ကိုဇိုင်း/RiA ၊ ဧပြီ ၂၂ ရက်
ရသေ့တောင်မြို့နယ်၊ဘူးသီးတောင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်နေရာများကို ပြည့်သူလွှတ်တော် အမတ် ဒေါ်ခင်စောဝေ၊ပြည်နယ်လွှတ်တော် အမတ် ဦးသန်းနိုင်နှင့် ရခိုင်အမျိုးသားပါတီမှ ပါတီဝင်များက စားနပ်ရိက္ခာပစ္စည်းများ သွားရောက်လှူဒါန်း ပေးလျှက်ရှိနေတယ်လို့ သိရပါတယ်။
ခရီးစဉ်တစ်လျှောက် စစ်ဘေးရှောင်တွေနဲ့ ပိုမိုတွေ့ရှိလာတာနဲ့ ပါတ်သက်ပြီး ရခိုင်ဒေသတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲများ ရပ်တန့်မှုများ မရှိသေးပါက အမြန်ဆုံးငြိမ်းချမ်း ရေး ရရှိစေရန်အတွက် လာမယ့် မေ ၂ ရက်နေ့ လွှတ်တော်အတွင်း အရေးတကြီး အဆိုအဖြစ်တင်သွင်းမှာ ဖြစ်တယ်လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။
“ရခိုင်ဒေသက လူတွေက တောတောင်၊ ပင်လယ်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေကြရတာ၊ ခုက တောကို မထွက်ရဲ၊ ပင်လယ်ကို မသွားရဲဖြစ်နေကြပြီး၊ ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုလားနေကြတယ်၊ စစ်မဖြစ်စေချင်ကြဘူး။ ဒါကြောင့် တိုက်ပွဲတွေ မရပ်တန့်သေးရင် တစ်ဘက်နဲ့ တစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးခွင့်ရအောင် လွှတ်တော်ထဲမှာ အရေးတစ်ကြီး အဆို အဖြစ် တင်သွားပါမယ်"
ရသေ့တောင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ပဲသဒူ ကျေးရွာမှာ ၁၀၃ ဦး၊ရေကောင်းချောင်းမှာလည်း စစ်ဘေးရှောင်များ လာရောက်ရန်ရှိပြီး ၊ရေစိုချောင်းမှာ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် သီးသန့်နေရာထားတာမရှိဘဲ နီးစပ်ရာ ဆွေမျိုးများထံမှာ ခိုအောင်းနေကြရတယ်လို့ ဒေါ်ခင်စောဝေက သူတို့ခရီးစဉ်ရဲ့ တွေ့ရှိချက်ကို ဆိုပါတယ်။
“ ကျမတို့ ပြည်သူတွေ အသံကို နားထောင်တယ်၊ တိုက်ပွဲ ကာလအတွင်းမှ ပေါ်တာဆွဲမှုတွေဖြစ်ပေါ်ရင် လည်း ကျမတို့ကို ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ် ၊ ရေစိုချောင်းမှာ ပေါ်တာဆွဲသွားတာ ၂ ယောက်သုံးယောက်ရှိတယ် လမ်းပြဖို့ ခေါ်သွားတာလို့ပြောကြတယ်၊ ပဲသဒူမှာကျတော့ ၃ ဦး၊ အဘုရွာက လေးဦး ပထမလူတွေက ပြန်ရောက်ပြီ ဒုတိယ တစ်ခေါက်ခေါ် သွားကြတဲ့ လူတွေတော့ ပြန်မရောက်ကြသေးဘူး “
လက်ရှိအခြေနေမှာတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဘူးသီးတောင်၊ရသေ့တောင် ပေါင်းပြီး လူဦးရေ ၄၀၃ ဦးနီးပါးခန့်ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

0 comments:
Post a Comment