမှာ တပ်နီတော်တပ်သား တဦး ဖြစ်ခဲ့တယ်ဆို့တဲ့ အချက်က ကျွန်မ စိတ်တွေကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားစေပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာ (၁၉၆၆) ခုနှစ်ကနေ (၁၉၇၆) ခုနှစ်အထိ ဆယ်နှစ်ကြာကြာ တရုတ်လူမျိုးတွေရဲ့ ဘ၀ကို ဗြောင်းဆန် နာကျင်အောင် ခံစားစေခဲ့တဲ့၊ သွားလေသူ ခေါင်းဆောင်ကြီး မော်စီတုန်း ဦးဆောင် ဖန်တီးခဲ့တဲ့ လှုပ်ရှားမှုတခုပါ။ ကျွန်မ စိတ်အနှောင့်အယှက် အဖြစ်ဆုံးတခုက သနားကြင်နာတတ်တယ်၊ ရိုးသားပါတယ် ဆိုတဲ့ ကျွန်မ ဦးလေးဟာ အဲဒီအချိန်တုန်းက သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ခုအချိန်ထိ ဘာဆိုဘာမှ နောင်တ မရတာပါပဲ။ ခုအချိန်မှာ တရုတ်ပြည်မှာရော၊ တရုတ်ပြည် ပြင်ပမှာပါ ယဉ်ကျေးမှုတော်လှန်ရေးဟာ ကြီးမားတဲ့ သမိုင်းအမည်းစက် တခု ဆိုတာ လက်ခံလာကြပါပြီ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ပြီး ပါတီသမိုင်းကြောင်း ပြဿနာတွေနှင့် ပတ်သက်တဲ့ ဆုံးဖြတ်ချက် တခုကို (၁၉၈၁) ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ယဉ်ကျေးမှုတော်လှန်ရေးနှင့် ပတ်သက်လို့ “အမှား” ဆိုတဲ့ စကားလုံး တလုံးသာ ပါဝင်ခဲ့ပါတယ်။ ဒါဟာ ပါတီက တိတ်တိတ်ပုန်း တောင်းပန်တဲ့ တခုတည်းသော အရာပါပဲ။ မော် ရဲ့ ရူးရူးမိုက်မိုက် စိတ်ကူးယဉ်မှုအိမ်မက် ကို အာဏာသုံး အကောင်အထည် ဖော်ပေးခဲ့ကြတဲ့ တချိန်က တပ်နီတော် တပ်သားတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အများရှေ့မှာ တောင်းပန်တာတွေ၊ တဦးချင်းအလိုက် သက်ဆိုင်သူတွေကို ၀န်ချ တောင်းပန်တာတွေ အများကြီး တွေ့လာပါရတယ်။
 
ခုရေးမယ့် ဆောင်းပါးအတွက် ကျွန်မဟာ ဦးလေးရဲ့ တပ်နီတော် တပ်သားတဦး ဘ၀အတွေ့အကြုံကို သိရှိဖို့ နှစ်ကြိမ်တိုင်တိုင် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ပထမတခါက (၂၀၁၅) ဧပြီလမှာ။ ဒုတိယတခါက (၂၀၁၅) နိုဝင်ဘာလမှာပါ။ တခြား မိသားစုဝင်တွေကိုလဲ ဦးလေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမှတ်တရတွေ၊ ယဉ်ကျေးမှုတော်လှန်ရေးက ဦးလေးကို ဘယ်လို၊ ဘယ်နည်း ပုံသွင်းလိုက်တယ် ဆိုတာတွေကို သိခွင့်ရဖို့ မေးကြည့်ဖူးပါတယ်။
 
ဦးလေး လီချိုင်းဇာတ်ကြောင်းကတော့ (၁၉၆၆) ခုနှစ် မေလနဲ့ စဖွင့်ပါတယ်။ အဲဒီတုန်းက သူဟာ အသက် (၁၈) နှစ်သာသာ ပဲ ရှိပါသေးတယ်။ ရွာမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်ကနေ “အရင်းရှင်လူတန်းစား ကိုယ်စားလှယ်တွေဟာ ငါတို့ပါတီ၊ ငါတို့ အစိုးရ၊ ငါတို့ တပ်မတော်နဲ့ ငါတို့ ယဉ်ကျေးမှု ဌာနတွေမှာ အမြစ်တွယ်နေကြပြီ။ သူတို့တွေဟာ တန်ပြန်တော်လှန်ရေး၊ လက်ယာသွေဖယ်ရေး အုပ်စုတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံတော်အာဏာကို သိမ်းဖို့ အချိန်ကောင်းကို စောင့်နေကြတယ်” ဆိုတဲ့ ကြေညာချက်ကို ဦးလေး ကြားခဲ့ရပါတယ်။
 
အဲလို ကြေညာပြီး တညဥ့် မကူးခဲ့ပါဘူး။ ဗုံသံဆိုင်းသံ တညံ့ညံ့တီးကာ “မြေပိုင်ရှင်တွေ ကျဆုံးပါစေ၊ အယုတ်တမာကောင်တွေ ကျဆုံးပါစေ” လို့ ကြွေးကြော် ချီတက်လာတာကို ကြားခဲ့ပါတယ်။ အဲဒီတုန်းက ဦးလေးအဖေ (ကျွန်မ အဘိုး) ကတော့ သူ့ကလေးတွေကို ဖယောင်းတိုင်မီး အောက်မှာ အရိပ်ပြဇာတ်လမ်းလေး ကပြနေတဲ့ အချိန်ပေါ့။
 
“ဒါ ဘာလဲ” လို့ ကလေးတွေက မေးကြတဲ့ အခါ ဦးလေး အဖေက “တပ်နီတော်တွေလေ” လို့ ဖြေပါတယ်။

အဲလို ကြားရမြင်ရပြီး သိပ်မကြာမှီမှာပဲ ရွာက လူငယ်အားလုံးဟာ တပ်နီတော် တပ်သားတွေ ဖြစ်လာကြပါတယ်။  သူလဲ ဘာကြောင့် ဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘဲ တပ်နီတော် တပ်သားတဦး ဖြစ်လာခဲ့ပါတယ်။ “ရေစီး တခုက တွန်းပို့လိုက်သလိုပဲ” လို့ ဦးလေးက ဆိုပါတယ်။ သူ ဆက်ပြောတာက ဒီအခြေအနေကို ရောက်ဖို့ အစောပိုင်း ဆွဲအားတခု ရှိနေခဲ့တယ်။ အဲဒါက ရွာရဲ့ ကုန်ထုတ်လုပ်ရေး အဖွဲ့ဟာ လုပ်စရာ အလုပ် မရှိတော့ဘူး၊ သူလည်း နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေမှာပဲ အချိန်တွေ ကုန်လွန်ခဲ့ရတယ်။ ကလေးတွေဆိုရင်လျှင် ကျောင်းတက်စရာ မလိုတော့ဘူး။
 
တနေ့မှာတော့ တပ်နီတော်တွေဟာ အထက်က အမိန့်တခုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ “ဟောင်း (၄) ဟောင်း” ကို ရှင်းလင်း သန့်စင်ရေးပဲ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အဟောင်း၊ ယဉ်ကျေးမှု အဟောင်း၊ အမူအကျင့် အဟောင်း၊ အတွေးအခေါ် အဟောင်း တွေကို ဖြိုဖျက်ရေးပါ။ ပထမအဆင့် အနေနှင့် အိမ်တွေကို မွေနှောက်ရှာဖွေမယ်။ ဟောင်း (၄) ဟောင်းနဲ့ အကျုံးဝင်တဲ့ ပစ္စည်းတွေကို ရှာဖွေ၊ သိမ်းယူမယ်၊ အဲဒီပစ္စည်းတွေဟာ ရှေးဟောင်း ပန်းချီကားချပ်တွေ လည်း ဖြစ်နိုင်သလို၊ ရှေးဟောင်း စားပွဲခုံတွေလည်း ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။

ပထမဆုံး ပစ်မှတ်တွေထဲက တခုကတော့ ဦးလေး လီချိုင်းရဲ့ အဘိုးအိမ်ပါပဲ။ ကျွန်မရဲ့ အဘေးပေါ့။ ဦးလေး အဘိုးဟာ တပ်နီတော်တွေ ရက်ရက်စက်စက် နှိပ်စက်မှာ စိုးကြောက်တဲ့ အတွက်၊ လူငယ်တွေ ရှာဖွေရင်လဲ တွေ့မှာ သေချာတဲ့ သူ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ ပန်းချီကားတွေကို ထုတ်ပေးပါတယ်။ အဲဒီလူငယ်တွေထဲမှာ သူ့ မြေးလေး ဦးလေး လီချိုင်းလဲ ပါဝင် နေပါတယ်။ တပ်နီအဖွဲ့ဝင်တွေဟာ စာအုပ်တွေ၊ ပန်းချီကားတွေကို စုပုံပြီး မီးတင်ရှို့ကြပါတယ်။ သူလည်း နောက်ထပ် အပြစ်ပေးမခံရလေအောင်၊ တပ်နီတော်ရဲ့ လုပ်ရပ်ကို ကြည်ကြည်ဖြူဖြူ လက်ခံ သဘောတူလို့လဲ ယူဆကြအောင် သူ့ စာအုပ်၊ ပန်းချီကားတွေကို ရှို့နေတဲ့ မီးနဲ့ပဲ တပ်နီတော်တွေ ရှေ့မှာ ရေနွေးတည်ခဲ့ ပါတယ်။
 
ဦးလေးဟာ တပ်နီတော်တပ်ဖွဲ့တွေနဲ့ အတူ ရွာ အနောက်ဘက်စွန်းမှာ ရှိတဲ့ ဘိုးဘေးဘီဘင်တွေ အိပ်စက် လှဲလျောင်းရာ အုတ်ဂူတွေ ဆီ လိုက်သွားခဲ့တယ်။ လူငယ် အတော်များများဟာ အုတ်ဂူတွေကို တူးဖော်ကြတယ်၊ ခေါင်းတလားတွေကို ရိုက်ချိုးကြတယ်၊ ဂူထဲက လက်ဝတ်ရတနာတွေကို လုယူကြပါတယ်။ အရိုးတွေကိုတော့ ဒီအတိုင်း မြက်ခြောက်ပေါ်မှာ ဒီတစ ဟိုတစ စွန့်ကြဲ ကျန်ထားခဲ့ကြတယ်။ ကျွန်မတို့ မိသားစုရဲ့ အုတ်ဂူတွေဟာလည်း ချမ်းသားခွင့် မရခဲ့ပါဘူး။
 
ဒါပေမယ့် ဦးလီချိုင်းဟာ ဒီအပေါ်မှာ ဘာတခုမျှ မခံစားရပါဘူး။ သူ ကျွန်မကို ပြောတာက သူဟာ တပ်သားတွေနဲ့ အတူ သင်္ချိုင်းဂူတွေဆီ အကြိမ်ပေါင်းများစွာ ရောက်ဖူးကြောင်း၊ ဒါပေမယ့် သူ ဘာတခုမှ မယူခဲ့ဘူးလို့ အခိုင်အမာ ပြောပါတယ်။ “ခေါင်းဆောင်တွေပဲ” လို့ဆိုပါတယ်။ ရွှေနား ကပ်၊ ရွှေဘယက်တွေကို ယူပြီး သူတို့ ဘာလုပ်ကြတယ်ဆိုတာ မသိပေမယ့် လက်ဝတ်လက်စားတွေ ယူသွားကြတာက ခေါင်းဆောင် လုပ်တဲ့သူတွေပဲလို့ ဆိုပါတယ်။ သူတို့ အုတ်ဂူတွေဖျက်ဆီးတာ လုံးဝ မမှားဘူး၊ ဒီသင်္ချိုင်းမြေတွေကို သီးနှံတွေ စိုက်လို့ရတဲ့ မြေလုပ်ဖို့  ရည်ရွယ်ချက်ရှိတာကြောင့် လို့ ဆိုပါတယ်။
 
တချိန်က ရွာမှာ ပြည်သူ့မေတ္တာခံယူတဲ့၊ အနုပညာလက်ရာတခု ဖြစ်တဲ့ ပီကင်းပြဇာတ်ကိုလဲ တပ်နီတော်တွေဟာ  ပိတ်ပစ်လိုက်ပါတယ်။ တနေ့ ဦးလေး လီချိုင်းနှင့် သူ့နောက်လိုက်တွေဟာ ရွာဘုရားကျောင်းက တချို့တ၀က်ကို ဖြိုဖျက်ပြီး ရွာက ပြဇာတ်စင်၊ ပြဇာတ်အ၀တ် တွေကို မီးရှို့ကြပါတယ်။ အဲလို အခိုက်အတန့်မှာ သူ့အဖေဟာ ပီကင်း ပြဇာတ်ကို ဘယ်လောက်ကြိုက်တယ်၊ သူငယ်ငယ်တုန်းက သူ့အဖေဟာ သူ့ကို စင်ပေါ်ခေါ်တင်ပြီး တချို့ ဇာတ်ကွက်တိုလေးတွေမှာ ပါဝင် သရုပ်ဆောင်ခိုင်းဖို့ စာကြောင်းတိုလေးတွေ ရွက်ခိုင်းတာတွေကို ပြန်မြင်ယောင်မိ၊ တွေးမိတယ်လို့ ဆိုပါတယ်။
 
ရွာက ပီကင်းပြဇာတ်မှာ တချိန်က အမြဲလိုလို ဇာတ်လိုက်လုပ်ခဲ့တဲ့ ကျွန်မ အဘိုးဟာ သူ့ဘ၀မှာ မြတ်နိုး တွယ်တာခဲ့ရတဲ့ အရာတွေကို သူ့သားကိုယ်တိုင် မီးတင်ရှို့တာကို ဘယ်လို ခံစားရမလဲဆိုတာ ကျွန်မ မေးခွင့် မကြုံလိုက်ရပါဘူး။ အဘိုးရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ရေဒီယိုလေး ကိုင်ပြီး နာမည်ကြီး ပြဇာတ်သရုပ်ဆောင် မီလန်ဖန်ရဲ့ သီချင်းတွေကို နားထောင်ပြီး ကုန်လွန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအဘိုးဟာ ဂန္တ၀င်ပြဇာတ်တွေကို ပိတ်ပင်ထားတဲ့အချိန်၊ ခေတ်သစ် ပြဇာတ် (၈) ပုဒ်သာ ခွင့်ပြုပေးထားတဲ့ နှစ်တွေမှာ ပီကင်းပြဇာတ်ကို လုံးဝ မညီးဆိုခဲ့တာကိုတော့ ကျွန်မ သိပါတယ်။
 
နေမြင့်လေ အရူးရင့်လေ ဆိုသလို၊ အချိန်တွေ ကြာလာတာနဲ့အမျှ တပ်နီတော်တွေဟာ ရုပ်ဝတ္တုတွေကို တိုက်ခိုက်ဖြိုဖျက်လို့ မကျေနပ်နိုင်တော့ဘဲ၊ လူတွေကို တိုက်ခိုက်ဖို့ လှည့်လာခဲ့ပါတယ်။ ဒီလို လှည့်လာတဲ့အပေါ် ဦးလေးက သူ အဲဒါကို သိတယ်၊ ဒါပေမယ့် သူ ရပ်ခိုင်းလို့ မရဘူး၊ သူကိုယ်တိုင်လဲ မရပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
 
တပ်နီတော်၊ ပြည်သူစစ်တွေရဲ့ ကြွေးကြော်သံတွေ အော်သံကြားရင် ကလေးတွေဟာ အပြေးအလွှားနှင့် ဘာဖြစ်တာလဲ ဆိုပြီး သွားကြည့်တတ်ကြပါတယ်။ တနေ့မှာတော့ သံပြိုင်အော်ဆိုသံတွေဟာ အိမ်တအိမ်အနားအရောက်မှာ ရပ်သွားခဲ့တယ်။ အဲဒီအိမ်ဟာ အသက် (၆၀) အမျိုးသမီးကြီး တယောက်နေတဲ့ အိမ်ပါ။ သူ့အမျိုးသားဟာ လူငယ်ဘ၀တုန်းက စီးပွားရေးတွေ လုပ်ခဲ့ပါတယ်။ ခု အချိန်မှာ အမျိုးသမီးဟာလဲ ဆံပင်တွေဖြူ အိုကြီးအိုမနဲ့ ဇရာထောင်းနေ ပါပြီ။ သူတို့ ပစ်မှတ်က အမျိုးသမီးကြီး ဆီကိုပါပဲ။ တပ်နီတော်တွဟာ နားဆွဲလေး တခု ဓာတ်ပုံဘောင် နောက်မှာ ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို အိမ်ကနေ ဆွဲထုတ်၊ လက်ဖံလောက်ရှိတဲ့ သစ်သားတုတ်နဲ့ ရိုက်သတ်လိုက်ကြပါတယ်။
 
ကျွန်မ အဖွား ပြောပြတာက အဲဒီဆောင်းရာသီမှာပဲ နာမည်အစမှာ “ဖူ” လို့ပါတဲ့ အမျိုးသားတဦးကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံ မထူထောင်ခင်တုန်းက ရွာမှာ မြေပိုင်ရှင် တဦးဖြစ်ခဲ့တဲ့အတွက်၊ ဒါဟာ “ကြီးလေးတဲ့အပြစ်၊ ယုတ်မာတဲ့လုပ်ရပ်” ဆိုပြီးတော့ တပ်နီတော်က ဖမ်းဆီးပါတယ်။ တပ်သားတွေဟာ သူကို ဖမ်းခေါ်၊ ရေခဲနေတဲ့ မြစ်မှာ တွင်း တတွင်းတူး၊ သူ့ကို ကျောက်တုံးကြီး တတုံးနှင့် ချည်ပြီး၊ အဲဒီတွင်းထဲကို တွန်းချက်လိုက်ကြပါတယ်။ ပထမတော့ ငိုသံတွေ ကြားရတယ်၊ နောက် ရေထဲ ရုန်းသံတွေကြားရတယ်။ နောက်ဆုံး အားလုံးဟာ တိတ်ဆိတ်သွားပြီး လေတိုက်သံတွေပဲ ကြားနေရပါတယ်။
 
အဲဒီတုန်းက ကျွန်မရဲ့ အဘေး၊ ဦးလေးရဲ့ အဘိုးဟာ သူ့အတွေးနဲ့ သူ ကြောက်ရွှံနေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ သူ့ပိုင်ဆိုင်မှုတွေကို လောင်းကစားလုပ်လို့ ကုန်သွားပေမယ့် သူရဲ့ အတိတ်က အကြောင်းအရာတွေ အပေါ် ရာပေါင်းများစွာသော မျက်လုံးအစုံတွေ ကြည့်နေကြတယ်လို့ ထင်နေခဲ့ပါတယ်။ သူဟာ ကွန်ဖြူးရှပ် အတွေးအခေါ်ကို တတ်ကျွမ်းတဲ့၊ ကျောင်းဆရာတဦး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကိုယ်လုပ်တော်တဦး ခေါ်ထားခဲ့ပြီး မျိုးချစ်ကူမင်တန် အကျ၊ ကွန်မြူနစ်အကြို ကာလတွေမှာ ရွာလူကြီး လုပ်ခဲ့ပါတယ်။ ဂျပန်တွေ သိမ်းထားတာကြောင့် ရွာက ဂျပန်တပ်တွေ ဖြတ်သွားရင် သက်ညှာခွင့်ရဖို့ အစားအသောက်တွေ၊ လက်ဆောင် ပဏ္ဍာတွေ ပေးပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။
 
ကျွန်မ အမေကို သူပြောပြတာတခုက “သူတို့ (ဂျပန်) ဟာ တို့ရွာမှာ နေတုန်း လူ တယောက်မှ မသတ်ခဲ့ဘူး။ ဒါဟာ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ မဟုတ်လား။ တခြား အနီးအနားက ရွာတွေမှာဆို သူတို့ လူအတော်များများကို သတ်ခဲ့တယ်။ ငါ ကတော့ ငါ့ လုပ်ရပ်ကို မှားတယ်လို့ မထင်ဘူး” လို့ ပြောပြခဲတယ်လို့ ဆိုပါတယ်။
 
ယဉ်ကျေးမှုတော်လှန်ရေး ကာလမှာ တယောက်မှ အရေး မပါပါဘူး။ ကျွန်မရဲ့ အဘေးကို စင်ပေါ် အတင်းအဓမ္မ တက်ခိုင်းပြီးတော့ ခေါင်းမှာ ဦးထုတ်ရှည်ဆောင်းကာ၊ အပြစ်တခုချင်းကို စာရင်းပြုလုပ်၊ ဝေဖန်ရှုပ်ချတာတွေ လုပ်ကြပါတယ်။ ဦးလေး လီချိုင်းဟာ သူ့အဘိုးကို နောက်ထပ် လက်တုန့်ပြန်လာမှာ စိုးရိမ်တဲ့ အတွက် သူ့အဘိုးအိမ်ကို သွားပြီး ကိုယ့်ကိုယ် ကို ဝေဖန်ရေး လုပ်တဲ့ စာ ရေးဖို့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
 
“သူက အသက်လေ့ ကြီး၊ မျက်လုံးလေ့ သိပ်မကောင်းတာကြောင့်၊ သူက ပြောပြ၊ ငါကရေးပေါ့။ ငါကပဲ တပ်နီတော်တွေ ကြားချင်တဲ့စကားတွေကို လမ်းညွှန်ပေးခဲ့တယ်။ တချို့စာကြောင်းတွေဆို မှတ်မိသေးတယ်။ ‘ကျွန်တော်ဟာ (၁၈၉၉) မှာ မွေးခဲ့ပါတယ်၊ ရှစ်နှစ်သားမှာ အပြင်ဆရာတွေဆီမှာ စာအုပ်လေးအုပ်နဲ့ ဂန္တ၀င်စာအုပ် (၅) ကို စ လေ့လာခဲ့ပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်အတိတ်အကြောင်းကို လေးလေးနက်နက် သုံးသပ်ဆင်ခြင်ပါ့မယ်’ ’’ လို့ ဦးလေးက ပြောပြပါတယ်။
 
ဒါပေမယ့် ဦးလေးဟာ သူ့အဘိုး အနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီးတော့ တပ်နီတော်တွေကို အပြစ်မတင်ပါဘူး။ “ငါတို့ဟာ ဥက္ကဋ္ဌကြီး  မော်ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်တာ၊ သစ္စာရှိတာ။ ပိုပြီး အရေးကြီးတာက ငါတို့ဟာ ကောင်းတာတွေ၊ အဓိပ္ပာယ်ရှိတာတွေကို လုပ်နေတယ်လို့ ယုံကြည်တယ်။” လို့ ဆိုပါတယ်။ နောက်ပြီးတော့ သူက “တရုတ် ဆိုရှယ်လစ်စနစ်ဟာ တန်ပြန်တော် လှန်ရေးသမားတွေရဲ့ စိန်ခေါ်မှုတွေကို အကြီးအကျယ် ခံနေရတယ်” တဲ့။
 
(၁၉၇၆) ခုနှစ်မှာတော့ အရာရာဟာ အဆုံးသတ်သွားခဲ့တယ်။ အဲဒီနှစ် ဇူလိုင်လမှာပဲ ငလျင်လှုပ်ပြီး ဦးလေးရွာက ရွာသားတွေ အတော်များများ သေဆုံး သွားကြတယ်။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ တဲတွေလဲ ပြိုလဲသွားခဲ့တယ်။ စက်တင်ဘာလမှာ မော်စီတုန်း ကွယ်လွန် အနိစ္စရောက်တယ်။ အောက်တိုဘာလမှာပဲ ယဉ်ကျေးမှုတော်လှန်ရေးကို တွန်းပို့ခဲ့တဲ့ နိုင်ငံရေး သြဇာရှိအုပ်စု ဖြစ်တဲ့ လေးဦးဂိုဏ်းကို ဖြိုခွဲလိုက်ပြီဆိုတဲ့ ကြေညာချက်ကို ဦးလေးဟာ ရွာက အသံချဲ့စက်ကနေကြားလိုက်ရပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးသွားပါပြီ။
 
အချိန်ကာလတခုဟာ ပျက်ကြွေသွားခဲ့ပါပြီ။ ဦးလေး လီချိုင်းဟာလည်း တဖန် လယ်သမားဘ၀ ပြန်ရောက်သွားခဲ့ရပါတယ်။ အဲဒီကာလက ရိုက်ထားတဲ့ သူ့ဓာတ်ပုံတပုံမှာဆို သူဟာ အစိမ်းရောင် စစ်ဘောင်းဘီ၊ စစ်ဦးထုတ် ဆောင်းထားတဲ့ ငယ်ငယ်ရွယ်ရွယ်၊ ပျော်ပျော်ရွှင် လူငယ်လေး တဦး အဖြစ် တွေ့ပါတယ်။
 
တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်စနစ်နဲ့ ဦးလေးရဲ့ ဘ၀ တွေဟဟာ ဘာ တိုးတက်၊ ပြောင်းလဲမှုမှ ရှိမလာခဲ့ပါဘူး။ သူရဲ့ နုစဉ်ကာလက အချိန်တွေကို  ပေးဆပ်ပြီး တန်ဖိုးထားတိုက်ပွဲဝင်ခဲ့တဲ့ အရာတွေကို တရုတ်ပြည်ဟာ စွန့်လွှတ်သွားပြီ ဆိုပြီးတော့ နားကျည်း ခံစားနေရပါတယ်။ သူ တန်ဖိုးထားတဲ့ အရာဆိုတာ သူ့လို အလုပ်သမား လယ်သမားတွေဟာ တိုင်းပြည်ရဲ့ အရှင်သခင်တွေ ဖြစ်ခဲ့ကြတယ် ဆိုတဲ့ ဆိုရှယ်လစ် စနစ်ကို ဆိုလိုတာပါ။ သူငယ်စဉ်က လူတန်းစားခွဲခြားမှု မရှိတဲ့ ဆိုရှယ်လစ်စနစ်ကို ယုံကြည်ခဲ့ပါတယ်။ သူကိုယ်တိုင် သုံးနှုန်းပြောတတ်တဲ့ ဥက္ကဋ္ဌ မော်စီတုန်းရဲ့ “တပည့်ကောင်း” ဖြစ်ခဲ့တဲ့ သူ့အတွက် ခုထိ ဂုဏ်ယူနေတုန်း ပါပဲ။
 
(၁၉၅၀) နောက်ပိုင်းကာလက  စီးပွားရေး ထုတ်ကုန်တိုးတက်ဖို့၊ ချက်မှတ်ခဲ့ပေမယ့်  တကယ့်တကယ်မှာ တရုတ်ပြည်ကို ဒုက္ခပင်လယ်ဝေ အငတ်ဘေးဆိုက်စေခဲ့ မော်စီတုန်းရဲ့ မဟာခုန်ပျံကျော်လွှားရေး စီမံကိန်းကာလမှာ ဦးလေး လီချိုင်းဟာ သံမဏိ အရည်ကျိုရာမှာ သုံးဖို့ သူ့ အဖေအမေတွေဆီက လယ်ယာသုံး ပစ္စည်းတွေ အပါအ၀င် တခြား သံထည် ပစ္စည်းတွေကို လှူဒါန်းဖို့ တိုက်တွန်းခဲ့တဲ့ ကလေးလေး တယောက်ပါ။ အခုအချိန်ထိ သူဟာ မော်စီတုန်းလို့ နာမည်တပ်မခေါ်ဘဲ၊ ဥက္ကဋ္ဌကြီးမော်လို့ပဲ အမြဲ သုံးနေတုန်းပါပဲ။
 
ဒါပေမယ့် မညီမျှမှုတွေ မြင့်မားနေတဲ့ တရုတ်ပြည်မှာ ရယ်စရာ ဖြစ်နေတာကတော့ ဦးလေးချိုင်း ပါပဲ။
ကျွန်မ ဦးလေးဟာ ခုအချိန်ထိ တန်ဂျင်း ဆင်ခြေဖုံးက လယ်သမားတဦးပါ။ သူပြောတာက တလကို အမေရိကန် (၁၅) ဒေါ်လာထက် မပိုတဲ့ ပင်စင်ကြေးကို အစိုးရက ထောက်ပံ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကြောင်းတွေကိုတော့ အဂုထိ ပြောချင်နေတုန်း ပါပဲ။ “ယဉ်ကျေးမှုတော်လှန်ရေး ရည်ရွယ်ချက်က ကောင်းတယ်” လို့ အခိုင်အမာ ဆိုနေတုန်းပါပဲ။ “အဂု ငါတို့ လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကောင်းတဲ့စိတ်ဓာတ်တွေ မရှိသလောက်ပဲ”။
 
“ယဉ်ကျေးမှုတော်လှန်ရေး ကာလတုန်းက ဘယ်သူမှ အာဏာကို အလွှဲသုံးစား မလုပ်ရဲဘူး။ လယ်သမား၊ အလုပ်သမားတွေဟာ တိုင်းပြည်ရဲ့ တကယ့် အရှင်သခင်တွေလိုပဲ။ ဒီနေ့ ကြည့်လိုက်ပါလား။ အရာရှိတွေဟာ အရှင်သခင်တွေ။ ဒီတိုင်းပြည်မှာ အရင်းရှင်တွ နေရာတိုင်း ပြည့်နေတယ်။ ငါ ပြောရဲတာတခုက (၉၉) ရာခိုင်နှုန်းသော ကျေးလက်အရာရှိတွေဟာ သူတို့ အရွေးချယ်ခံရဖို့ တံစိုးလက်ဆောင်တွေ ပေးနေကြတယ်” လို့ ဦးလေးက ဆိုပါတယ်။ တရုတ်ပြည်မှာ အရာရှိ အချို့ကို တ၀က်တပျက်ဒီမိုကရေစီ နည်းဖြင့် ရွေးချယ်ထားတာ ဖြစ်ပါတယ်။
 
(၂၀၁၃) အစောပိုင်းက တရုတ်သမ္မတ ဇီကျင်းပင်ဟာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို အကောင်အထည်ဖော်ခဲ့တယ်။ အဲဒီ အချိန်မှာ သူ့ ဓာတ်ပုံဟာ ဦးလေးရဲ့ အိမ်နံရံမှာ တွေ့ခဲ့ရပါတယ်။ ဦးလေး လီချိုင်းဟာ အဲဒီတုန်းက စိတ်လှုပ်ရှားနေခဲ့တယ်။ စကားပြောတဲ့အခါ မော် ဦးဆောင်ခဲ့တဲ့ တရုတ်နိုင်ငံရေးထဲ ဖောက်ပြန်ရေး သမားတွေကို ရှင်းထုတ်ခဲ့တဲ့၊ ဟောင်း (၄) ဟောင်း သန့်စင်ရေး လှုပ်ရှားမှုဆီ ပြန်ပြန် ဆက်စပ်သွားလေ့ ရှိပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးအသစ် မဖြစ်လာတဲ့အတွက် ဦးလေး လီချိုင်း တော်တော် စိတ်ပျက်သွားခဲ့ပါတယ်။ မကြာခင်ကပဲ သူ့အိမ်ကို လည်ပတ်တဲ့အခါ ဇီကျင်းပင်ပုံကို သူ့ အိမ်နံရံမှာ အလှဆင်ထားတာ မတွေ့ခဲ့ရတော့ပါဘူး။ ဦးလေး လီချိုင်းက ဆက်ပြီး စောင့်မျှော်လျက်ပါ။

(Foreign Policy Magazine မှ Karoline Kan ရဲ့ My Uncle was a Red Guard in China’s Cultural Revolution. He Isn’t Sorry ကို လင်းကျော်အောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top