Monday, May 16, 2016

မလုံခြုံတော့တဲ့ စစ်တွေ

နှင်းသွန်းအိမ် ၊ မေ ၁၅ ရက်
 
ဒီကနေ့ မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၀န်းကျင် စစ်တွေမြို့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်နယ်မြေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကန်တော်ကြီးရပ်ကွက်၊ အာကျိပ်တော်ကုန်းမှာ ပေါက်ကွဲခဲ့တာပါ။

သက်ဆိုင်ရာ နယ်မြေ တာဝန်ခံတွေရဲ့ ဖြေကြားချက်အရ “ပေါက်ကွဲမှုက ဟုတ်ပါတယ်။ ဗုံးပေါက်တာလား ဘာပေါက်တာလဲ အတည်မပြုနိုင်သေးပါဘူး” စစ်တွေနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အေးခင်မောင်က ပြောပါတယ်။

ဒီမိုကရေစီ အစိုးရ ၆ နှစ်ကာလမှာ စစ်တွေမြို့မှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အနီးစပ်ဆုံးပြောရမယ်ဆိုရင် ရက်ပေါင်း ၄၀ အတွင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာ နေရာနှစ်ခုရဲ့ အကွာအဝေးဟာ ၄ ဖာလုံခန့်သာ ရှိပါတယ်။
 
ပထမအကြိမ် ပေါက်ကွဲမှု ဗဟိုဆုံချက်ရဲ့ လက်ဝဲလက်ယာမှာ တပ်မတော်၊ ရဲတပ်ဖွဲ့များရဲ့ လှည့်ကင်းနဲ့ ကင်းတဲစခန်းတွေ အဖြစ် လေဆိပ်လမ်း ဗလီဝတ်ပြုကျောင်းမှာ ရဲကင်းစခန်း တစ်ခု၊ လေဆိပ်လမ်း ဗလီဝတ်ပြုကျောင်းရှေ့မှာ တပ်မတော် ကင်းစခန်းတစ်ခု၊ လေဆိပ်လမ်း အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှာ ရဲကင်းစခန်း တစ်ခု၊ အလိုတော်ပြည့်ကျောင်းရဲ့ အရှေ့တောင်အရပ်မှာ ရဲကင်းစခန်းတစ်ခု ရှိနေတဲ့အပြင် တက္ကသိုလ်ရပ်သာလမ်း - ဘုမေရထားလမ်းမှာ ရဲကင်းစခန်း နဲ့ မေယုလမ်းမပေါ် ရဲကင်းစခန်းတစ်ခု စုစုပေါင်း ကင်းတဲ ၆ ခုဟာ ပေါက်ကွဲမှုဖြစ်ပွားရာ ဗဟိုဆုံချက်ရဲ့ ကိုက် ၅၀၀ အတွင်းမှာ ရှိပါတယ်။
 
ဒါ့အပြင် မေယုလမ်းမတလျှောက် ပြည်နယ်အဆင့် စီမံကိန်းဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေး၊ အာမခံလုပ်ငန်း၊ ပညာရေးမှူး၊ သာသနာရေး၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး၊ လျှပ်စစ်ဓာတ်အား စတဲ့ ရုံးတွေဟာ ပေါက်ကွဲမှုရဲ့ မျက်နှာစာ လမ်းမပေါ်မှာ တည်ရှိနေတာပါ။
 
ဒီလို လုံခြုံရေး ကင်းတဲစခန်းတွေနဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ရုံးများ တည်ရှိတဲ့ မြို့တော်ရဲ့ ဗွီအိုင်ပီ လမ်းမ မေယုလမ်းက RiA – Root Investigative Agency ရဲ့ အယ်ဒီတာချူပ် ဦးမင်းမင်း နေအိမ်ဟာ မတ်လ ၁၀ ရက်နေ့ ညသန်းခေါင်းယံအချိန်မှာ ဗုံးတိုက်ခိုက်ခံခဲ့ရပါတယ်။
 
တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် ပြည်နယ်အဆင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးသူများက ယခုအချိန်ထိ လက်သည်တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
 
ပြည်နယ်မြို့တော်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး တာဝန်ရှိသူများရဲ့ ပေါ့ဆမှုက မြို့တော်နေ ပြည်သူများရဲ့ ထိတ်လန့်မှုကို ပိုမို မြင့်တက်လာစေပါတယ်။
 
ဧပြီလ နောက်ဆုံး သီတင်းပတ်ကစပြီး ရခိုင်ပြည်နယ်ရဲ့ ၀င်ပေါက်ထွက်ပေါက်တွေကို ဒေသအာဏာပိုင်တွေက တင်းကျပ်စွာ စစ်ဆေးမှုတွေပြုလုပ်နေပေမယ့် ယခု စစ်တွေပေါက်ကွဲမှုဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အားနည်းမှုကို သိသာစွာ မီးမောင်းထိုးပြလိုက်ပါပြီ။
 
ဒီပေါက်ကွဲမှုတွေရဲ့ တရားခံ သို့မဟုတ် ဖြစ်စဉ်တွေကို မဖော်ထုတ်နိုင်ဘူးဆိုရင်တော့ မြို့တော်ရဲ့ တည်ငြိမ်အေးချမ်းမှုဟာ အစဉ်အမြဲ ခြောက်လန့်ခံနေရပါလိမ့်မည်။
 
မြို့တော်ရဲ့ လုံခြုံရေးကို ထပ်ပြီး အထူးပြုရမယ်ဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ စက်ရုံစု မီးလောင်ကွင်းမှာ ယာယီနေထိုင်သူတွေက ကွင်းအတွင်းမှာ ရှိတဲ့ နေအိမ်တွေကို မင်းမဲ့စရိုက်ဆန်ဆန် နေအိမ်တွေကို ပိုင်ရှင်မဲ့ဆိုပြီး ညကြီး အချိန်မတော် အမှောင်အားပြုပြီး ဖြိုဖျက်ခဲ့ကြပါတယ်။
 
လူနေအိမ်တွေသာ ပြိုဖျက်သွားကြပြီး ဘယ်သူမှ အရေးယူခံရတော့ မတွေ့ရပါဘူး။
စစ်တွေမြို့ဟာ ၂၀၁၀ ဒီမိုကရေစီ အစိုးရလက်ထက် ငါးနှစ်တာ ကာလမှာ ညမထွက်ရ အမိန့်အောက်မှာ  မလွှတ်လပ်စွာနဲ့ တည်ငြိမ်ခဲ့ရပါတယ်။
 
အရေးပေါ်အခြေအနေဆိုင်ရာ ကြေညာချက်ကို ရုပ်သိမ်းခဲ့တာဟာ လပိုင်းမျှသာ ရှိပါသေးတယ်။
တည်ငြိမ်မှုတွေကို မဆုံးရှုံးစေချင်ပါဘူး။
 
ဒီနေရာမှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို အကြံပြုလိုတာက  ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံးဖော်ထုတ် စုံစမ်းပေးသင့်ပါတယ်။
 
ရခိုင်ပြည်နယ်ရဲ့ တရားခံပြေးလွှတ်မြောက်မှုဟာ မြန်မာတစ်နိုင်ငံလုံးမှာ ၁၁၆၁ ဦးထိ ရှိနေပြီး စတုတ္တ အဆင့်ရှိနေတယ်ဆိုတာကို ၂၀၁၅ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ပြည်သူတွေရဲ့လုံခြုံရေးကို ခြောက်လန့်နေတဲ့ အရာတွေပဲဖြစ်ပါတယ်။

ပြည်နယ်မြို့တော် စစ်တွေမြို့ရဲ့ လုံခြုံရေးကို သေချာ မထိန်းကွပ်နိုင်ဘဲ ပေါက်ကွဲသံတွေ ဆက်လက် ကြားလာခဲ့တယ်ဆိုရင်တော့ ပြည်သူတွေကတော့ လုံခြုံကြတယ်လို့ ခံစားနိုင်ကြတော့မှာ မဟုတ်ပါဘူး။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top