Thursday, April 21, 2016

ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ အုပ်ချူပ်ရေးမှူးရွေးချယ်မှု အငြင်းပွားမှုရှိ

ကိုဇိုင်း/RiA ၊ ဧပြီ ၂၁ ရက်

ရသေ့တောင်မြို့နယ်၊ မစဲကမ်းတွင် တည်ရှိသည့် အိမ်ခြေ ကိုးရာနီးပါးရှိသော ကူတောင်ကျေးရွာ၏ ရပ်ကျေး အုပ်ချူပ်ရေးမှူး ရွေးချယ်မှုတွင် အငြင်းပွားမှု နှစ်ကြိမ်တိုင် ဖြစ်ပေါ်ခဲ့ပြီး ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် စစ်တွေမြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။


ကူတောင်ရပ်ကျေး အုပ်ချူပ်ရေးမှူး ရွေးချယ်ပွဲကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် တစ်ကြိမ် ၊ ဧပြီလ ၉ ရက်နေ့တွင် ထပ်မံ၍ တစ်ကြိမ် နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီးနောက် ပထမအကြိမ် ရွေးချယ်မှုတွင် အနိုင်ရရှိခဲ့သည့် ဦးသိန်းအောင်က ဒုတိယအကြိမ် ရွေးချယ်မှုသည် အထက်က ညွှန်ကြားချက် တစုံတရာ မရရှိဘဲ လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ်က ယှဉ်ပြိုင်ခဲ့သူများ၊ နယကနေရာက ဦးဆောင်ခဲ့သူများလည်း မပါဝင်ကြောင်း ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး ဒုတိယအကြိမ် ရွေးချယ်မှုသည် တရားမ၀င်ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ရွေးချယ်မှုတွင် အနိုင်ရရှိခဲ့သူမှာ ဦးမောင်ဆန်းဝင်း ဖြစ်ပြီး ပထမအကြိမ် ရွေးချယ်မှုပြုတုန်းကလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကာ ယင်းအချိန်က အနိုင်ရရှိသူ ဦးသိန်းအောင်နှင့် တစ်မှတ်ကပ်လျှက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရသည်။

RiA မှ ဦးမောင်ဆန်းဝင်းကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့သဖြင့် ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနသို့ ဆက်သွယ်ခဲ့ရာတွင်  "ဒုတိယအကြိမ်ရွေးချယ်မှုက တရားဝင်ပါတယ်။ ပြည်နယ်က ညွှန်ကြားချက်တွေနဲ့ ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်" ဟု ရပ်ကျေး အုပ်ချူပ်ရေးမှူး ရွေးကောက်တင်မြှောက်ပွဲသို့ ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ခဲ့သော ဦးစိုးဝင်းနိုင်က ပြောသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ဦးသိန်းအောင်ကတော့ ဒုတိယအကြိမ် ထပ်မံ ရွေးကောက်တင်မြှောက်မှုပြုလုပ်တာကို လက်မခံကြောင်း၊ ရပ်သူရပ်သားတွေရဲ့ လက်မှတ် ၄၀၀ ကျော်ကို ကောက်ခံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တိုင်ကြားထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top