မင်းမျိုးနွယ်/RiA ၊ ဧပြီ ၂၄ ရက်
ပြည်တွင်းစစ်ပွဲများ အမြန်ဆုံးရပ်စဲပေးဖို့ တောင်းဆိုမှု တစ်ရပ်ကို ပြုလုပ်နိုင်ရန် စစ်တွေမြို့နယ်တွင် ဧပြီ ၂၂ ရက်နေ့က အစည်းအဝေးကြီးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် ရခိုင်အမျိုးသား ပါတီက ကြေညာချက်ထုတ် တောင်းဆိုခဲ့သလို ယနေ့ ဧပြီ ၂၄ ရက်နေ့တွင် မြောက်ဦးမြို့နယ် အတွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုများက အစည်းအဝေးကြီးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုများ ဆက်တိုက် မြင့်မားလာပြီး စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်မှာ တိုးပွားလာလျှက်ရှိသည်။
ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ တိုးပွားလာမှု၊ ပေါ်တာဆွဲမှုများ ရှိလာခြင်းနှင့် ပြည်သူလူထုအား ညှင်းပမ်းနှိပ်စက်မှုများ ရှိလာမှုတို့ အဆုံးသတ်ပေးရေးလည်း လာမည့် မေလ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အရေးကြီး အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သော မြောက်ဦး လူထုအစည်းအဝေးကို ရခိုင်ပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ခမီအမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အပါအဝင် လူအင်အား ၂၀၀ ကျော်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ယင်းအစည်းအဝေးမှ တိုက်ပွဲများ ဖြစ်ပွားနေမှုအား ရပ်တန့်ပေးရန် မေလ ၁ ရက်နေ့တွင် ဆန္ဒဖော်ထုတ်မှုတစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ လက်ရှိမြန်မာနိုင်ငံအတွင်းနဲ့ ရခိုင်ပြည်နယ် ထဲမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ညီလာခံကြီး ပြုလုပ်ပေးဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်သွားဖို့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ရပ်မိရပ်ဖတွေက သဘောတူဆုံးဖြတ်ခဲ့ပါတယ်။”ဟု မြောက်ဦးမြို့ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောကြားခဲ့သည်။
0 comments:
Post a Comment