လာမည့် မေလ ပထမသီတင်းပတ်မှ စတင်ကာ မိုးမ၀င်ရောက်မီအချိန်ထိ ရခိုင်ပြည်နယ်၏ ကျေးရွာ ၃၀၀ ခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ ခန့်မှန်းထားသလောက် မေလအစမှာပဲ ရွာပေါင်း ၃၀၀ လောက်က ရေရှားမှုနဲ့ ကြုံ့တွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်သလောက် လုပ်နေကြပါတယ်။ ကျွန်တော်တို့ အင်တိုက်အားတိုက် ဖြေရှင်းပေးသွားမှာပါ။" ဟု ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းဝေက RiA ကို ပြောသည်။
၎င်းဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၏ မြောက်ဘက်ပိုင်း ဒေသဖြစ်သော ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော စသည့် မြို့နယ်များမှာ သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၏ သောက်သုံးရေပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် ကျေးလက်ဒေသ ဦးစီးဌာနမှ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း လက်တူးတွင်းပေါင်း ၂၁၉ တွင်း၊ မြေသားကန်ပေါင်း ၃၀၈ ကန်၊ စိမ့်စမ်းပေါင်း ၄၉ ခု ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သော်လည်း ယခုနှစ်တွင် လိုအပ်ချက်အရ ထပ်မံတူးဖော်မှုပြုနိုင်ရန် ဆောင်ရွက် သွားမည်ဟု ဦးထွန်းဝေက ဆက်လက်ပြောကြားခဲ့သည်။

0 comments:
Post a Comment